ရန်ကုန်တိုင်းအထည်ချုပ်စက်ရုံ ၅ ခု အလုပ်သမားတွေ စုစည်းဆန္ဒပြ

အလုပ်သမားတွေ စုစည်းဆန္ဒပြနေစဉ် (Photo-ko sai nge)

အလုပ်ရှင်နဲ့ အလုပ်သမားအကြား အငြင်းပွားမှု ပဋိပက္ခတွေ အမြန်ဆုံး ဖြေရှင်းပေးဖို့နဲ့ လုပ်ခ လစာ မရရှိတွေကို ဖြေရှင်းပေးဖို့ ဒီကနေ့ ရန်ကုန်မြို့ အထည်ချုပ် စက်ရုံ ၅ ရုံက အလုပ်သမားတွေ စုပေါင်းပြီး လှိုင်သာယာ မြို့နယ်အတွင်းမှာ လှည့်လည် ဆန္ဒပြ ခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ကိုကောင်းစံဟိန်းက ပြောပြပေးမှာပါ။

အလုပ်သမား ခေါင်းဆောင်တွေ အလုပ်ထုတ်ခံရတာ ၊အလုပ်ပိတ် လျော်ကြေးမရတာ ၊လုပ်ခလစာ မရရှိတာတွေအတွက် တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးဖြေရှင်းပေးလို့ တောင်းဆိုတာဖြစ်တယ်လို့ ဒီကနေ့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဖုရင်အထည်ချုပ် စက်ရုံက မသက်ထားဆွေ ကပြောပါတယ်။

"အခုဆိုလို့ရှိရင် ဖုယွင်အလုပ်သမား သပိတ်က၃၇ ရက်မြောက်တောင် ရှိနေပြီ။ ဒီလိုအခြေအနေမျိုးမှာ အလုပ်သမားတွေ အနေနဲ့ အခက်အခဲတွေ အများကြီး ရှိတယ်။ အစစ အရာရာ ကျန်းမာရေးက အစ အခက်အခဲတွေ ရှိတယ်။ အဲ့ဒီနည်းမျိုးစုံ ကြုံတွေ့နေရတဲ့ အခက်အခဲက ရက်ပေါင်းတွေကလည်း ကြာရှည်နေပြီ။ ဒါကို တာဝန်ရှိတဲ့ လူတွေအနေနဲ့ကမှ ထိထိရောက်ရောက် ဝင်ရောက် ညှိနှိုင်းပေးထာမျိုး မရှိသေးဖူး။ ဒီလိုမျိုး မလုပ်တာဖြစ်တဲ့အတွက် အလုပ်သမားထုရဲ့ကိုယ်စား အခုလို လုပ်ရတာ ဖြစ်တယ်။"

Great Wings ဖိနပ်စက်ရုံ၊ MDM ဖိနပ်စက်ရုံ၊ Central Star အထည်ချုပ်စက်ရုံ၊ Fu Yuen အထည်ချုပ်စက်ရုံ Myanmar Infochamp ဖိနပ်စက်ရုံ တွေက အလုပ်သမား ၃၀၀ လောက်ဆန္ဒပြပွဲမှာ ပါဝင်ကြပါတယ်။

၂၀၁၄ ခုနှစ်က ပြဌာန်းခဲ့တဲ့ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေအရ အလုပ်သမားပြသနာတွေကို အရပ်ဖက်တရားရုံးမှာပဲ ဖြေရှင်းဖို့ ဆုံးဖြတ်ခဲ့တာကြောင့် တစ်ဦးချင်းစီအတွက် အကာအကွယ်မရှိတော့သလို ဖြစ်နေရတဲ့အကြောင်း ဒီကနေ့ ဆန္ဒပြပွဲမှာ ပါဝင်လှုပ်ရှားတဲ့ ကိုရဲနိုင်ဝင်းက အခုလိုပြောပါတယ်။

"အလုပ်ရှင် အလုပ်သမား ပြသနာတက်ရင် ဖြေရှင်းပေးရမယ့် အငြင်းပွားမှုဖြေရှင်းရေး ဥပဒေဆိုတာ ရှိတယ်။ ပုဒ်မ ၂၃ပေါ့ တစ်ဦးချင်းအငြင်းပွားမှုကို အရပ်ဘက်တရားရုံးတွေကို စေလွှတ်နိုင်တယ်ဆိုတဲ့ ပုဒ်မ ပြဌာန်းချက်ကို ဝန်ကြီးဌာနက ကြေညာချက် ထုတ်လိုက်တဲ့အခါ ဘာဖြစ်သွားလဲဆိုတော့ ဒီတစ်ဦးချင်း အငြင်းပွားတဲ့ သမဂ္ဂဝင် မဟုတ်တဲ့ အငြင်းပွားမှုတွေကို ခုံသမာဓိတို့ သမ္မဂကောင်စီတို့က မဖြေရှင်းတော့ဘူး။ မဖြေရှင်းတဲ့အခါကျတော့ မြို့နယ်ညှိနှိုင်းဖြေရှင်းရေးမှာ မရတဲ့အခါကျတော့ သူတို့က အရပ်ဖက်တရားရုံးကိုလွှတ်တယ်။ အဲ့မှာ အလုပ်သမားတွေ အရပ်ဖက်တရားရုံးမှာ ရင်ဆိုင်နိုင်တဲ့ အခြေအနေ မရှိတဲ့အခါကျတော့ သူတို့တကယ် ရရမယ့် အခွင့်အရေးတွေ မရဘဲ ပိတ်ဆို့မှုတွေ ဖြစ်နေတယ်။"

ဖုယွင်အထည်ချုပ် စက်ရုံက အလုပ်သမား ခေါင်းဆောင် ၃၀ ကို မကြာခင်လ ပိုင်းတွေအတွင်း အလုပ်ထုပ်ခဲ့တာကြောင့် သြဂတ်စ်လ ၂၁ရက်နေ့က စတင်ပြီး ဒီကနေ့အထိ စက်ရုံရှေ့မှာ အလုပ်သမားတွေ ပိတ်ဆို့ဆန္ဒပြနေကြတာပါ။ အလုပ်ရှင် ၊အလုပ်သမား အကြား အငြင်းပွားမှုတွေ ဖြေရှင်းတဲ့နေရာမှာ အလုပ်ရှင်ဘက်ရော၊ အလုပ်သမားဘက်ပါ နှစ်ဖက်စလုံးအတွက် နစ်နာမှုတွေမရှိဘဲ ဖြေရှင်းနိုင်တဲ့ မျှတတဲ့ ဥပဒေတွေ ထွက်ပေါ်လာဖို့ ဆန္ဒပြအလုပ်သမားတွေ တောင်းဆိုနေကြပါတယ်။

Your browser doesn’t support HTML5

ရန်ကုန်တိုင်းအထည်ချုပ်စက်ရုံ ၅ ခု အလုပ်သမားတွေ စုစည်းဆန္ဒပြ