[[Zawgyi/Unicode]]
၂၂ ရက် ၂ လ ၂၀၂၂ ခုနှစ် နှစ် ၆ လုံးဖြစ်တဲ့ နက်ဖြန် အင်္ဂါနေ့ကျရင် ‘ပြန်လည်စုရုံး နှစ်ခြောက်လုံး’ ဆိုတဲ့ ဆောင်ပုဒ် နဲ့ တနိုင်ငံလုံးမှာ ‘စည်ကားသပိတ်’ ပြုလုပ်ကြဖို့ ဆန္ဒပြပွဲစီစဉ်သူတွေ ဆော်သြနေပါတယ်။ ၂ ခြောက်လုံး ဆန္ဒပြပွဲတွေမှာ ပါဝင်ဖို့ တိုက်တွန်းတဲ့အနေနဲ့ မန္တလေး၊ မုံရွာ စတဲ့မြို့တွေက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြအဖွဲ့တွေက ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ လမ်းပေါ်ထွက် ချီတက်ဆန္ဒပြပြီး တိုက်တွန်းခဲ့ကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တာကို မဆုမွန်က တင်ပြပေးထားပါတယ်။
၂ ခြောက်လုံးစုံတဲ့ နက်ဖြန် အင်္ဂါနေ့ကျရင် ပြည်သူတွေအားလုံးပါဝင်နိုင်တဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြ လှုပ်ရှားမှုတွေ လုပ်ဖို့ ဆန္ဒပြပွဲစီစဉ်သူတွေ ဆော်သြနေကြပါတယ်။ စည်ကားသပိတ်လို့ ခေါင်းစဉ်ပေးထားတဲ့ ဆန္ဒပြမှုတွေအကြောင်း ပြည်သူအများသိကြအောင်လုပ်တဲ့အနေနဲ့ မန္တလေး မုံရွာ၊ စတဲ့မြို့တချို့မှာ ဒီနေ့ဆန္ဒပြသူတချို့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ လုံခြုံရေးတင်းကြပ်နေတဲ့ကြားက ဆန္ဒပြသူ ၂၀ ထက်မနည်း စုဝေးပြီး မန္တလေးမှာ ဒီနေ့ ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ မန္တလေးသပိတ်မှာပါဝင်တဲ့ တက်ကြွလှုပ်ရှားသူတဦးက VOA ကို ပြောပါတယ်။
“ဒီနေ့ထွက်တာက မနက်ဖြန် ၂ ငါးလုံး တနှစ်ပြည့် တနည်းအားဖြင့် ၂ ခြောက်လုံးပေါ့။ အဲ့အပေါ်မှာ ကြိုတင်ပြီး လူထုကို စည်းရုံးတဲ့အနေနဲ့ မနက်ဖြန်လုပ်မယ့် call အတွက် ကြိုတင်စည်းရုံးတဲ့အနေနဲ့ ထွက်တာဗျ။ လူအင်အားကတော့ ၂၀ ကနေ ၅၀ ကြားလောက်တော့ ပါပါတယ်ဗျ။ ဒီနေ့ သပိတ်ထွက်တဲ့အခြေအနေကလည်း သူတို့ စစ်ဆေးနေတဲ့ ကြားကပဲ ကျနော်တို့ ရအောင်ထွက်ကြတာပေါ့နှော်။ အစစ်အဆေးကတော့ မန္တလေးမှာ ကြမ်းတယ်ဗျ။”
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ၂၂ ရက် ၂ လ ၂၀၂၁ (၂ ငါးလုံး) ဆန္ဒပြပွဲတုန်းကတော့ နိုင်ငံတဝန်းက ပြည်သူတွေ သန်းနဲ့ချီပါဝင်နိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာ လုံခြုံရေးတွေကြောင့် ပြည်သူအများ လမ်းပေါ်ထွက် ဆန္ဒပြနိုင်တဲ့ အခြေအနေမဟုတ်တဲ့အတွက် တတ်နိုင်တဲ့နည်းလမ်းတွေနဲ့ စည်ကားသပိတ်မှာ ပါဝင် ဆန္ဒပြဖော်ထုတ်ကြဖို့ သူတို့က တိုက်တွန်းနေကြတာပါ။ မုံရွာမြို့မှာလည်း ဒီကနေ့ မနက် အစောပိုင်းမှာ မုံရွာပင်မသပိတ်နဲ့အတူ မုံရွာမြို့နယ် အခြေခံပညာကျောင်းသားများ သမဂ္ဂ၊ မုံရွာလူငယ်များ အစည်းအရုံးနဲ့ ရပ်ကွက်သပိတ်စစ်ကြောင်းတွေ ပူးပေါင်းပြီး အင်အား ၁၀၀ ဝန်းကျင်နဲ့ ‘ပြန်လည်စုရုံး နှစ်ခြောက်လုံး၊ ကျေးလက် ပုန်ကန် မြို့ပြဖီဆန်’ ဆိုတဲ့စာသားကိုင်ဆောင်ပြီး မုံရွာမြို့ အာဇာနည် လမ်းမပေါ်မှာ ချီတက် ဆန္ဒပြခဲ့ကြတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီဝင် ကိုခန့်ဝေဖြိုးက ပြောပါတယ်။
