ယင်းမာပင် သပြေအေးကျေးရွာမီးရှို့ဖျက်ဆီးခံရ 

ယင်းမာပင်မြို့နယ်၊ သပြေးအေးကျေးရွာ (MIMU)

[[Zawgyi/Unicode]]

စစ်ကောင်စီက နယ်မြေရှင်းလင်းပြီး လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာက နေအိမ် ၂၀၀ နီးပါး မီးလောင်ပျက်ဆီးခဲ့တဲ့အပြင် ဒေသခံတချို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ အနီးနားက ကျေးရွာ ၅ ရွာထက်မနည်းက ပြည်သူ ၂,၀၀၀ လောက်ဟာလည်း စစ်ဘေးဒုက္ခသည်အဖြစ် တိမ်းရှောင်နေရပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာတဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဒီနေ့ မတ်လ ၁ ရက်နေ့မှာလည်း တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက် တနင်္လာနေ့ မနက်အစောပိုင်းကလည်း သပြေအေးကျေးရွာကို စစ်တပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းခဲ့တာပါ။ အဲ့ဒီနောက် ရွာထဲမှာ စစ်သားတွေတပ်စွဲပြီး နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ အိမ်ခြေ ၂၅၀ လောက်ရှိတဲ့ သပြေအေးကျေးရွာထဲက နေအိမ် ၃ ပုံ ၂ ပုံ မီးလောင်ကျွမ်းသွားပြီး သက်ကြီးရွယ်အိုတဦး မီးလောင်သေဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။ လေကြောင်းကနေပစ်ခတ်မှုကြောင့်လည်း အမျိုးသား ၁ ဦးသေဆုံးခဲ့ပါတယ်။

“ကျနော်တို့ ဒေသခံပူးပေါင်း PDF အဖွဲ့တွေနဲ့ ထိတွေ့မှု အနည်းငယ် ဖြစ်ခဲ့တာရှိပါတယ်။ အဲ့ဒါက မနက်ပိုင်းကပေါ့နော်။ မနက်အစောပိုင်းက ထိတွေ့တိုက်ပွဲအနည်းငယ်ရှိခဲ့တယ်။ ပထမဆုံး အကြမ်းဖက် စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ ဝဲပြီးတော့ပေါ့နော်- သပြေအေး ကျေးရွာကို စက်သေနတ်မော်တာတွေနဲ့ ရဟတ်ယာဉ်ပေါ်ကနေ ပစ်ခတ်တယ်။ ပစ်ခတ်တဲ့အခါ ဒေသခံတွေက ဖရိုဖရဲနဲ့ ထွက်ပြေးတာပေါ့နော်။ ထွက်ပြေးတဲ့အချိန်မှာ ထွက်ပြေးတဲ့ ဒေသခံတယောက် အမျိုးသားတယောက်ပေါ့။ နောက်တယောက်က မပြေးနိုင်မလွှားနိုင်လို့ အကြမ်းဖက် စစ်ကောင်စီက ရွာကို ဝင်စီးတဲ့အခါမှာ သက်ကြီးရွယ်အိုအဖွားကြီးတယောက် မီးဘေးသင့်ပြီး ဆုံးပါသွားတာရှိပါတယ်။ အိမ်တွေက ၂၅၀ ကျော်ကျော်လောက်ရှိတာ။ ၂၅၀ ကျော်ကျော်လောက်ရှိတဲ့ထဲမှာ ၂၅၀ ကျော်ထဲကနေ ၃ ပုံ ၂ ပုံ မီးဘေးသင့်သွားပြီ။ ဒီနေ့ ကျန်နေတဲ့အိမ်တွေကို သူတို့မီးထပ်ရှို့နေတယ်။”

