တနင်္သာရီတိုင်း မြိတ်မြို့နယ်ထဲမှာ ထိုင်းနိုင်ငံဘက်ခြမ်းအလုပ်သွားလုပ်ကြမယ့် လူငယ်တွေအပါအဝင် လူ ၂၀၀ ဝန်းကျင်ကို စစ်ကောင်စီတပ်က ဒီရက်ပိုင်းမှာပဲ ပစ်ခတ်ဖမ်းဆီးပြီး စစ်သားစုဆောင်းနေ တယ်လို့ အဖမ်းခံရပြီး ပြန်လွတ်လာသူက ဗွီအိုအေကိုပြောပါတယ်။ တနင်္သာရီတိုင်း ကော့သောင်း ဘက်မှာလည်း ထိုင်းဘက်က ပြန်ပို့လိုက်တဲ့လွတ်ရက်စေ့အကျဉ်းသားအတော်များများကို စစ်တပ်က ဖမ်းဆီးပြီး စစ်သားစုဆောင်းနေပါတယ်။ သတင်းအပြည့်အစုံ ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
တနင်္သာရီတိုင်း မြိတ်မြို့နယ်အတွင်းမှာ ထိုင်းနိုင်ငံကိုအလုပ်ထွက်လုပ်ဖို့ကြိုးစားတဲ့ လူငယ်တွေ အပါအဝင်လူ ၂၀၀ ဝန်းကျင်လောက်ကို စစ်တပ်က ဒီရက်ပိုင်းမှာပဲ ဖမ်းဆီးခဲ့ပါတယ်။ စစ်တပ်က ကားတွေနောက်ကလိုက်လာပြီး သေနတ်တွေနဲ့ပစ်ခတ်ဖမ်းဆီးပြီး ဝမ်းလျားမှောက်ခိုင်းထားပြီး စစ်ဆေးခဲ့ပါတယ်။
အဖမ်းခံရသူ ၂၀၀ ဝန်းကျင်အနက် မွန်ပြည်နယ်ကလာသူအများစုပါတဲ့လူငယ် ၁၀၀ ကျော်ကတော့ အခုချိန်ထိဖမ်းဆီးခံရဆဲဖြစ်တယ်လို့ လွတ်မြောက်လာသူတဦးက VOAကိုပြောပါတယ်။
"ဖမ်းဆီးခံရတာကတော့ ထိုင်းနိုင်ငံကိုသွားဖို့အတွက် ကားငါးစီးနဲ့ထွက်လာတာကို ပစ်ခတ်ပြီး နောက်ကလိုက်လာတာ။အများကြီးပဲ လူ ၂၀၀ ကျော်လောက်ရှိတယ်။ မွန်ဒေသကလူတွေချည်းပဲ ၁၈၀ လောက်ရှိတယ်။ တခြားက ရခိုင်တွေပါတယ်။ ချင်းတွေလည်း ပါတယ်။"
လူငယ်အများစုကို စစ်တပ်စခန်းနဲ့ တည်းခိုဆောင်နေရာကိုခေါ်သွားပြီး ဖမ်းဆီးချုပ်နှောင်ထား တယ်လို့ ဆိုပါတယ် ။တချို့ကို ငွေနဲ့ပြန်ရွေးခိုင်းမယ့်အခြေအနေရှိသလို တချို့ကိုတော့ စစ်သားအဖြစ် စုဆောင်းသွားမယ်လို့သိရကြောင်းကိုလည်းပြောပြပါတယ်။
"ကျနော်တို့ကိုဖမ်းဆီးပြီးတဲ့နောက် ၁၈ နှစ်အထက်တွေကိုတော့ ခေတ်သာစည်ဆိုတာ တည်းခိုဆောင် လား မသိဘူး။အဲဒီနေရာကိုခေါ်သွားတာလည်းရှိတယ်။ သူတို့စခန်းကိုလည်း ခေါ်သွားတယ်။ လူငယ် တွေ ၁၄၀ ကျော်လောက်ဖမ်းထားသေးတယ်။ အသက် ၄၀ ကျော်တွေကတော့ တရားဝင်လွှတ်ပေး လိုက်တယ်။ အခုကလူငယ်တွေကိုဖမ်းထားတုန်းပဲ။ သူနဲ့ငွေနဲ့ရွေးခိုင်းမလားတော့ မသိဘူး။"
တနင်္သာရီတိုင်း ကော့သောင်းဘက်ကို ထိုင်းနိုင်ငံဘက်ကနေပြန်ပို့ခဲ့တဲ့ လွတ်ရက်စေ့အကျဉ်းသား အတော်များများကိုလည်း စစ်တပ်ကဖမ်းဆီးပြီး စစ်သားစုဆောင်းတာ၊ ငွေညှစ်တောင်းခံတာတွေ ရှိတယ်လို့ ဒေသခံတဦးလည်း VOAကိုပြောပါတယ်။
"ဒေသခံမိသားစုတွေက မရှိ,ရှိတာပေါင်နှံပြီး သွားထုတ်တာရှိတယ်။ တချို့ကလည်း ပွဲစားတွေ အာမခံတယောက်ယောက် ခေါ်သွားတယ်။ ပွဲစား ဒါမှမဟုတ် အုပ်ချုပ်ရေးမှူးဖြစ်ဖြစ်ခေါ်သွားပြီး စစ်တပ်စခန်း ၂၆၂ မှာသွားထုတ်ကြတယ်။ ထုတ်ရတဲ့လူရှိသလို ကော့သောင်းဒေသခံတွေလည်း ရှိသလို အထက်ဘက် ရှမ်းပြည်တို့၊ ဧရာဝတီတို့ဘက်ကလူတွေကတော့ မိသားစုတွေနဲ့ အဆက်အသွယ် ပြတ်တော့ အခက်အခဲရှိတယ်။ အာမခံနိုင်တဲ့သူမရှိ၊ လာထုတ်နိုင်တဲ့သူမရှိဘူး။ အဲဒီလူတွေကတော့ ပါသွားကြတယ်။"
မြိတ်မြို့၊ ကျွဲကူးတံတားအလွန်မှာ ကား ၅ စီးကနေ ဖမ်ဆီးခံရသူတွေထဲက အများစုကို စစ်တပ် တပ်စခန်းတွေကိုခွဲပြီး ပို့လိုက်ကြောင်းသိရပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေကတော့ ရခိုင်ပြည်၊ ရမ်းဗြဲမြို့ ၊ လေးတောင်မြို့၊ ကျောက်တော်၊ မြောက်ဦး၊ အမ်း၊ တောင်ကုတ်မြို့နယ်တွေကဖြစ်ပြီး မူဆလင်လူငယ်တွေလည်းပါဝင်ပါတယ်။ ဒီတခေါက်ဖမ်းဆီးမှုမှာ မွန်ပြည်နယ်ကအများစုပါဝင်ပြီး အမျိုးသမီးနဲ့ အသက် ၄၀ ကျော်တွေကိုတော့ပြန်လွှတ်ပေးခဲ့တယ်လို့ လည်း ပြန်လွတ်လာသူတွေကပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့မရှိသေးပါဘူး။
Your browser doesn’t support HTML5