ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်း စက်မှုဇုံက ဖုယွင် အထည်ချုပ် စက်ရုံမှာ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမား ၃၀ ကို အလုပ်ပြန်ခန့်ဖို့ စက်ရုံဘက်က သဘောတူလိုက်တာကြောင့် သီတင်းပတ်နဲ့ချီ ကြာမြင့်ခဲ့တဲ့ အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။
မနေ့ညပိုင်းက ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဘက်က ဝင်ရောက်ဖြေရှင်းပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြ အလုပ်သမားတွေက ရန်ကုန် အစိုးရရုံးရှေ့မှာ သပိတ်စခန်းဖွင့်ခဲ့တာပါ။ ညတွင်းချင်းမှာဘဲ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အစိုးရ အဖွဲ့က သပိတ်မှောက် အလုပ်သမားတွေနဲ့ တွေ့ဆုံ ညှိနှိုင်းခဲ့ပြီး ဒီကနေ့မှာ စက်ရုံမှာ ထပ်ပြီး ညှိနှိုင်းခဲ့ကြတာပါ။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင် ဒီကနေ့ စက်ရုံကို သွားရောက်ပြီး အလုပ်ရှင်၊ အလုပ်သမားတွေနဲ့ ညှိနှိုင်းပါတယ်။ အလုပ်ရှင်ဘက်က အလုပ်ထုတ်ခံထားရသူတွေကို ပြန်ပြီး အလုပ်ခန့်ဖို့ သဘောတူပေမယ့်လည်း စက်ရုံထဲက အလုပ်သမားခေါင်းဆောင်တွေ၊ ကြီးကြပ်တွေက ဆန့်ကျင် ဆန္ဒပြကြတာကြောင့် ထပ်ပြီး ညှိနှိုင်းခဲ့ကြရတာပါ။
ဒါပေမယ့် အခုနောက်ဆုံးမှာတော့ အလုပ်ထုတ်ခံထားရသူတွေကို ပြန်ခန့်ဖို့ သဘောတူညီချက် ရရှိပြီးနောက်ပိုင်း လစာနဲ့ ပတ်သက်ပြီးလည်း ဆက်ပြီး ညှိဖို့ သဘောတူညီချက် ရရှိသွားပါတယ်။ ဖုယွင် အထည်ချုပ် စက်ရုံက အလုပ်သမား သမဂ္ဂ အဖွဲ့ဝင် အလုပ်သမား ၃၀ အလုပ်ထုတ်ခံရပြီးနောက် အလုပ်သမားတွေရဲ့ မကျေမနပ် ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။
Your browser doesn’t support HTML5