လက်ရှိ ကာလမှာ အာဖဂန် သုံးပုံတပုံ ငတ်မွတ်နေပြီး ကလေးတွေလည်း အစာအဟာရ ပြတ်တောက်မှုနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရပါတယ်။ ထွက်ပေါက် မရှိတဲ့ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဆင်းရဲ ချို့တဲ့သူ အာဖဂန်တွေဟာ ကလေးတွေကို ကျွေးမွေး စောင့်ရှောက်နိုင်ဖို့ ကလေးတယောက်ကို ရောင်းစားရတာမျိုး အထိ ကြံမိကြံရာ လုပ်လာနေကြကြောင်း ဗွီအိုအေ သတင်းထောက် Ayesha Tanzeem က သတင်းပေးပို့ထားပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
သူငယ်ချင်းတွေနဲ့ ကစားနေတဲ့ မိန်းကလေးငယ် Sideeqa ကတော့ သူမရဲ့ အနာဂတ်ကို မသိရှာပါဘူး။ ပြည်ပမှာ အလုပ်လုပ်နေတဲ့ အာဖဂန် တဦးထံကို ဒေါ်လာ ၂၀၀၀ လောက်နဲ့ သူ့မိဘတွေက ရောင်းထားပြီး ဖြစ်ပါတယ်။ သူမနည်းတူ ရောင်းစားခံထားရပြီးတဲ့ မိန်းကလေးတွေ အများကြီးပါ။ ရောင်းရန်လည်း ရှိပါသေးတယ်။
ဒီစခန်းထဲမှာ တွေ့တဲ့ မိန်းကလေးအများစုကတော့ အသက် ၁၀ နှစ်အောက် အရွယ်တွေ ဖြစ်ပုံရပြီး သူတို့ဟာ ရောင်းချထားပြီးသား ဒါမှမဟုတ်လည်း မိဘတွေက ဝယ်လက် လိုက်ရှာနေသူတွေ ဖြစ်ကြပါတယ်လို့ ဗွီအိုအေ သတင်းထောက် Ayesha Tanzeem က ပြောပြခဲ့တာပါ။ သမီးတွေကို ဘာကြောင့် ရောင်းရတာလဲလို့ မေးတော့ Abdul Aziz က စိတ်ဆိုးပါတယ်။
"ကလေးတွေက ငိုပြီး စားစရာ တောင်းကြလို့ သူတို့ကို အိပ်ဆေး ပေးရပါတယ်။ အရင်ကတော့ ကျနော်တို့ဟာ ချမ်းသာ ပြည့်စုံခဲ့ပါတယ်။ နောက်ပိုင်းမှာ မိုးခေါင်ရေရှား ဖြစ်တယ်၊ စစ်ကြောင့် အရွယ်ကောင်း အမျိုးသားတွေ သေဆုံးရတယ်။ Faryab ပြည်နယ်ကနေ Herat ကို ကျနော်တို့ ထွက်ပြေးလာခဲ့တာပါ။ အစိုးရသစ်လည်း တက်လာရော ဂျုံတအိတ်ကို ၂၅ ဒေါ်လာထိ ဈေးတက်သွားပါတယ်။ ကျနော်တို့ ဘယ်လို ဝယ်နိုင်မလဲ။ ဒီအခြေအနေမျိုးနဲ့ နေခဲ့ရတာ သုံးနှစ် ရှိပါပြီ။"
တခြားသူတွေ ငတ်ပြတ်မယ့် အရေးကနေ ကယ်တင်နိုင်ဖို့ ကလေးတယောက်ကို ရောင်းရတာလို့ မိဘတွေက ပြောပါတယ်။ စစ်ပွဲ၊ နောက် ကြာရှည်လာတဲ့ မိုးခေါင်ရေးရှားမှုကြောင့် အာဖဂန်နစ္စတန်မှာ အကြီးအကျယ် ဘေးဒဏ်သင့်နေတာပါ။ နိုင်ငံရဲ့ စီးပွားရေးက ပြည်ပ ထောက်ပံ့မှု အပေါ်မှာ အကြီးအကျယ် မှီခိုနေရပါတယ်။ ပြီးခဲ့တဲ့ ၆ လတုန်းက တာလီဘန်တို့ နိုင်ငံ အာဏာရယူပြီးချိန်မှာ နိုင်ငံတကာ ငွေကြေးထောက်ပံမှုတွေလည်း အဆုံးသတ်သွားတာ ဖြစ်ပါတယ်။ အာဖဂန် စီးပွားရေး ပြိုလဲမှုကြောင့် ဘဏ္ဍာရေး အခက်အခဲကို ပိုပြီး ဆိုးရွားစေပါတယ်။ အာဖဂန် ပြည်သူ ၉၀ ရာခိုင်နှုန်းရဲ့ တရက် ဝင်ငွေဟာ ၂ ဒေါ်လာတောင် မပြည့်ပါဘူး။ နိုင်ငံ လူဦးရေရဲ့ ထက်ဝက် နီးပါးက ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်နေရပါတယ်။ ကလေးငယ် တသန်းဟာ အစာအဟာရ မပြည့်ဝမှု ဆိုးဆိုးရွားရွားနဲ့ ရင်ဆိုင်နေရပါတယ်။
ထွက်ပေါက်မရှိတဲ့ အခြေအနေကို စိတ်ဆိုးနေတဲ့ Shireena ကတော့ အမှိုက်ထုပ်ကို ကြမ်းပေါ် ပစ်ချပြီး အော်ပါတော့တယ်။
"ကလေးတွေ အတွက် အစားအသောက် မရှိသလို ဆေးဝယ်စရာလည်း ပိုက်ဆံ မရှိပါဘူး။ ဒီလောက် အေးနေတာကို ကျမတို့ ဒီ ကျောက်တုံးတွေပေါ်မှာ နေနေကြရပါတယ်။ မီးလှုံစရာလည်း မရှိပါဘူး။ ကျမ သားက ဒီအမှိုက်တွေ ကောက်လာတာပါ။ ၅ ဆင့် - ၁၀ ဆင့်လောက်တော့ ဒီက ရနိုင်ပါတယ်။ ကျမတို့ ရှိတာ ဒါ အကုန်ပါဘဲ။"
Sideeqa ရဲ့ ဖခင်ဖြစ်သူကတော့ သူ့ သမီး ဆယ်ကျော်သက် ဖြစ်လာချိန်မှာ အခု ဝယ်သွားသူရဲ့ သားနဲ့ လက်ထပ်ဖို့ ဖြစ်ပါတယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း သမီး ဖြစ်သူကို ရောင်းလိုက်ရတာကြောင့် ဝယ်သွားသူက သူ့သမီးကို ပိုင်သွားတာ ဖြစ်ကြောင်း ၊ တယောက်ယောက်ကို ရောင်းနိုင်တယ်လို့လည်း သူက ပြောပါတယ်။
"သူက ငယ်ပါသေးတယ်။ သူ ဘာမှ မသိသေးပါဘူး။ အခုတော့ သူတို့က သူမကို ပိုင်သွားပါပြီ။ သူတို့ ကြိုက်သလို လုပ်နိုင်ပါတယ်။ ကျနော်တို့မှာ ရွေးချယ်စရာ မရှိတော့လို့ အခုလို လုပ်လိုက်ရတာပါ။ သူမရဲ့ အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ကျနော်တို့ မသိပါဘူး။"
Sideeqa ရဲ့ ဖခင်ဖြစ်သူက မေးတာတွေကို ဖြေနေချိန်မှာဘဲ အနားမှာ ဝိုင်းနေတဲ့ သူတွေလည်း ကြားဖြတ်ပြီး ဝင်ပြောကြပါတယ်။ ဘာမှ မရှိတဲ့ သူတို့ အနေနဲ့ ဘာများ လုပ်လို့ရမလဲလို့ သူတို့က မေးကြပါတယ်။ ဒီထဲက အမျိုးသမီး တဦးက ဆိုရင် ကျမတို့ ကလေးတွေကို တိရိစ္ဆာန်တွေလို ရောင်းတယ်လို့ ဆောက်တည်ရာ မရ စိတ်ဆိုး ဒေါသထွက်နေတဲ့ အသံနဲ့ ပြောပါတယ်။
---------------------------------