နောက်တက်မယ့် မြန်မာအစိုးရ အပြောင်းအလဲ ဖော်ဆောင်နိုင်ဖို့ အမေရိကန် မျှော်လင့်

နောက်တက်မယ့် မြန်မာအစိုးရ အပြောင်းအလဲ ဖော်ဆောင်နိုင်ဖို့ အမေရိကန် မျှော်လင့်

ရွေးကောက်ပွဲနောက်ပိုင်း တက်လာမယ့် အစိုးရသစ် အနေနဲ့ မြန်မာ့နိုင်ငံရေး ပြဿနာကို ချဉ်းကပ် ကိုင်တွယ်ရာမှာ အရင်အစိုးရနဲ့ မတူဘဲ ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း အမေရိကန် ပြည်ထောင်စုက ပြောပါတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ မြန်မာနိုင်ငံတွင်း နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းရာမှာ တိုင်းပြည်တွင်းက တိုင်းရင်းသား အုပ်စုတွေ၊ နိုင်ငံရေး အုပ်စုတွေနဲ့ ဆွေးနွေး ညှိနှိုင်းရမယ် ဆိုတာကိုပဲ ဆက်ပြီး တိုက်တွန်းနေမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိနိုင်ဘူးလို့ ယူဆပေမဲ့လည်း ရွေးကောက်ပွဲအလွန် အစိုးရသစ်နဲ့တော့ ဆက်ပြီး ထိစပ် ဆက်ဆံရမှာ ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုက သဘောထား ပြောခဲ့ပြီးသားပါ။ လက်ရှိ သမ္မတ အိုဘားမား အစိုးရရဲ့ မူဝါဒအရ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့တဲ့ ဖိအားပေးမှုတွေ ဆက်ထားဖို့ လိုသလို အစိုးရနဲ့လည်း ထိစပ်ပြီး အပြောင်းအလဲတွေအတွက် ဖျောင်းဖျ ပြောဆို တိုက်တွန်းသွားမယ်လို့ ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စု အနေနဲ့တော့ မြန်မာအစိုးရနဲ့တင် မဟုတ်ဘဲ အခြား မြန်မာနိုင်ငံအပေါ် သြဇာရှိတဲ့ နိုင်ငံတွေနဲ့ပါ မြန်မာ့အရေးကိစ္စ ဆွေးနွေးမှုတွေ ရှိနေပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က မနေ့က နိုင်ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံ ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံအတော်များများနဲ့ ကျနော်တို့ ဆက်စပ် ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံတွင်းက အခြေအနေတွေနဲ့ ပတ်သက်လို့ ကျနော်တို့ အင်မတန် စိုးရိမ်ရပါတယ်။ လာမယ့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့လည်း ကျနော်တို့ စိုးရိမ်ကြောင်း ပြောထားပြီးပါပြီ။ ဒီရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ မယုံကြည်ပါဘူး။

“မြန်မာနိုင်ငံနဲ့ရော မြန်မာနိုင်ငံအပေါ် သြဇာသက်ရောက်တဲ့ တခြားတိုင်းပြည်တွေနဲ့ပါ ကျနော်တို့ ဆွေးနွေးပြောဆိုတိုင်း မြန်မာနိုင်ငံ လူ့အဖွဲ့အစည်းအတွင်း လွတ်လပ်မှုတွေ ရှိလာဖို့၊ နောက်ပြီး တိုင်းရင်းသားအုပ်စုတွေ၊ နိုင်ငံရေး အုပ်စုတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ အမြဲတမ်းလိုလို တိုက်တွန်းပြောဆိုပါတယ်။ မြန်မာနိုင်ငံ အခြေအနေ အရပ်ရပ်ကိုတော့ ကျနော်တို့ စောင့်ကြည့်သွားမှာပါ။ လာမယ့် အစိုးရသစ်ဟာ အရင်အစိုးရနဲ့ မတူဘဲ ကွဲပြားတဲ့ ကိုင်တွယ်ဆောင်ရွက်မှုတွေ လုပ်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။”

နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီ ပြောသွားတာ ဖြစ်ပါတယ်။

လာမယ့် မြန်မာနိုင်ငံ ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အတိုက်အခံ အတော်များများကို ပယ်ထုတ်ထားတာကြောင့် ဒီရွေးကောက်ပွဲဟာ နိုင်ငံတကာရဲ့ ယုံကြည်လက်ခံမှု ရနိုင်မှာ မဟုတ်ဘူးလို့ အမေရိကန် ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံတွေက မြန်မာစစ်အစိုးရကို သတိပေးထားပါတယ်။

ဒါပေမဲ့လည်း ရွေးကောက်ပွဲအရ တက်လာမယ့် အစိုးရသစ်ကိုတော့ ဆက်ပြီး ဆက်ဆံသွားရမယ်ဆိုတဲ့ သဘောထားတော့ ရှိပုံရပါတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အထူးကိုယ်စားလှယ်တဦး ထားဖို့ဆိုတဲ့ ဥပဒေ ရှိထားပေမဲ့ အခုအချိန်အထိတော့ အထူးကိုယ်စားလှယ် ခန့်ထားနိုင်ခြင်း မရှိသေးပါဘူး။