နာဂစ် မိဘမဲ့မှတ်တမ်းကား ဆုရရှိ

မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း မိဘမဲ့ဖြစ်ပြီး ကျန်ရစ်ခဲ့တဲ့ ကလေးတွေအကြောင်းကို ရိုက်ကူးထားတဲ့ ဗွီဒီယို မှတ်တမ်းတိုလေး တခုကို Children Rights Award ဆု ချီးမြှင့်ခံရပါတယ်။ အင်္ဂလန်နိုင်ငံ အခြေစိုက် One World Award အဖွဲ့က ဒီဆုကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီမှတ်တမ်းတင်ကား ဖြစ်မြောက်အောင် ရိုက်ကူးခဲ့တဲ့ ဗွီဒီယို သတင်းထောက် အဖွဲ့ထဲက မြန်မာလူငယ် သတင်းထောက်တယောက်ကို ဆက်သွယ်မေးမြန်းပြီး မခွာညိုက တင်ပြပေးထားပါတယ်။

ဒီမှတ်တမ်းတင် ဇာတ်ကားလေးကို ၂၀၀၈ ခုနှစ် မေလက စတင်ရိုက်ကူးခဲ့ပြီး ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းမှာမှ တည်းဖြတ်မှု ပြီးခဲ့တာမို့ ဒီဇာတ်ကား ပြီးမြောက်ဖို့အတွက် တနှစ်ကျော် ကြာခဲ့တဲ့အကြောင်း ကိုယ်တိုင်ပါဝင် ရိုက်ကူးခဲ့သူ ကိုအောင်ထွန်းက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“နာဂစ်စတိုက်ပြီးလို့ တပတ်လောက်ကစပြီး ကျနော်ကိုယ်တိုင်လည်း အဲဒီကိုသွားပြီး စရိုက်ခဲ့တာပေါ့။ အဲဒီအရုပ်တွေကို အခြေပြုပြီးတော့မှ အဲဒီဒေသက ကလေးတွေရဲ့ ဘဝအကြောင်းကို ကျနော် တောက်လျှောက် မှတ်တမ်းတင် ရိုက်ခဲ့တာ၊ အဲဒီဒေသကို သွားပြီးတော့ တနှစ်ကျော်လောက် ရိုက်ခဲ့တာပါ။ နောက်ပိုင်း ရေရှည်ရိုက်နိုင်တဲ့ လူကတော့ ၅ ယောက် ဝန်းကျင်လောက်ပဲ ကျန်ခဲ့ပါတယ်။”

ဒီမှတ်တမ်းရုပ်ရှင် ဖြစ်မြောက်လာအောင် အင်္ဂလန်နိုင်ငံ တီဗွီချန်နယ် ၄ နဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗွီဘီ) တို့ ပူးပေါင်း စီစဉ်ခဲ့တာဖြစ်ပြီး ဒီအစီအစဉ်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ သတင်းလက်လှမ်း မမီနိုင်တဲ့ နိုင်ငံတွေက အဖြစ်မှန်တွေကို ဒေသခံ သတင်းထောက်တွေနဲ့ ပူးပေါင်းပြီး ကမ္ဘာကသိအောင် စီစဉ် တင်ဆက်ပေးနေတဲ့ အစီအစဉ်အောက်ကနေ ထုတ်လုပ်ခဲ့တာလို့လည်း ကိုအောင်ထွန်းက ရှင်းပြပါတယ်။

ဒီရုပ်ရှင်မှတ်တမ်းကား ဖြစ်မြောက်အောင် ရိုက်ကူးချိန်မှာ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရသလဲ ဆိုတာကို မေးကြည့်တော့ ကိုအောင်ထွန်းက အခုလို ပြောပါတယ်။

“ရိုက်ကူးတဲ့သူ တော်တော်များများကလည်း မှတ်တမ်းရုပ်ရှင်နဲ့ ပတ်သက်လို့ သေချာ လေ့လာဖူးတာမျိုး၊ အရင်ရိုက်ဖူးတာမျိုး မရှိပါဘူး။ ပထမဆုံး အတွေ့အကြုံ ဖြစ်တဲ့အခါကြတော့ အစပိုင်းကတော့ ရေရှည်လုပ်နိုင်ဖို့ သိပ်တော့ မကျိန်းသေခဲ့ပါဘူး။ ဒါပေမဲ့ ကျနော်တို့ ကြိုးစားပြီးတော့ လုပ်ခဲ့ပါတယ်။ နောက်တခုက ပုံမှန် သတင်းရိုက်နေတဲ့ ပုံစံကတော့ ကျနော်တို့ ဒေသတခုကို သွားရိုက်တယ်ဆိုရင် လုံခြုံရေး အကြောင်းအရာတွေအရ တချို့နေရာတွေကို ရှောင်ပြီးတော့ ပြန်မသွားဖြစ်တာမျိုး ရှိတယ်။

