ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောကြာနေ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်စမည်

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီဟာ မနက်ဖြန် ဇွန်လ ၂၉ ရက်နေ့ကနေ ဇူလိုင်လ ၈ ရက်နေ့အထိ မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ပြီး ဒါကာ မြို့တော်အပြင် မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည် အများအပြား ခိုလုံနေထိုင်နေတဲ့ နယ်စပ်က Cox’s Bazar မြို့ကိုလည်း သွားရောက်မယ့်အကြောင်း ကုလသမဂ္ဂက ဒီကနေ့ သတင်းထုတ်ပြန် ပါတယ်။

အထူးကိုယ်စားလှယ်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တောင်းဆိုနေတဲ့ တိုင်အောင်၊ မြန်မာအစိုးရက သူ့ကို ပြည်ဝင်ခွင့် ဆက်လက် ငြင်းပယ်နေတာကတော့ စိတ်မကောင်းစရာပဲလို့ အထူးကိုယ်စားလှယ် ယန်ဟီးလီက ပြောပါတယ်။ ဒါကာ ခရီးစဉ်အတွင်း ကုလသမဂ္ဂ နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိပြီး အဲဒီနောက် Cox’s Bazar ကို ခရီးဆက်တဲ့အခါမှာလည်း ကုလသမဂ္ဂအေဂျင်စီတွေ၊ လူသားချင်းစာနာကူညီရေးအဖွဲ့တွေ၊ အစိုးရ နဲ့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေနဲ့ပါ တွေ့ဆုံမယ့်အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ အများအပြား ရှိနေတဲ့ Bashan Char ကျွန်းကို သွားရောက်လိုတဲ့ အကြောင်းလည်း ပြောဆိုထားပါတယ်။ ခရီးစဉ်အပြီး သူ့ရဲ့ရှာဖွေတွေ့ရှိချက်တွေကိုတော့ လာမယ့် အောက်တိုဘာလ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အစီရင်ခံစာ တင်သွင်းမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ သီးခြားလွတ်လပ်တဲ့ နိုင်ငံတကာရဲ့ စုံစမ်းစစ်ဆေးမှုတွေ ခွင့်ပြုဖို့ မစ္စ် ယန်ဟီးလီက မနေ့ကပဲ လူ့အခွင့်အရေး ကောင်စီဆွေးနွေးပွဲအတွင်း ထပ်မံ တိုက်တွန်းခဲ့တာပါ။

မြန်မာအစိုးရ ကိုယ်စားလှယ်ကတော့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ တင်ပြချက်တွေဟာ ဘက်လိုက်မှုရှိပြီး လုပ်ထုံးလုပ်နည်းနဲ့ မညီတာတွေ ရှိခဲ့တယ်ဆိုပြီးတော့ သူ့နေရာမှာ လူစားထိုးခန့်အပ်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောကြာနေ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်စမည်