ဆောမြို့နယ်တွင်း စစ်ပြေးဒုက္ခသည်များ နေထိုင်ကျန်းမာရေး အခက်ကြုံ

ဆောမြို့ (ဓာတ်ပုံ-ဝီကီပီဒီးယား)

[[Zawgyi/Unicode]]

ဒေသတွင်းတိုက်ပွဲတွေကြောင့် မကွေးတိုင်း ဆောမြို့နယ်ဘက်ကို ခိုလှုံလာတဲ့ စစ်ပြေးဒုက္ခသည် အနည်းဆုံး ၂,၀၀၀ လောက်ရှိနေပြီး အဲ့ဒီထဲက ဆိပ်ဖြူမြို့နယ်က ဒေသခံ ၇၀၀ လောက် ပါဝင်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။ ဆိပ်ဖြူမြို့နယ်က ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်ပထမအပတ် က ပြေးရှောင်လာကြပြီး စစ်ကောင်စီ စစ်ကြောင်းတွေ ဒေသတွင်းရှိနေတာကြောင့် လက်ရှိအချိန်ထိ နေရပ် မပြန်နိုင်ကြသေးပါဘူး။ ဆောမြို့နယ်ထဲက စစ်ပြေးဒုက္ခသည်တွေအခြေအနေ ရန်ကုန် သတင်းပေးပို့ထားတာ အလိမ္မာက တင်ပြပေးထားပါတယ်။

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ဖလမ်းမကျေးရွာအနီးတဝိုက်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်က တိုက်ပွဲကြောင့် ဒေသခံ ၇၀၀ လောက်ဟာ ဆောမြို့နယ်ဘက် ကို ခိုလှုံလာကြပါတယ်။ လက်ရှိမှာ တိုက်ပွဲမရှိပေမယ့် စစ်ကောင်စီရဲ့ စစ်ကြောင်းဆင် သွားလာလှုပ်ရှားမှုကြောင့် နေရပ်မပြန်နိုင်ကြဘဲ တိမ်းရှောင်နေရတာလို့ စစ်ရှောင်လာတဲ့ ဖလမ်းမရွာခံတဦးက ပြောပါတယ်။

“ဆိပ်ဖြူမြို့နယ်က ကျနော်တို့ ဖလမ်းမ အိုင်ကြီး နောက်ပြီးလို့ရှိရင် ဆိပ်ဖြူစိုက်ခင်းပေါ့ အဲ့ဒီကနေ ပြေးခဲ့ကြတာဗျ။ မပြန်နိုင်သေးဘူး။ အဲ့ဒီမှာ စစ်ကြောင်းက တောက်လျှောက်ပြန်ထိုးနေကြတာဆိုတော့ နောက်ကြောင်းပြန်မဆုတ်သေးတာလို့ အခုထိ ကိုယ့်မပြန်နိုင်သေးတာ။ တချို့နေရာတွေမှာ တောတွေထဲမှာ ပုန်းနေရသေးတာ။”

ဒီအခြေအနေကြောင့် ကျေးရွာဒေသခံတွေ ဆောမြို့နယ်ဘက်ကို ခိုလှုံလာတဲ့သူတွေရှိသလို တချို့က တောတောင်ထဲတွေမှာ ဖြစ်သလိုနေထိုင်စားသောက် ပြီး ပုန်းခိုနေကြရတာပါ။ လက်ရှိ ဆောမြို့နယ်မှာ ခိုလှုံနေကြတဲ့ စစ်ပြေးဒုက္ခသည်တွေကြား ရာသီတုပ်ကွေးရောဂါနဲ့ ဝမ်းရောဂါတွေဖြစ်နေကြသလို ကလေးသူငယ်အများစုကလည်း ဖျားနာနေကြတာလို့ နောက်ထပ်စစ်ရှောင်တဦးက အခုလို ပြောပါတယ်။

