ရှမ်းပြည်နယ်တွင်း ကိုဗစ်ကူးစက်မှုတိုးလာ

A Covid-19 antigen self-test kit shows a positive case on January 13, 2022

[[Zawgyi/Unicode]]

မြန်မာနိုင်ငံအတွင်း ကိုဗစ်စတုတ္ထလှိုင်းကာလ အခုရက်ပိုင်းအတွင်းမှာ ရှမ်းပြည်နယ်ဟာ ရော ဂါပိုးရှိတယ်လို့ ဓါတ်ခွဲအတည်ပြုသူအများဆုံးဖြစ်နေပါတယ်။ တောင်ကြီးမြို့မှာ ရောဂါလက္ခဏာပြတဲ့ ကူးစက်ခံရသူတွေရှိနေသလို ဝ အုပ်ချုပ်ခွင့်ရ ပန်ဆန်းမြို့မှုလည်း ဓါတ်ခွဲအတည်ပြုလူနာတွေ့တာကြောင့် မြို့အဝင်အထွက်တွေကို ကန့်သတ်လိုက်ပါတယ်။ ကိုဗစ်ရောဂါပိုးတွေ့သူ တိုးလာတဲ့ ရှမ်းပြည်နယ်ကအခြေအနေ ရန်ကုန်ကနေ သတင်းပေးပို့တာကို မမြသဇင်အောင်က တင်ပြပေးထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိုဗစ်အတည်ပြုလူနာ တနေ့တာစာရင်းမှာ ဖေဖော်ဝါရီလ ၂၇ ရက် ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ်က အတည်ပြုလူနာ အများဆုံးရှိနေတာပါ။ ၂၄ နာရီအတွင်း ဓာတ်ခွဲအတည်ပြုထားတဲ့ လူနာဦးရေက ရှမ်းပြည်နယ်မှာ ၃၄၅ ဦး ရှိပါတယ်။ အဲဒီထဲမှာ တောင်ကြီးမြို့ကတော့ ရောဂါကူးစက်ခံရသူ ၁၂၇ ဦး ပါဝင်ပါတယ်။ ဒါဟာ တရားဝင် ဓါတ်ခွဲအတည်ပြု တွေ့ရှိတဲ့စာရင်းပါ။ ရောဂါလက္ခဏာပြပြီး ကိုယ့်အိမ်မှာပဲ နေထိုင်ကုသနေသူတွေလည်းရှိပါတယ်။

နှာစေး ချောင်းဆိုးတာ၊ ကိုယ်လက်ကိုက်ခဲတာနဲ့ အသံဝင်တာ ဒီလိုလက္ခဏာတွေကြောင့် ကိုဗစ်ရှိ မရှိ Test kit နဲ့ စစ်ဆေးရင်း Positive ထွက်လို့ ကိုယ့်ရဲ့နေအိမ်မှာ သီးသန့်နေထိုင် ကုသနေရသူတွေလည်း ရှိတယ်လို့ တောင်ကြီးဒေသခံတဦးက ပြောပါတယ်။

"အဲဒါလေးတွေကတော့ အဖြစ်များနေတယ်။ ကြားရသလောက်ဆို ကိုယ့်မိတ်ဆွေတွေထဲမှာတင် တော်တော်များတယ်။ သူတို့ ကိုက်တာခဲတာလေးတွေလည်း ခံစားရတယ်။ အဲဒါလေးတွေလည်း ဆေးထိုးလိုက်တော့ သက်သာသွားတယ်လေ။ ကာကွယ်ဆေးထိုးထားရင်တော့ သိပ် မခံရဘူးလို့ ပြောထားတယ်ဆိုတော့ အဲလိုတော့ ဟုတ်လိမ့်မယ်ထင်တယ်။ အိမ်က ကလေးတွေတော့ ကာကွယ်ဆေးထိုးထားတယ်လေ။ တချို့ဆို ဖြစ်လို့ဖြစ်မှန်းတောင် မသိလိုက်ကြဘူး။ အဲလိုမျိုးလေးတွေလည်း ရှိတယ်။ နှာစေး၊ ချောင်းဆိုး၊ နှာရည်ယိုပြီးတော့ ကိုယ် လက် နည်းနည်းကိုက်ပြီးတော့ ပျောက်သွားတဲ့လူတွေရော၊ အဲလိုမျိုးလေးတွေလည်း အများကြီးပဲ။ မြို့ထဲမှာဆို လူနည်းနည်းတောင် ရှင်းသေးတယ်လေ။ ဓာတ်ဆီဈေးကြောင့်လား၊ ဒီရောဂါကြောင့်လားဆိုတာ နှစ်ခုစလုံးပါမှာပေါ့လေ။ ကျမတို့အိမ်ကဆို ကလေးတွေလည်း အခန်းထဲက မထွက်တော့ဘူးလေ၊ ကျမတို့လည်း ပေးမထွက်တော့ဘူး။"

