လာနီညာကြောင့် မြန်မာရာသီဥတု ဖောက်ပြန်

  • မသင်းသီရိ

လာနီညာကြောင့် မြန်မာရာသီဥတု ဖောက်ပြန်

မြန်မာနိုင်ငံမှာ ဒီရက်ပိုင်းတွေအတွင်း ပုံမှန်မဟုတ်တဲ့ ရာသီဥတု ဖောက်ပြန်မှုတွေ ဖြစ်နေပါတယ်။ နိုင်ငံရဲ့ နေရာတော်တော်များများမှာ မိုးများ စိုစွတ်ပြီး အုံ့မှိုင်းတဲ့ ရာသီဥတုအပြင် အေးတဲ့ဒဏ်တွေကိုပါ ကြုံနေကြရပါတယ်။ ဒါဟာ အာရှ၊ ပစိဖိတ် ဒေသတွင်း ဖြစ်နေတဲ့ လာနီညာ ရာသီဥတုရဲ့ အကျိုးဆက်တွေအဖြစ် အခုလို နွေကာလတွင်း မိုးရွာပြီး အေးနေတာ ဖြစ်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။ ဘယ်နေရာတွေ မိုးများနေပြီး ဘယ်လောက်ထိ အေးနေသလဲဆိုတာ မသင်းသီရိက တင်ပြပေးထားပါတယ်။

တကယ်တော့ မတ်လဆိုတာ နွေရာသီအစမို့ ပူပြင်း ခြောက်သွေ့ရမယ့်အစား အခုတော့ မိုးတွေလည်းရွာ၊ လေတွေလည်းတိုက်၊ တခါ ဆောင်းတွင်းအလား ရာသီဥတုကလည်း အေးနေပါတယ်။ ရန်ကုန်မှာဆို မိုးဆက်တိုက်ရွာနေတာ ဒီနေ့နဲ့ဆို ၂ ရက်ရှိနေပြီဖြစ်ပြီး အပြင်မထွက်ချင်လောက်အောင် အေးနေတယ်လို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့ အပတ်ထဲ ရန်ကုန်မြို့အတွင်းမှာ လေပြင်းတွေလည်း ကျခဲ့လို့ ပျက်စီးမှုတွေလည်း ကြုံခဲ့ရတာ ရှိတယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။

“မနေ့က မနက်ပိုင်းက ရွာတဲ့မိုးက တညလုံးရွာတယ်၊ အခုအချိန်ထိ ရွာနေတာပေါ့။ မိုးကမသည်းပေမဲ့ လေက တအားတိုက်တယ်။ တချက်တချက် လေက တော်တော်လေးတိုက်တယ်၊ ပြင်းပြင်းလေး။ ခါတိုင်း မိုးတွင်းတုန်းက အေးတယ်။ အဲဒီအအေးထက် ဆိုးတယ်။ အခုက မိုးရော ဆောင်းရော နှစ်ခုရောပြီး အေးသလို အေးနေတာ။

“ပြီးခဲ့တဲ့ သုံးလေးရက်လောက်ကတော့ မြို့စွန်တွေမှာ တော်တော်လေးဖြစ်တယ်လို့ ပြောတယ်။ လောလောဆယ်တော့ ဈေးသည်တွေက ဒုက္ခရောက်တာပေါ့။ ၈ နာရီ၊ ၉ နာရီလောက်ဆို ဈေးသည်တွေက တုန်ပြီးတော့ ဘယ်လိုမှ မခံနိုင်တော့လို့ ဈေးကို မရောင်းနိုင်ဘဲနဲ့ ကုန်တွေ ကုန်ကုန် မကုန်ကုန် သိမ်းသွားတာမျိုးတွေတော့ ရှိတယ်။”

တခါ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဘက်မှာတော့ အချိန်အခါမဟုတ်တဲ့ မိုးကြောင့် ရိတ်ဖို့ နောက်ကျနေတဲ့ ပဲခင်းတွေ ပျက်စီးတာမျိုး ကြုံနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ပဲခင်းထဲမှာ ရေတွေ တော်တော်ပြင်းနေတယ်လေ။ ပဲခင်းထဲမှာ ရေတွေ ၅ လက္မလောက် ဝင်နေတာ။ ပဲစိုက်တဲ့သူတွေက ပျက်စီးတယ်ဆိုတာ တလင်းထဲမှာ နယ်ထားရင်တော့ ပျက်စီးတာပေါ့လေ၊ မိုးကြောင့်။ စပါးကတော့ နည်းနည်း ပျက်စီးတာများတယ်။ အခက်အခဲတော့ နည်းနည်း ရှိတာပေါ့။”