“မှတ်တမ်းရုပ်ရှင်ရဲ့ သဘောကျတော့ ဇာတ်ကောင်တခုကို သတ်မှတ်ထားတဲ့ အချိန်ကာလ တခုအတွင်းမှာ ဘယ်လို ပြောင်းလဲ တိုးတက်လာလဲ ဆိုတာမျိုး ရိုက်ကူးရမှာ ဖြစ်တဲ့အတွက် ကျနော်တို့ ပုံမှန်ရိုက်နေကြဟာနဲ့တော့ မတူဘူး။ မြန်မာပြည် အနေအထားနဲ့ဆို ပိုပြီးခက်တာပေါ့။ ဇာတ်ကောင်တွေကလည်း ဘယ်လောက်အထိ ကျနော်တို့နဲ့ ပူးပေါင်းပြီး လုပ်မယ်ဆိုတာလည်း မကျိန်းသေဘူး။

“ဒါပေမဲ့ တနှစ်လောက် ဇာတ်ကောင်တွေ ရှာဖွေပြီးတော့ ရိုက်ခဲ့တယ်။ သူတို့ရဲ့ ပူးပေါင်း ကူညီမှုနဲ့ပဲ ဒီလောက်အထိ ဖြစ်လာတယ်။ တနေရာတည်းမှာ ပုံမှန် သူတို့ မရှိကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ တချို့ရွာတွေ ပြောင်းရွှေ့ပြီး ရွာသစ်တည်ပေးတာမျိုး ရှိတယ်။ နောက်တခေါက် ပြန်သွားတဲ့အခါကျရင် ကိုယ်လိုက်ခဲ့တဲ့ ဇာတ်ကောင်က ဘယ်ရောက်သွားမှန်း မသိဘူး။ အဲလိုမျိုး မနည်းလိုက် မေးရ ရှာရတာမျိုးလည်း ရှိတယ်။ အဲဒီမှာ အခြေကျပြီး ကျန်ခဲ့တဲ့ ဇာတ်ကောင်မျိုးကိုပဲ အတော်ရှာယူရပါတယ်။

“ရိုက်ကူးရင်းနဲ့ အဲဒီဒေသမှာ လုပ်နေတဲ့ စစ်ဘက်ဆိုင်ရာ လုံခြုံရေး၊ အကုန်လုံးပေါ့၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး စသည်ဖြင့် အစိုးရနဲ့ ပတ်သက်တဲ့ လူတွေက ဓာတ်ပုံရိုက်ကူးတဲ့လူတွေကို သတင်းပေးတဲ့အတွက် ရိုက်ကူးရင်းနဲ့ ပြန်ပြီး တိမ်းရှောင် ပြေးလာရတာမျိုးလည်း ရှိပါတယ်။ အခက်အခဲကတော့ အများကြီးပါပဲ။”

မှတ်တမ်းရိုက်ကူးနေရင်း ဇာတ်လမ်းထဲမှာပါတဲ့ ကလေးတွေကို စောင့်ရှောက်ထားသူတွေက လုံခြုံရေး အခြေအနေအရ ဆက်ပြီး ရိုက်ကူးခွင့် ပေးတာမျိုး မရှိတော့သလို ဒေသခံ အာဏာပိုင်တွေရဲ့ နှောင့်ယှက်မှုကို ခံခဲ့ရတာတွေလည်း ရှိခဲ့ကြောင်း ကိုအောင်ထွန်းက ပြောပြခဲ့ပါတယ်။

“ကျနော်တို့ ရိုက်ကူးတဲ့ ကင်မရာမင်းတယောက်၊ သူ့ကို နာမည်အတိုကောက် T လို့ ခေါ်ပါတယ်၊ သူဆိုရင် ထောင်ထဲမှာပဲ ရှိပါသေးတယ်။ ၂၀၀၈ ရိုက်ကူးပြီး နောက်ပိုင်း ၂၀၀၉ အတွင်းမှာ သူ အဖမ်းခံရပါတယ်။ ဒီဆုကလည်း ကျနော်တို့ လုပ်ဖော်ကိုင်ဘက် သူ့ကို ရည်ရွယ်ပါတယ်။ သူသိစေချင်ပါတယ်။ နောက် ဒီကားမှာ ပါဝင်ခဲ့တဲ့ လူအားလုံး၊ အသံတွေ ပြောပြပေးတဲ့ ကလေးအားလုံး၊ အခုချိန်ထိ ရုန်းကန်နေရတဲ့ ကလေးအားလုံးကိုလည်း ဒီဇာတ်ကားက ရည်ညွှန်းပါတယ်။ ဒီကားနဲ့အတူ မြန်မာပြည်ထဲက လူတွေအားလုံးကိုလည်း ရည်ညွှန်းပါတယ်။” လို့ ကိုအောင်ထွန်းက ဆက်ပြောပြပါတယ်။

အခု ဆုချီးမြှင့်ခဲ့တဲ့ One World မီဒီယာအဖွဲ့ကြီးကို ၁၉၈၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကြားမှာ အချင်းချင်း ပိုပြီး နားလည်မှု ရှိလာရေး ရည်ရွယ် တည်ထောင်ခဲ့တာလို့ ဒီဆုရွေးချယ်ရေး အဖွဲ့ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ဒီအဖွဲ့သက်တမ်း ၂၂ နှစ်အကြာ ၂၀၁၀ ခုနှစ်အတွက် ကလေးအခွင့်အရေး မှတ်တမ်းဆုကိုတော့ မြန်မာပြည်က နာဂစ်မုန်တိုင်းအလွန် မိဘမဲ့ ကလေးတွေကို မှတ်တမ်းတင် ရိုက်ထားတဲ့ ရုပ်ရှင်ကားအတွက် ချီးမြှင့်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။