တောင်ကြီးမြို့မှာ အရင်ကထက်စာရင် မြို့တွင်းအသွားအလာ နည်းသွားပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် ကပ်ရောဂါထိန်းချုပ် ကုသနေသူတွေလည်း ရှိပါတယ်။ ကိုဗစ်ရောဂါ ကူးစက်ခံရသူတွေကို မိသားစုဝင်အချင်းချင်း အိမ်တွင်းပြုစုစောင့်ရှောက်နည်း လမ်းညွှန်တွေကိုလည်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ စည်းမျဉ်းအတိုင်း ထုတ်ပြန်ထားတာရှိပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်း (ပန်ခမ်း) မြို့မှာတော့ အတည်ပြုလူနာနှစ်ဦး တွေ့ထားလို့ တမြို့လုံးကို လော့ဒေါင်းချပြီး အာခေါင်တို့ပတ်ယူ ရောဂါစစ်ဆေးသွားမယ်လို့ သိရပါတယ်။ မတ်လ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ မြို့အဝင်အထွက်ပိတ်ထားပြီး ရောဂါစစ်ဆေးမှုလုပ်မယ်လို့ ပန်ခမ်းမြို့ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ အရင်တုန်းကလည်း မြို့ကိုလော့ဒေါင်းချပြီး အာခေါင်တို့ပတ်ယူ စစ်ဆေးတာတွေရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"ဒီနေ့ည မြန်မာစံတော်ချိန် ၁၀ နာရီခွဲလောက်ကျရင် စပိတ်မယ်ပြောတယ်။ လော့ဒေါင်းချ မှာပေါ့နော်။ လူသွားရော၊ ကုန်သွားရော ပိတ်ပြီးတော့ မြို့ထဲမှာလည်း တချို့နေရာတွေကျတော့ အိမ်ထဲက အိမ်ပြင်ပေးမထွက်တာလည်း ရှိတယ်။ အပြင်လမ်းမပေါ်ကို မထွက်ရတော့ဘူး။ အရင်တုန်းက လော့ဒေါင်းပိတ်တုန်းကတော့ တရက်၊ နှစ်ရက်နေရင် အာခေါင်တို့ပတ်ကို သူ့ရပ်ကွက်နဲ့သူပေါ့ လူတွေကို တန်းစီပြီးတော့ စစ်တာပဲ။"

မြို့တွင်းနေထိုင်သူတွေမှာ ကပ်ရောဂါရှိ၊ မရှိ စစ်ဆေးသွားမယ်လို့ ထုတ်ပြန်ထားပေမယ့်လည်း ဒေသခံတချို့ကတော့ ဒီအစီအစဉ်ကို မသိရသေးဘူးလို့ ပြောပါတယ်။

"ဒီပန်ခမ်းဘက်မှာတော့ ကြေညာချက်တော့ ထုတ်တာတော့ မကြားသေးဘူး။ မိုက်နဲ့လည်း လိုက်မအော်သေးဘူး။ သူ့ဟာသူ အကုန်လုံး ပုံမှန်အသွားအလာ လုပ်နေကြတုန်းပဲ။ ဈေးလည်း သူ့ဟာနဲ့သူ ပုံမှန်ဖွင့်ကြတယ်။ "

ကိုဗစ်အတည်ပြုလူနာတွေထဲက ကိုယ့်ရဲ့နေအိမ်မှာ သီးသန့်နေထိုင်လို့ရတဲ့သူကို နေအိမ်မှာသာထားပြီး နေရာအခက်အခဲရှိသူတွေဆိုရင်တော့ သက်ဆိုင်ရာ ကိုဗစ်စင်တာတွေဆီ ပို့ဆောင်ဖို့ ကျန်းမာရေးဌာနက ညွှန်ကြားထားပါတယ်။ ကိုဗစ်အတည်ပြုလူနာတွေကို ရောဂါလက္ခဏာမရှိသူတွေနဲ့ သာမန် ဒါမှမဟုတ် အသင့်အတင့်ရောဂါလက္ခဏာရှိတဲ့ လူနာတွေအပါအဝင် ပြင်းထန်ရောဂါလက္ခဏာရှိတဲ့ လူနာဆိုပြီး ကျန်းမာရေးဌာနက အဆင့်ခွဲ သတ်မှတ်ထားပါတယ်။ ကပ်ရောဂါ ကာကွယ်နိုင်ဖို့နဲ့ ရောဂါကူးစက်ခံရပြီဆိုရင်လည်း ခုခံနိုင်စွမ်းရှိဖို့ ကိုဗစ်ရောဂါကာကွယ်ဆေး လူတိုင်းမဖြစ်မနေထိုးကြဖို့ ကျန်းမာရေးပညာရှင်တွေကလည်း တိုက်တွန်းနေပါတယ်။

Your browser doesn’t support HTML5

ရှမ်းပြည်နယ်တွင်း ကိုဗစ်ကူးစက်မှုတိုးလာ

===============

[[Unicode]]











===============