(Zawgyi / Unicode)
ဒီဇင်ဘာလ ၂၄ ရက်နေ့က ကယားပြည်နယ်မှာ အရပ်သားတွေအပေါ် တိုက်ခိုက်မှု သတင်းတွေကြောင့် ထိတ်လန့် တုန်လှုပ်မိကြောင်း ကုလသမဂ္ဂ စာနာမှုနဲ့ အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ်က ဒီဇင်ဘာ ၂၆ ရက်စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ပါတယ်။
ခိုင်လုံတဲ့ သတင်းတွေအရ အနည်းဆုံး ကလေးငယ်တဦး အပါအဝင် လူ ၃၅ ယောက်ကို သူတို့ရဲ့ကားတွေပေါ်က ဆင်းခိုင်းပြီး သတ်ဖြတ် မီးရှို့ခဲ့တယ်လို့ သိရကြောင်းနဲ့ ဒီအကြမ်းဖက်လုပ်ရပ်မှာ Save the Children က ဝန်ထမ်း ၂ ဦးလည်း ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒီလို လွန်စွာဆိုးရွားတဲ့ ဖြစ်ရပ်နဲ့ နိုင်ငံတဝန်း အရပ်သားတွေအပေါ် တိုက်ခိုက်မှု အားလုံးကို ရှုတ်ချကြောင်းနဲ့ ဒါမျိုးတွေကို နိုင်ငံတကာ စာနာမှု ဥပဒေအရ တားမြစ်ထားတယ်လို့လည်း ဆိုပါတယ်။
အာဏာပိုင်တွေအနေနဲ့ ကျူးလွန်သူတွေကို မြန်မြန်ဆန်ဆန် ရုံးတင်စစ်ဆေးနိုင်အောင် ဒီဖြစ်ရပ်ကို သေသေချာချာ ပွင့်ပွင့်လင်းလင်း စုံစမ်းစစ်ဆေးမှုတရပ် ချက်ချင်းစတင်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် မြန်မာအစိုးရ တပ်ဖွဲ့များ အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းအားလုံး အနေနဲ့ အရပ်သားတွေကို ဘေးအန္တရာယ် မကျရောက်အောင် နည်းမျိုးစုံနဲ့ လုပ်ဆောင်ကြဖို့လည်း တောင်းဆိုလိုက်ပါတယ်။
သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေဟာ စာနာမှု အထောက်အပံ့တွေကို အလွန်အမင်း လိုအပ်နေပြီး ကုလသမဂ္ဂနဲ့ စာနာမှုဆိုင်ရာ လက်တွဲလုပ်ဆောင်နေတဲ့ အဖွဲ့အစည်း အားလုံးကနေ မြန်မာပြည်အနှံ့ ထောက်ပံ့ပေးနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားဆဲ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5
--------------------
(Unicode)