အာရှအားကစားပွဲမှာ ပိုက်ကျော်ခြင်းနဲ့ မြန်မာ ပထမဆုံး ရွှေတံဆိပ်ရ

အာရှအားကစားပြိုင်ပွဲ အမျိုးသား ပိုက်ကျော်ခြင်းဗိုလ်လုပွဲမှာ အင်ဒိုနီးရှား (အနီ)ကို အနိုင်ရသွားတဲ့ မြန်မာအသင်း (အဖြူ)

တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ အာရှအားကစားပွဲတွေမှာ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ကို အမျိုးသားပိုက်ကျော်ခြင်း အသင်းက ရရှိသွားပါတယ်။ အင်ဒိုနီးရှားနဲ့ ၃ ပွဲကစား ရမယ့်ပွဲစဉ်မှာ ၂၁ မှတ်၊ ၁၃ မှတ်၊ ၂၄ မှတ်၊ ၂၂ မှတ်၊ ၂ ပွဲပြတ်နဲ့ မြန်မာအသင်းက အနိုင်ရလိုက်တာပါ။ ခက်ခဲတဲ့ ပွဲစဉ်တွေနဲ့ ကြုံခဲ့ရပေမဲ့ အသင်းသားတွေနဲ့ နည်းပြတွေရဲ့ စုစည်းမှုနဲ့ အောင်မြင်မှု ရခဲ့တာလို့လည်း ပွဲစဉ်အပြီးမှာ မြန်မာအသင်းဝင် သန့်ဇင်ထွန်းက ပြောခဲ့တာကို AP သတင်းက ကိုးကားဖော်ပြပါတယ်။ အစောပိုင်း ပွဲစဉ်မှာ အင်ဒိုနီးရှားကို မြန်မာအသင်း ရှုံးခဲ့ဖူးပေမဲ့ ဒီတကြိမ်မှာ အနိုင်ရပြီး ဗိုလ်စွဲခဲ့တာလည်း ဖြစ်ပါတယ်။ အင်ဒိုနီးရှားအသင်းရဲ့ ကစားပုံကို လေ့လာထားပြီး အောင်ပွဲရအောင် ကစားနိုင်ခဲ့တာလို့လည်း နည်းပြ ဦးအောင်ချိုမြင့်ကပြောပါတယ်။

အမျိုးသမီး ပိုက်ကျော်ခြင်းပွဲစဉ်တွေမှာတော့ ဗီယက်နမ်က အင်ဒိုနီးရှားကို အနိုင်ရပြီး ရွှေတံဆိပ် ရရှိသွားပါတယ်။ ၃ ပွဲကစားရမှာ ပထမပွဲမှာ အင်ဒိုနီးရှား အနိုင်ရခဲ့ပေမဲ့ ကျန် ၂ ပွဲမှာ ဗီယက်နမ်အသင်းက ဆက်တိုက်အနိုင်ရပြီး ရွှေတံဆိပ်ရခဲ့တာပါ။ တရုတ်နိုင်ငံ Hangzhou မှာ ကျင်းပနေတဲ့ အာရှအားကစားပွဲတော်မှာ မြန်မာနိုင်ငံအတွက်တော့ ဒါဟာ ပထမဆုံး ရွှေတံဆိပ်ရခဲ့တာ ဖြစ်ပါတယ်။ အိမ်ရှင်တရုတ်နိုင်ငံကတော့ ရွှေတံဆိပ်ဆု အများဆုံးနဲ့ ဦးဆောင်နေပါတယ်။

Your browser doesn’t support HTML5

အာရှအားကစားပြိုင်ပွဲမှာ မြန်မာ ပထမဆုံးဆုတံဆိပ်ရ