“အဓိကက တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်က ၃ ခါ လုပ်ခဲ့တယ်။ ၃ခါလုံး ပြည်သူလူထုရဲ့ အံ့မခန်း ပါဝင်မှုတွေကြောင့် အောင်မြင်ခဲ့တယ်ပေါ့နှော်။ ဒီတခါ ကျနော်တို့က လူထုလှုပ်ရှားမှုတွေကလည်း အရေးကြီးတယ်ဆိုတာ သိစေချင်တဲ့အတွက် အိမ်ထဲမှာ မနေခိုင်းဘဲ အပြင်ထွက်ပြီးတော့ တနည်းနည်းနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ပြသဖို့ ရည်ရွယ်တာပေါ့။ အဓိကကတော့ လက်နက်ကိုင်တော်လှန်ရေးမှာ ကျနော်တို့က အရင်းအမြစ် အကန့် အသတ်တွေ ရှိတဲ့အတွက် အဲဒီတခုတည်းကိုပဲ ပုံအောပြီးတော့ စောင့်မျှော်နေတာထက်စာရင် ပြည်သူလူထု ကိုယ်တိုင်က ကိုယ့်ရဲ့လူထုလှုပ်ရှားမှုတွေပေါ့နော်- ရနိုင်သမျှ နည်းလမ်းတွေ ရှာပြီးတော့ အခုအချိန်ထိ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ကြောင်း ပြသချင်တဲ့ရည်ရွယ်ချက်နဲ့ ဒီစည်ကားသပိတ်ကို ခေါ်ခဲ့တာဖြစ်ပါတယ်ဗျ။”
မုံရွာမြို့မှာ ဒီနေ့လုပ်ခဲ့တဲ့ ချီတက် ဆန္ဒပြမှုအပြီးမှာ စစ်ကောင်စီတပ်တွေနဲ့ ရဲတွေက အာဇာနည်လမ်းကြီးကို နှစ်ဘက်ပိတ်ပြီး လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေးတာ၊ ဖုန်းတွေကို စစ်ဆေးတာတွေလုပ်ခဲ့ပေမယ့် ဖမ်းဆီးခံရသူတော့ မရှိဘူးလို့ သူကပြောပါတယ်။
နက်ဖြန် ၂- ၆ လုံး စည်ကားသပိတ်လုပ်မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ ဦးထုပ်/ခမောက် တွေဆောင်းပြီး သွားလာကြဖို့၊ မျက်နှာမှာ သနပ်ခါးလိမ်းတာ၊ ပန်းပွင့်၊ ပန်းစည်းကိုင်ပြီး သွားလာတာ၊ စာရွက်ပေါ်မှာ ကြွေးကြော်သံတွေရေးပြီး ပန်းပွင့်တွေနဲ့အတူ ကြဲချတာ၊ ကိုယ်ရောက်ရှိနေတဲ့ နေရာက လုံခြုံမှုရှိတယ်ဆိုရင် လက် ၃ ချောင်းထောင်ပြီး ကြွေးကြော်တာ၊ ည၈ နာရီမှာ သံပုံးတွေတီးတာ စတာတွေကို ပြုလုပ်ပြီး စစ်အာဏာရှင်ကို အလိုမရှိကြောင်း ဆန္ဒပြကြဖို့ ဆန္ဒပြပွဲဦးဆောင်သူတွေက နှိုးဆော်တိုက်တွန်း နေကြပါတယ်။ အရင်လုပ်ခဲ့တဲ့
တိတ်ဆိတ်ခြင်းသပိတ်ဆန္ဒပြမှုတွေတုန်းက ဆိုင်တွေပိတ်ပြီး သပိတ်မှာ ပါဝင်ကြသူတွေကို စစ်ကောင်စီက ဖမ်းဆီးတာ၊ ဆိုင်တွေကို ချိတ်ပိတ်တာ၊ သပိတ်မှာပါဝင်ဖို့ နှိုးဆော်သူတွေကို ဖမ်းဆီးတာမျိုးတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက် စည်ကားသပိတ်မှာ ပြည်သူတွေ ပါဝင်တဲ့အခါ မိမိတို့ရဲ့ လုံခြုံရေးကို အဓိကထားပြီး ပါဝင်ကြဖို့ကိုလည်း စီစဉ်သူတွေက သတိပေးကြပါတယ်။ နက်ဖြန်ပြုလုပ်မယ့် ၂ ခြောက်လုံး လူထုသပိတ် အကြိုနေ့အဖြစ် မန္တလေး၊ မုံရွာတို့အပြင် ကလေးမြို့နဲ့ ယင်းမာပင်မြို့တို့မှာလည်း ဒီနေ့ ချီတက်ဆန္ဒပြပွဲတွေ ရှိခဲ့ပါတယ်။
Your browser doesn’t support HTML5
=============
[[Unicode]]
=============