တချို့ကျတော့လည်း ပဲရိတ်အပြီး နွေစပါးစိုက်ဖို့ ပြင်ဆင်နေသူတွေ ပျက်စီးမှု ကြုံနေရတယ်လို့လည်း သူက ပြောပါတယ်။ ဧရာဝတီတိုင်းဘက်မှာ မိုးဆက်တိုက်ရွာနေပေမဲ့ လေပြင်းကျတာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ မနေ့ကတော့ မြစ်ကြီးနားနဲ့ မန္တလေးသွားတဲ့ ရထားလမ်းတွေ မိုးများလို့ လမ်းချော်တာတွေ ဖြစ်တာကြောင့် နာရီ ၂၀ ကျော်ကြာ ရထားသွားလာမှု ရပ်ထားရပါတယ်။ ဒီအချိန်က ကချင်ပြည်နယ်မှာရှိတဲ့ အင်းတော်ကြီး ဘုရားပွဲ ကျင်းပချိန် ဖြစ်တဲ့အတွက် ဘုရားပွဲ သွားတဲ့သူတွေ မိုးကြောင့် ဆက်မသွားနိုင်တော့တာ၊ သွားတဲ့ဆိုင်ကယ်နဲ့ ယာဉ်တချို့ လမ်းပျက်တာကြောင့် တိမ်းမှောက်တာမျိုး ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်ပြည်နယ်မှာတော့ နေရောင်မမြင်ရဘဲ အုံ့မှိုင်းတဲ့ ရာသီဥတုအပြင် မိုးရွာပြီး အရမ်းအေးနေတယ်လို့ ပြောသလို မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာတော့ ရာသီဥတုက အုံ့မှိုင်းပြီး မိုးက ခပ်စွေစွေလေး ဖြစ်နေပြီး အေးတယ်လို့ ပြောပါတယ်။

အခုလို ရာသီဥတု ဖောက်ပြန်မှုတွေဟာ အာရှ၊ ပစိဖိတ် ဒေသအတွင်း ဖြစ်နေတဲ့ လာနီညာ ရာသီဥတုရဲ့ အကျိုးဆက်တွေကြောင့် ကြုံနေရတာ ဖြစ်တယ်လို့ မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။

“ဒီဥစ္စာတော့ မနှစ် နိုဝင်ဘာလကတည်းက ဖြစ်နေတဲ့ လာနီညာ ရာသီဥတုပါ။ လာနီညာ ရာသီဥတုက အေးပြီးတော့ စွတ်စိုတဲ့ ရာသီဥတုကို ဖြစ်စေတာ သူ့ရဲ့ ဝိသေသ လက္ခဏာပါပဲ။ အခုထိလည်း ဖြစ်နေဆဲပါပဲ။ မတ်လကုန်ထိ ရှိဖို့ ၈၀% ရှိတယ်လို့ ကျနော်တို့ လွန်ခဲ့တဲ့ ဇန်နဝါရီ၊ ဖေဖော်ဝါရီကတည်းက ကြေညာထားပါတယ်။ ရေငွေ့ပါတဲ့လေတွေ ဖုံးလွှမ်းသွားတဲ့ အချိန်ကစပြီး ဒီရာသီဥတုမျိုး ယနေ့အချိန်ထိ တွေ့နေရတာ ဖြစ်ပါတယ်။ ဒါ မိုးရွာတဲ့အကြောင်းပါ။”

မြန်မာနိုင်ငံဟာ နွေရာသီအပြီး မိုးရာသီဘက်ကို ကူးတော့မှာမို့ ရှေ့ဆက်ပြီး ဒီ့ထက်မိုးများတာမျိုး ကြုံရနိုင်တယ်လို့ ဦးထွန်းလွင်က သူ့ခန့်မှန်းချက်ကို ပြောပြပါတယ်။

“ရှေ့လျှောက်ကတော့ မိုးရာသီဘက် သွားနေတာဆိုတော့ တိုးဖို့ပဲရှိတာပေါ့။ မိုးရာသီက သူ့ဟာသူကို ဒီလိုရာသီဥတုတွေ ဖြစ်တဲ့ကာလပဲလေ။ အဲဒီကာလတိုးလေ ဒါတွေကို ပိုတိုးလာလေပဲ ဖြစ်မယ်။ အထူးသဖြင့် ကျနော်တို့ အဓိက ကြည့်ရမှာကတော့ လာနီညာ မတ်လကုန်မှာ ပြီးမလား၊ ဒါမှမဟုတ် နောက်ပိုင်း သူတို့ခန့်မှန်းသလို မေလအထိ ရှိမလား၊ အဲဒီအပေါ်မှာ အဓိက တည်ပါလိမ့်မယ်။

“အကယ်၍သာ လာနီညာ မတ်လကုန်မှာ မပြီးဘဲ မေလအထိ ဆက်လက်ရှိဦးမယ် ဆိုရင်တော့ ရာသီဥတု အခြေအနေတွေဟာ နောက်ပိုင်းလတွေမှာ ကျနော့်အယူအဆ ပိုပြီးတော့ သတိထားဖို့ လိုပါလိမ့်မယ်။ ပိုဆိုးလာနိုင်စရာ ရှိပါတယ်။”

မိုးလေဝသ ပညာရှင် ဦးထွန်းလွင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

အခု ပစိဖိတ် သမုဒ္ဒရာ အလယ်ပိုင်းမှာ ဖြစ်နေတဲ့ လာနီညာ ရာသီဥတု ဖောက်ပြန်မှုဟာ ကမ္ဘာ့ တောင်ဘက်ခြမ်းဖြစ်တဲ့ သြစတြေးလျ၊ နယူးဇီလန် အပြင် တောင်အမေရိက နိုင်ငံတချို့မှာ ကြုံခဲ့ရတာကို ကြည့်ခြင်းအားဖြင့် ကမ္ဘာ့သမိုင်းမှာ အဆိုးဆုံးပဲလို့ မိုးလေဝသ ပညာရှင်များက မှတ်ချက် ထုတ်ပြန်ထားပါတယ်။