ဖေဖော်ဝါရီ ၂၆ ရက်ကလည်း ယင်းမာပင်မြို့နယ်ထဲက ချင်းပုန်းရွာနဲ့ ညောင်ကိုင်းရွာကို စစ်ကောင်စီက လေကြောင်းကနေ ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့လို့ ၇ ဦးထက် မနည်းသေဆုံးခဲ့ပါတယ်။ ကျေးရွာထဲက ဆိုင်ကယ်တွေနဲ့ ကားတွေလည်း မီးရှို့ဖျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလို ယင်းမာပင်မြို့နယ်ထဲမှာ စစ်တပ်က လေကြောင်းကနေ နယ်မြေရှင်းလင်းနေတာတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

သပြေအေးရွာဟာ ယင်းမာပင်မြို့နယ်မြောက်ဘက် ချင်းတွင်းမြစ် အနောက်ဘက်မှာ တည်ရှိပြီး ကနီမြို့နယ်နဲ့ ချောင်းပဲခြားပါတယ်။ သပြေအေးရွာကို လေကြောင်းကနေ ပစ်ခတ်တာကြောင့် ဒေသခံတွေဟာ ကနီမြို့ဘက်ကို တိမ်းရှောင်နေရပါတယ်။ ကနီဘက်ကို တိမ်းရှောင်နေတဲ့ ဒေသခံတွေကိုလည်း ဖေဖော်ဝါရီ ၂၈ ရက်ကပဲ လေကြောင်းကနေ စစ်တပ်က ပစ်ခတ်ခဲ့ပါတယ်။ အခုလို လေကြောင်းကနေ ပစ်ခတ်နေတာကြောင့် ကျေးရွာ ၅ ရွာထက်မနည်းက ဒေသခံ ၂ ထောင်လောက်က တောထဲမှာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“တိမ်းရှောင်နေရတာကတော့ မိုးကောင်း ၊ လင်ပုန်းရည် ၊ ချောင်းမ ၊ သပြေအေး ၊ ဇီးပင်တွင်း ၅ ရွာ ၆ ရွာ လောက်က စစ်ဘေးရှောင်နေရတယ်။ ကြောက်ပြီးတော့ တောထဲမှာပဲရှောင်နေကြရတာ။ တောတွေထဲမှာပဲ တိမ်းရှောင်နေကြတယ်။ ရွာကို အခုချိန်ထိ မကပ်နိုင်သေးဘူးခင်ဗျ။ကပ်လို့မရသေးဘူး။ လူဦးရေ တောထဲမှာ ၂ ထောင်ကျော်လောက်တော့ရှိမယ်။ ကျနော် သိရသလောက်ပေါ့။”

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလဆန်းကစလို့ စစ်ကိုင်းတိုင်းထဲက သပြေအေးကျေးရွာဘက်မှာ လက်နက်စွဲကိုင် တော်လှန်သူတွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်မှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းတယ်လို့ ယူဆတဲ့ စစ်ကိုင်းတိုင်းထဲက နေရာတော်တော်များများကို စစ်ကောင်စီက ဇန်နဝါရီကစလို့ အပြင်းအထန် ထိုးစစ်ဆင်နေပြီး လေကြောင်းကနေ မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်နေပါတယ်။ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေဘက်ကလည်း စစ်ကောင်စီတွေ တပ်စွဲထားတဲ့ နေရာတွေကို ဝင်ရောက်တိုက်ခိုက် လာတာတွေရှိပါတယ်။ ယင်းမာပင်မြို့နဲ့ ကပ်လျက်ရှိတဲ့ ပုလဲမြို့မှာဆိုရင် ဇန်နဝါရီလက စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းစဉ် နေအိမ်တွေမီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ကျေးရွာ ၆ ရွာက လူနေအိမ် ၂ ထောင်ကျော် မီးလောင်ပျက်စီးခဲ့ပြီး ထောင်နဲ့ချီတဲ့ အရပ်သားတွေ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

Your browser doesn’t support HTML5

ယင်းမာပင် သပြေအေးကျေးရွာမီးရှို့ဖျက်ဆီးခံရ

=============

[[Unicode]]








=============