မီဇိုရမ်ပြည်နယ်ပြေးလာတဲ့ မြန်မာတွေကို ဒုက္ခသည်အထောက်အထားကဒ်များထုတ်ပေး

မြန်မာနဲ့နယ်ချင်းကပ် အိန္ဒိယအရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်။

[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်သူ တွေအတွက် ပြည်နယ်အစိုးရက ဒုက္ခသည် အထောက်အထား ကဒ်တွေ ဒုတိယအကြိမ် ထုတ်ပေးနေ ပါတယ်။ ကျန်ဖိုင်းခရိုင်နဲ့အိုက်ဇောလ်ခရိုင်ဘက်မှာ မြန်မာစစ်ပြေးဒုက္ခသည်ကို ID ကဒ် ထုတ်ပေးနေ ပြီး ကျန်တဲ့သူတွေကိုလည်း ဆက်လက်ထုတ်ပေးသွားဖို့ အစီအစဉ်ရှိတယ်လို့ မီဇိုရမ်ဒုက္ခသည် ကူညီရေးအဖွဲ့တာဝန်ရှိသူတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့လာတဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်နဲ့ အိုက်ဇောလ်ခရိုင်မှာ မြန်မာနိုင်ငံက စစ်ပြေးဒုက္ခသည် တွေကို ယာယီအထောက်အထားကဒ်ပြားတွေ မီဇိုရမ်ပြည်နယ်အစိုးရက ထုတ်ပေးနေပါတယ်။ ပြည်နယ်ထဲက ခရိုင်အလိုက် ကဒ်ပြားတွေ ထုတ်ပေးနေတာမှာ ကျန်ဖိုင်းခရိုင်အတွင်းမှာ ဒုက္ခသည် ၈,၅၀၀ ကျော် ကဒ်ပြားတွေ ရရှိထားပြီလို့ မီဇိုရမ် NGO United for Democratic Myanmar တွဲဖက် အတွင်းရေးမှူး ကိုရစ်ချတ်က ပြောပါတယ်။

“ဒုတိယအကြိမ ်ထပ်ထုတ်ပေးတယ်ဆိုတဲ့ဟာကလည်း စုစုပေါင်းပေါ့ သူတို့က။ စုစုပေါင်း ပုံစံမျိုးနဲ့ အကုန်လုံးကြေညာလိုက်တာပါ။ ကျန်ဖိုင်း District မှာ သူတို့ရဲ့စာရင်းအရ အဲဒီအထဲမှာ(၈,၅၀၀)ကျော် သူတို့ ID ကဒ်ပေးပြီးသွားပြီ။ Camp နေရာမှာမဟုတ်တဲ့နေတဲ့သူတွေလည်း မကြာခင်ရမှာပါ။ အခု စပြီးတော့ ထုတ်ပေးနိုင်ပြီဆိုတော့လေ။ လောလောဆယ် အဲဒီ District နှစ်ခုလောက်ပဲ ကြားမိတာပေါ့။”

ကျန်ဖိုင်းခရိုင်အတွင်း ဒုက္ခသည်စခန်း (၃၃) ခုရှိပါတယ်။ အဆိုပါ စခန်းတွေမှာ ဒုက္ခသည် ၂,၄၀၀ ကျော် ရှိပြီးတော့ တခြားနေရာတွေမှာ ခိုလှုံနေကြသူပေါင်း ၆,၃၀၀ ကျော်ရှိနေပါတယ်။ အခုတော့ ကျန်ဖိုင်းခရိုင်မှာ ခိုလှုံနေသူ အားလုံးနီးပါး ယာယီအထောက်အထားကဒ်ပြားတွေ ရရှိထားကြပါတယ်။ အိုက်ဇောလ်ခရိုင်ဘက်မှာလည်း ဒုက္ခသည်အသိမှတ်ပြုကဒ် လုပ်ပေးနေတယ်လို့ မီဇိုရမ်ရောက် ကလေးမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ရှားမီးကပြောပါတယ်။

“ပြည်နယ်အစိုးရကစီစဉ်တဲ့ဟာ။ ကျမတို့ ခရီးသွားနိုင်အောင်ရယ်။ ဘဏ်အကောင့်တွေ ဘာတွေ ဖွင့်လို့ ရအောင်။ ပြည်နယ်မှာ တရားဝင်နေထိုင်ခွင့် သဘောမျိုးပေါ့နော်။ ကဒ်လေးထုတ်ပေးထား တယ်။ အားလုံးနီးပါးရဖို့ စီစဉ်ဆောင်ရွက်နေတယ်။”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း ကျန်ဖိုင်းခရိုင်နဲ့ အိုက်ဇောလ်မြို့မှာ ပထမအကြိမ်အဖြစ် ဒုက္ခသည်အသိမှတ်ပြု Refugee ID ကဒ် (၄,၀၀၀) ကျော်ကို မီဇိုရမ်ပြည်နယ်အစိုးရက ထုတ်ပေး ခဲ့ပါတယ်။ ဒီရက်ပိုင်းမှာလည်း ထပ်မံလုပ်ဆောင်ပေးနေတာကြောင့် စုစုပေါင်း ထုတ်ပေးတဲ့ အရေ အတွက် မသိရသေးပေမယ့် အားလုံးနီးပါးရအောင် စီစဉ်နေတယ်လို့ မီဇိုရမ် NGO အဖွဲ့ တာဝန်ရှိသူ တွေက ပြောပါတယ်။

