မျောက်ကျောက်ရောဂါ မြန်မာမှာ အတည်ပြုလူနာ မတွေ့ရသေးပေမဲ့၊ စိုးရိမ်မှုတချို့ ဆက်ရှိနေချိန်မှာ ကာကွယ်ရေး ကြိုသိထားသင့်တာ ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုပါတယ်။
တကယ်လို့ မျောက်ကျောက်ရောဂါ မြန်မာမှာ ဖြစ်လာခဲ့လျှင်လည်း လူနာကိုယ်တိုင် စတင်ကာကွယ်ပေးဖို့က အရေးကြီးဆုံးပါ။ အဓိကအားဖြင့် တခြား လူတွေနဲ့ နေရာတွေကို သွားမထိဖို့ပါ။ လူနာရဲ့ မျက်နှာမှာ အနာရှိလာလျှင်လည်း အမွှေးရိပ်တာ (Shaving) မလုပ်ဖို့ လိုပါတယ်။ အကြောင်းက ဒီပိုးကူးသွားနိုင်တဲ့ အမွှေးရိပ်တံကို ပြန်သုံးမိတတ်လို့ပါ။ အထူးသီးသန့် ခွဲနေစရာမလိုဘဲ အိမ်က အခန်းထဲမှာပဲနေပြီး၊ အနာတွေကို ဖုံးကာ (မျက်နှာအနာအတွက် မျက်နှာဖုံး၊ တခြားနေရာမှာ အဝတ်အစားနဲ့)၊ အရေပြားနဲ့ တင်မှာ အနာပေါက်ပြီး စိုစွတ်လာလျှင်လည်း တခြားနေရာတွေမှာ မထိမိအောင်၊ မထိုင်မိအောင် နေသင့်ပါတယ်။ တခြားနေတွေမှာ ထိမိ၊ ထိုင်မိလျှင်လည်း ဆေးရည်စိမ် အဝတ်၊ စက္ကူ (Antiseptic / Sanitizing Wipes)၊ ဆေးရည် (Sanitizer) နဲ့ သုတ်လိုက်သင့်ပါတယ်။
ဒါ့အပြင် ရောဂါဖြစ်ပြီးသူအနေနဲ့ အနာတွေ စပေါက်တဲ့ရက်ကနေစပြီး အနာတွေကျက်ကာ လုံးဝမခြောက်သရွေ့ အလုပ်မသွားဘဲ အိမ်ထဲမှာပဲ နေရမှာပါ။ အခုလို အနာတွေ အားလုံးကျက်ပြီး ခြောက်သွားဖို့က ၃ ပတ်၊ ၄ ပတ် အထိ ကြာနိုင်ပါတယ်။ ဒီအတွက် အလုပ်ကနေ ခွင့်ရက်ရှည်ရဖို့ လိုအပ်ပါတယ်။ အမေရိကန်မှာတော့ အလုပ်ကနေ ခွင့်ယူလို့ရမဲ့ ထောက်ခံစာကို ဆေးခန်းဆေးရုံတွေကနေ ရေးပေးပြီး၊ အလုပ်တွေကလည်း ခွင့်ရက်ထားပေးကာ ခွင့်ပြုလေ့ ရှိပါတယ်။ ဒါ့အပြင် အမေရိကန်မှာ လူနာကို ဆေးရုံပေးဆင်းပြီးလျှင်လည်း ဒေသန္တရ ကျန်းမာရေးဌာနတွေကို လူနာအကြောင်း ကြိုအကြောင်းကြားထားရပါတယ်။ လူနာရဲ့ အနာတွေ လုံးဝမပျောက်မချင်း (အနာတစ်လုံးမှ မကျန်၊ လုံးဝမခြောက်ခင်) အလုပ်မသွားတာ သေချာရေး စောင့်ကြည့်ကြပ်မတ်ပေးဖို့ပါ။
မျောက်ကျောက် ကုသဆေး အထူးမရှိသေးဘဲ၊ ကာကွယ်ဆေးလည်း သိပ်မသုံးသေးပါဘူး။ ဒီကာကွယ်ဆေးက အမေရိကန်မှာ တစုံတရာရှိထားပေမဲ့၊ အရှ့တောင်အာရှနဲ့ အာဖရိကလိုဒေသမှာ မရှိသေးဘဲ၊ မကြာခင်က အဖြစ်များတဲ့ ကွန်ဂိုကို တင်ပို့ခဲ့တာတချို့တော့ ရှိပါတယ်။ ဒီကာကွယ်ဆေးကို အဖြစ်များနိုင်တဲ့ လိင်တူဆက်ဆံသူအမျိုးသား၊ ရောဂါရှိသူနဲ့ ထိတွေ့ထားသူ (Expose to Patient) အထူးသဖြင့် သက်ကြီးတွေ၊ ဆေးဝန်ထမ်းတွေကို ပေးနိုင်ပါတယ်။ ဒါပေမဲ့ အမေရိကန်မှာတော့ ပြင်းထန်တာ သိပ်မတွေ့သေးတာကြောင့် သိပ်မပေးသေးပါဘူး။ အရင် အသေအပျောက် များစေခဲ့ပေမဲ့ အခု ပပျောက်သွားတဲ့ ကျောက်ရောဂါ (Small Pox) လို မျောက်ကျောက်က သေဆုံးမှု မများသေးတာနဲ့၊ ရေကျောက် (Chicken Pox) လိုလည်း အာရုံကြောထဲ ကိန်းအောင်းပြီး (Shingle ရေယုန်ကြီးရောဂါ တချိန်) မဖြစ်စေနိုင်တာကြောင့်လည်း ဒီကာကွယ်ဆေးကို သိပ်မသုံးသေးတာပါ။
ဒါ့အပြင် မျောက်ကျောက်ရောဂါက အရင်အများစိုးရိမ်ကြီးခဲ့ရတဲ့ ကိုဗစ်ရောဂါလောက်လည်း ကူးစက်မှုနဲ့ သေဆုံးမှု ပြင်းထန်မှာ မစိုးရိမ်ရသေးပါဘူး။ အကြောင်းက ကိုဗစ်လို လေကတဆင့် လွယ်လွယ်ကူကူ လူအများကြီးကို ကူးစက်ကာ၊ ဆေးဆုံးမှုမျိုး၊ မျောက်ကျောက်မှာ မရှိနိုင်လို့ပါ။ တကယ်တော့ ကိုဗစ်တုန်းက လေကနေ ကူးစက်တာကို အစပိုင်း မသိခဲ့ဘဲ၊ တိရစ္ဆာန် သားစိမ်းငါးစိမ်း ဈေးကနေ ထိတွေ့စားသုံးမှုက ကူးစက်တာလို့ အထင်မှာပြီး မစိုးရိမ်ခဲ့တာက၊ ကူးစက်မူ ရုတ်တရက် ပြင်းထန်သွားခဲ့ရတာပါ။ တကယ်တမ်း ကိုဗစ်က နောက်ကွယ်မှာ လူအများကို လှိုက်ပြီးကူးစက်နေခဲ့ကာ၊ တကမ္ဘာလုံးကို အများကြီး ပျံသွားပြီးမှ လေကကူးမှန်းသိချိန် ထိထိရောက်ရောက် ကာကွယ်ဖို့ နောက်ကျသွားခဲ့ရပါတယ်။ ဒါပေမဲ့ အခု မျောက်ကျောက်ကတော့ ကိုဗစ်လို လွယ်လွယ်ကူကူ လေကကူးတာမျိုး ဖြစ်နိုင်ခြေ မတွေ့ရသေးပါဘူး။
ဒါပေမဲ့လည်း မျောက်ကျောက်ရောဂါကို အရင်က ကွန်ဂိုမှာပဲ တွေ့ခဲ့တာကနေ၊ အခု အမေရိကန်နဲ့ ဥရောပအပြင် ထိုင်းအပါဝင် မြန်မာအိမ်နီးချင်းတချို့မှာလည်း စတွေ့လာတာက စိုးရိမ်မှု စဖြစ်စေပါတယ်။ ဒါပေမဲ့လည်း အခုလို ကူးစက်ရတဲ့အကြောင်းရင်းက နိုင်ငံတကာ ခရီးသွားလည်ပတ်မှု (Tourism) များလာတာကြောင့် အဓိက ဖြစ်နိုင်ပါတယ်။ အဓိက အမေရိကန်နဲ့ ဥရောပ ခရီးသွားလည်ပတ်သူတွေအနေနဲ့ ကွန်ဂိုက လေလွင့်တိရစ္ဆာန်တွေ လွှတ်ထားတဲ့ အပန်းဖြေပန်းခြံ (Safari) ကို သွားလည်ကာ၊ အထူးသဖြင့် မျောက်တွေနဲ့ ထိတွေ့ခဲ့တာကနေ ကူးစက်လာခဲ့ပုံရပါတယ်။ ဒါပေမဲ့လည်း ကိုဗစ်လို လေကကူးတာ မတွေ့ရသေးဘဲ၊ ရောဂါရှိသူနဲ့ တိရစ္ဆာန်တွေကို ထိမိကိုင်မိတာ၊ ရောဂါဖြစ်သူ စိုစွတ်အနာထိထားတဲ့နေရာကို ထိမိတာကသာ၊ မျောက်ကျောက် ကူးစက်တာ တွေ့ထားရသေးတာမို့ ကူးစက်မှုပြင်းထန်မှာ စိုးရိမ်ကြီးဖို့ မလိုသေးပါဘူး။
ဒီအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံ အထွေထွေရောဂါကုဌာန ဒု-ဆေးရုံအုပ်ကြီးနဲ့၊ မြန်မာလူနာတွေကို အင်တာနက်ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။