“ကလေးတွေက ဝမ်းလျှောဝမ်းပျက်ဖြစ်တာတွေ၊ ခြင်ကိုက်တာတွေ၊ ဖျားနာတာတွေ အများကြီးရှိပါတယ်။ ကျန်းမာရေးအခက်အခဲတွေ စားဝတ်နေရေးအခက်အခဲရော အများကြီးရှိပါတယ်ရှင့်။ အကူအညီမရပါဘူးရှင့်။ နည်းနည်းပါးပါး စားဝတ်နေရေးတော့ အဆင်ပြေပါတယ်။ ဆေးဝါးကျတော့ အခက်အခဲတွေရှိနေပါတယ်။”

တိုက်ပွဲကြောင့် မကွေးတိုင်း ဆောမြို့နယ်ဘက်ကို ခိုလှုံလာကြတဲ့ စစ်ပြေးဒုက္ခသည် အနည်းဆုံး ၂,၀၀၀ လောက်ရှိနေပြီလို့ စစ်ရှောင်ကူညီပေးသူတဦးက VOA ကို ပြောပါတယ်။ တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ချင်းပြည်နယ် ကန်ပတ်လက်မြို့နယ်၊ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်နဲ့ စလင်းမြို့နယ်ဘက်က ဒေသခံတွေ နေရပ်စွန့်ခွာပြီး ဆောမြို့နယ်ဘက်ကို ခိုလှုံလာကြတာလို့ ဆိုပါတယ်။

“ဒီမှာရှောင်နေတဲ့ဟာကျတော့ ဒီလိုပဲ ကိုယ့်ဟာနဲ့ကိုယ်ပဲစားနေကြတာ ဘေးက ပံ့ပိုးမှုမရှိပါဘူးခင်ဗျ။ နောက်ပိုင်းကျတော့ တော်တော်ရေရှည်အတွက်က ကိုယ်တည်း နေ့တိုင်းတော့ စားရေးသောက်ရေးတို့ ဒုက္ခတွေတော့ ကြုံလာမှာ။ ဆိပ်ဖြူမြို့နယ် အပါအဝင်ဆိုလို့ရှိရင် လူဦးရေ ခန့်မှန်းခြေကတော့ ၂,၀၀၀ လောက်တော့ အနည်းဆုံးရှိမယ်၊ ဟုတ်ကဲ့ (စားနပ်ရိက္ခာ) ရေရှည်အခြေအနေဆိုရင်တော့ ပြတ်တောက်နိုင်တဲ့ အခြေအနေရှိပါတယ်ခင်ဗျ။ အဓိက လိုအပ်ချက်ကတော့ ပြောရရင်တော့ စားဝတ်နေရေးနဲ့ ဆေးဝါးကအဓိက လိုတယ်ဗျ။”

စစ်ပြေးရှောင်အများစုက အဝတ်တထည် ကိုယ်တခုနဲ့ အသက်ဘေးလွတ်အောင် ပြေးလွှားလာကြတာကြောင့် အချင်းချင်း မျှဝေစားသောက်နေကြရတာလို့ ဆောမြို့နယ်မှာ ခိုလှုံနေတဲ့ ကန်ပက်လက် စစ်ရှောင်တဦးက ပြောပါတယ်။ စစ်ပြေးဒုက္ခသည်တွေအတွက် အကူအညီတွေ နည်းပါးလာတဲ့အပြင် ဆောမြို့နယ်မှာ ခိုလှုံလာတဲ့ စစ်ပြေးဒုက္ခသည် လူဦးရေတိုးလာနေပြီး ရေရှည်အတွက် စားနပ်ရိက္ခာပြတ်လတ်မယ့်အခြေအနေနဲ့ ကြုံရင်မှာကို စိုးရိမ်နေကြပါတယ်။

Your browser doesn’t support HTML5

ဆောမြို့နယ်တွင်း စစ်ပြေးဒုက္ခသည်များ နေထိုင်ကျန်းမာရေးအခက်အခဲကြုံ.mp3

==================

[[Unicode]]