အလားတူ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ရိခေါ်တာရ်မြို့နယ်ဘက်မှာ ပုန်းခိုနေကြသူတွေကိုလည်း ဒုက္ခသည်အသိမှတ်ပြုကဒ်တွေ လုပ်ပေးနေတယ်လို့ ဒုက္ခသည်စခန်းနေ မရွှေအေးကပြောပါတယ်။

“ရှိတယ်။ ရှိတယ်။ Refugee ID ဆိုပြီး ကဒ်တွေ ထုတ်ပေးတယ်။ ပထမအသုတ်နဲ့ ဒုတိယအသုတ် ခွဲပြီးထုတ်တာ။ ဖေဖော်ဝါရီလလောက်မှာ တခါထုတ်တယ်။ အခုလည်း လုပ်တယ်။ စာရင်းတွေ ပေးပြီးတော့ မိသားစုအလိုက်ပေါ့နော်။ (၃,၀၀၀) ပတ်ဝန်းကျင်လောက်တော့ လုပ်ပေးပြီးလို့ ပြောတယ်။”

မီဇိုရမ်ပြည်နယ်အစိုးရ ထုတ်ပေးတဲ့ ယာယီအထောက်အထားကဒ်က ဒုက္ခသည် အသိအမှတ်ပြုကဒ် လည်း ဖြစ်တယ်လို့ မရွှေအေးကဆက်ပြောပါတယ်။

“ဒီ ID ဘယ်လောက်အကျိုးရှိတာဆိုတာတော့ ဒါ စစ်ဘေးရှောင်ရောက်လာသူပေါ့နော်။ အသိမှတ်ပြု တဲ့ သဘောပါပဲ။ အလုပ်လုပ်ခွင့်ဆိုတာကတော့ လက်လုပ်လက်စားတွေတော့ရတယ်။ ဈေးဆိုင် လေး တွေ လုပ်လို့ရတယ်။ တချို့ကဆိုင်တွေမှာ ဆိုင်စောင့်တာတို့ ဘာတို့၊ ဝန်ထမ်းလေးတွေ လုပ်ကြတာ ပေါ့နော်။”

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေအရေးကို ကိုင်တွယ် ဖို့ မီဇိုရမ်ပြည်နယ်အစိုးရက တာဝန်ပေးထားတဲ့ ပြည်နယ်ဒုတိယ ကော်မရှင်နာမင်းကြီးနဲ့အတူ ပြည်ထဲရေးဌာနတာဝန်ရှိသူတွေ၊ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေးနဲ့ ပြန်လည်ထူထောင်ရေး ဌာနက တာဝန်ရှိသူတွေဟာ အိုက်ဇောမြို့ရောက် စစ်ပြေး ဒုက္ခသည်စခန်းကို ဇန်နဝါရီလက သွားရောက်ကြည့်ရှုခဲ့ပြီး ဒုက္ခသည် မှတ်ပုံတင်ကဒ်ပြားတွေ ထုတ်ပေးမယ် လို့ ကြေညာခဲ့တာပါ။ ဒုက္ခသည်များမှတ်ပုံတင် Refugee ID ကဒ်ကို မီဇိုရမ်ပြည်နယ်အစိုးရက တာဝန် ပေးထားတဲ့အဖွဲ့ တွေကနေ စီစဉ်ထုတ်ပေးနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့က စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံချင်းပြည်နယ်နဲ့ကပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဘက်ကို ထွက်ပြေးတိမ်းရှောင်နေသူ ၃၀,၀၀၀ ကျော် ရှိနေပါတယ်။ မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့ ရောက်ရှိလာတဲ့ မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေကို အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေး နေတယ်လို့ ဒေသတွင်း လူမှုအဖွဲ့အစည်း တာဝန်ရှိသူတွေကပြောပါတယ်။

Your browser doesn’t support HTML5

မီဇိုရမ်ပြည်နယ်ပြေးလာတဲ့ မြန်မာတွေကို ဒုက္ခသည်အထောက်အထားကဒ်များထုတ်ပေး

===============

[[Zawgyi/Unicode]]








===============