မွန်ပြည်နယ်တွင်း စစ်ကောင်စီယာဉ်တန်း ခြုံခိုတိုက်ခိုက်ခံရ

စစ်ကောင်စီယာဉ်တန်းကို KNU-KNLA နဲ့ ဒေသခံ PDF တို့ က သုံးနေရာ၊ သုံးကြိမ်တိုက်ခိုက်ခဲ့တဲ့ သထုံ၊ ဘီးလင်းနဲ့ ကျိုက်ထိုမြို့များ။ ( MIMU)

[[Zawgyi/Unicode]]

မွန်ပြည်နယ် ကျိုက်ထို၊ သထုံ၊ ဘီးလင်းဘက်တွေမှာ ပဲခူးတိုင်း၊ ဝေါမြို့ကနေ ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ PDF ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက မေလ ၁၀ ရက်နေ့တနေ့တည်း ၃ ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့လက်အောက်ခံတပ်တွေဖြစ်တဲ့KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တပ်မဟာ (၁) နဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေဟာ မွန်ပြည်နယ် ကျိုက်ထို၊ သထုံ၊ ဘီးလင်းဘက်တွေမှာ မေလ ၁၀ နေ့ မနက် ၁၁ နာရီကျော်အချိန်ကတည်းက စစ်ကောင်စီယာဉ်တန်းကြီးကို ၃ ကြိမ် ခြုံခိုတိုက်ခိုက် မိုင်းခွဲခဲ့ကြောင်း ကျိုက်ထို ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ကိုစောထူးကပြောပြပါတယ်။

“ဝေါဘက်ကနေ ထွက်လာတာကတော့ ၁၁ နာရီကျော်ကျော်မှာဖြစ်တာ။ KNU-KNLA တပ်မဟာ (၁) က အင်္ဂဘိုကျေးရွာအဝင်နားကနေ ခြုံခိုတိုက်တာပါ။ တပ်မဟာ (၁) တပ်ရင်း (၃) ကနေ တိုက်တာပါ။ အဲဒီကနေ ထပ်ထွက်လာတဲ့ယာဉ်တန်းကိုတော့ ဒေါက်ရပ်ကျေးရွာအဝင်နားမှာ ကေအန်ယူ တပ်မဟာ(၁) တပ်းရင်း(၂) ခွဲ (၂) ကနေ ဘီးလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နဲ့ပူးပေါင်းပြီး ၁၁ နာရီ ၄၂ လောက်မှာ မိုင်းခွဲတယ်။ အဲဒီမှာသူတို့ကား၂ စီးပျက်စီးသွားပါတယ်။ ၁ နာရီ ၅၀ လောက်မှာတော့ သူတို့ ထပ်ထွက်လာတဲ့ယာဉ်တန်းကို ဘီးလင်းအထွက် တောင်ကလေးကျေးရွာနားမှာ ထပ်မံ မိုင်းခွဲတိုက်ကတော့ အနည်းငယ်လောက်ပဲထိတယ်။ ဘီးလင်းက တိုက်တာကတော့ ၂ ကြိမ်ရှိတယ်။ ကျိုက်ထိုကတော့တကြိမ် အားလုံးပေါင်း ၃ ကြိမ်ပါ။”

မေလ ၁၀ ရက်နေ့မနက်ကတည်းက ပဲခူးတိုင်း၊ ဝေါမြို့ကနေထွက်လာတဲ့ စစ်ကောင်စီကား ၁၀ စီးကျော်ပါတဲ့ ယာဉ်တန်းကြီးဟာ မွန်ပြည်နယ်ထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေနဲ့ ပူးပေါင်းတပ်တွေရဲ့ ခြုံခိုတိုက်ခိုက်မှုခံခဲ့ရတယ်လို့ ဒေသခံတွေကလည်း ပြောပါတယ်။

မိုင်းခွဲတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီယာဉ်တန်းတွေ အပျက်အစီးတွေရှိတယ်လို့ KNU ဘက်ကလည်းပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ အခုလို စစ်ယာဉ်တန်းတွေ တိုက်ခိုက်ခံရတာတွေနဲ့ပတ်သက်လို့သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဝေါ၊ ကျိုက်ထိုကားလမ်းမပေါ်မှာ မကြာခန ပစ်ခတ်မှုတွေရှိနေပါတယ်။ ဒီလဆန်းတုန်းကလည်း စစ်ကောင်စီတပ်စွဲထားတဲ့ အင်္ဂဘိုကျေးရွာက ကင်းစခန်းကို KNU က တိုက်ခိုက်တာတွေလည်းရှိပါတယ်။ ပြီးခဲ့တဲ့မတ်လတုန်းကတော့ တပ်မဟာ (၁) ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်စွဲထားတဲ့ လေးကေနဲ့ဝင်းတာပန်စခန်းတွေကို ဖယ်ရှား ပေးဖို့ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ကတောင်းဆိုခဲ့ပေမယ့် ဖယ်ရှားပေးတာမရှိဘဲ စစ်ရေးအရတင်းမာလာခဲ့ပါတယ်။ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေဘက် လက်နက်ကြီးနဲ့ပစ်ခတ်တာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မူတွေနဲ့ ရွာတွေကို လက်နက်ကြီးကျည်ဆံတွေကျရောက်တဲ့အတွက် မွန်နဲ့ကရင်ပြည်နယ်နယ်စပ်ကျေးရွာပေါင်း ၁၀ ရွာလောက်က ဒေသခံ တသောင်းလောက်ဟာ မတ်လ ၂၃ ရက်နေ့ကစလို့ ဒီနေ့အထိ အိုးအိမ်တွေပစ်ပြီး ထွက်ပြေးနေရဆဲဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီဒေသက ကျေးရွာသားတွေကို စစ်ကောင်စီတပ်တွေနဲ့နယ်ခြားစောင့်တပ်တွေက ဖမ်းဆီးခေါ်ဆောင်ပြီး ပေါ်တာဆွဲခဲ့တာမျိုးတွေလည်း ရှိခဲ့တယ်လို့ ကရင်လူအခွင့်ရေးအဖွဲ့တွေကလည်းပြောဆိုခဲ့ပါတယ်ရှင်။

Your browser doesn’t support HTML5

မွန်ပြည်နယ်တွင်း စစ်ကောင်စီယာဉ်တန်း ခြုံခိုတိုက်ခိုက်ခံရ

=========

[[Unicode]]









=========