လက်ရှိနိုင်ငံရေးတင်းမာနေမှုအပေါ် အဖွဲ့အစည်းအသီးသီးရဲ့ သဘောထားကြေညာချက်များ

ကန့်ကွက်ဆန္ဒပြသူတွေကို ရဲများက ပို့ဆို့နေပုံ တွေ့ရစဉ်။ (ဇန်နဝါရီ ၂၉၊ ၂၀၂၁)

(Zawgyi/Unicode)

မြန်မာနိုင်ငံအတွင်းက ပြည်တွင်း နိုင်ငံရေး၊ ဘာသာရေးနဲ့ လူမှုအဖွဲ့အစည်းပေါင်းစုံက လက်ရှိ တွေ့ကြုံနေရတဲ့ မြန်မာ့ နိုင်ငံရေး အခြေအနေ အပေါ်သဘောထားအမြင်တွေ ထုတ်ပြန်ကြေညာနေသလို ရွေးကောက်ပွဲအငြင်းပွားမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ကိုလည်း တောင်း ဆိုနေကြပါတယ်။

ကေအဲန်ယူ-ကရင် အမျိုးသား အစည်းအရုံးရဲ့ ကြေညာချက်မှာတော့ လက်ရှိ အကျပ်အတည်းကိုကျော်လွှားဖို့နဲ့အမျိုးသားပြန်လည် သင့်မြတ်မှု ပေါ်ထွန်းလာရေး သက်ဆိုင်ရာ အစုအဖွဲ့တွေ အားလုံး ပါဝင်တဲ့ မျက်နှာစုံညီညှိနှိုင်းအစည်းအဝေးတစ်ခုအရေးပေါ်ကျင်းပ ပေးဖို့ တောင်းဆိုထားပါတယ်။ ပြည်ထောင်စုနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ရှေ့ရှုပြီး ငြိမ်းချမ်းစွာ ညှိနှိုင်း အဖြေရှာဖို့ လိုအပ် တယ်လို့လည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး NCA ကို လက်မှတ်ရေးထိုးထားတဲ့ ကေအဲန်ယူ အဖွဲ့ရဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

မြန်မာ့နိုင်ငံရေးသမိုင်းမှာ အရေးပါတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်- ဗကသကတော့ အာဏာရှင်စနစ်နဲ့ စစ် အာဏာသိမ်းတဲ့ ဘယ်လို လုပ်ရပ်မျိုးကို မဆို ပြတ်ပြတ်သားသား ဆန့်ကျင်တယ်လို့ ကြေညာလိုက်ပါတယ်။ ဒီမိုကရေစီ အခြေခံ မူ တွေကို အလျော့ပေးစေ့စပ်တာကို ရှုတ်ချသလို အလျော့ပေး စေ့စပ်ရေး အတွေးအခေါ်မျှဝေနေသူတွေကိုလည်းကန့်ကွက်ကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့ကပဲ ထုတ်ဝေတဲ့ သဘောထား ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံရေး အဖွဲ့အစည်းတွေ နည်းတူ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကလည်း မေတ္တာရပ်ခံချက်တစ်စောင်ကို ဥက္ကဌ ဆရာတော်နဲ့ အကျိုးတော်ဆောင် ဆရာတော်နှစ်ပါး ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

ကမ္ဘာ့ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ တစ်ဝှမ်း အခက်အခဲများစွာ ခံစားနေတဲ့အချိန်မှာ ရွေးကောက်ပွဲကို အကြောင်းပြုပြီး ဖြစ်ပေါ် နေတဲ့ လက်ရှိ အခြေအနေကြောင့် ရဟန်းရှင်လူ ပြည်သူတွေ စိုးရိမ်ကြောင့်ကြ နေကြရတယ်လို့ ဆရာတော်ကြီးတွေရဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့ထုတ် မေတ္တာရပ်ခံချက်မှာ ပါရှိပါတယ်။ ဒါကြောင့် စေ့စပ်ညှိနှိုင်း အဖြေရှာခြင်းကို ချမ်းသာရာကြောင်းတရားအဖြစ် မှတ်ယူပြီး အစိုးရ၊ တပ်မတော်နဲ့ နိုင်ငံရေး ပါတီတွေအကြားစေ့စပ်ဆွေးနွေးကြဖို့ကို တိုက်တွန်းထားပါတယ်။

အလားတူပဲ ဒါဇင်နဲ့ချီရှိတဲ့ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေကလည်း ပူးတွဲ ကြေညာချက် တစ်စောင် ထုတ်ပြန်ထားပါတယ်။

အဲဒီ အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ တပ်မတော် အပါအဝင် သက်ဆိုင်ရာ နိုင်ငံရေး ပါတီတွေ အနေနဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို လက်ခံပြီး ရွေးကောက်ပွဲ အလွန် နိုင်ငံရေး တည်ငြိမ်မှုနဲ့ အာဏာ လွှဲပြောင်းရေး ချော့မွေ့ရေး ဝိုင်းဝန်း ဆောင်ရွက်ဖို့ တိုက်တွန်း ထားပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို အနီးကပ် စောင့်ကြည့်ခဲ့တဲ့ အဲဒီ အဖွဲ့အစည်းတွေ အနေနဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ် တွေမှာ အားနည်းချက်တွေကို တွေ့ရှိခဲ့ရပေမဲ့ ရွေးကောက်ပွဲ ရလဒ်တွေကတော့ မဲဆန္ဒရှင် အများစုရဲ့ သဘောထားနဲ့ အညီ ရရှိ လာ တဲ့ ရလဒ်တွေ ဖြစ်တာကို တွေ့ရှိရတယ် ကြေညာထားပါတယ်။

............


(Unicode)






