စစ်ကောင်စီ ပြည်ထောင်စုနေ့ အခမ်းအနား တိုင်းရင်းသားခေါင်းဆောင်တချို့ တက်ရောက်

  • ဗွီအိုအေမြန်မာဌာန

စစ်ကောင်စီကကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်တဲ့ တိုင်းရင်းသားခေါင်းဆောင်တချို့။ (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၂။ ဓာတ်ပုံ - စစ်ကောင်စီ ပြန်ကြားရေး)

(Zawgyi / Unicode)

၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ စိန်ရတုအထိမ်းအမှတ် စစ်ကောင်စီက နေပြည်တော်မှာ ဒီကနေ့ အခမ်းအနား ကျင်းပခဲ့သလို မနက်ဖြန်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပမယ်လို့ ကြေညာထားပါတယ်။

ပြည်ထောင်စုနေ့ အခမ်းအနားနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို တက်ဖို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုရော လက်မှတ်ထိုးမထားသေးတဲ့ အဖွဲ့တွေကိုပါ စစ်ကောင်စီက ဖိတ်ထားပါတယ်။

ဒီကနေ့ စစ်ကောင်စီရဲ့ တရားဝင်ထုတ်ပြန်ချက်အရ ပြည်ထောင်စုနေ့ အခမ်းအနားတက်ဖို့ စာရင်းပေးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ ရှိပါတယ်။

အဲဒီထဲမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းနဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) က ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်ကပေါ်ထူးတို့ပဲ အဆင့်အမြင့်ဆုံးအနေနဲ့ ပါဝင်ပြီး ကျန်တဲ့အဖွဲ့တွေကတော့ အဆင့်မြင့်ခေါင်းဆောင်ပိုင်းက တက်ရောက်တာ မတွေ့ရပါဘူး။

ဒါ့အပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) အနေနဲ့ တက်ရောက်တယ်လို့ စာရင်းထဲမှာပါတဲ့ ပဒိုရွှေမောင်းဟာ ဒူးပလာယာခရိုင် ဥက္ကဋ္ဌအဖြစ်က နုတ်ထွက်တဲ့အကြောင်း ပြီးခဲ့ဲတဲ့ သီတင်းနှစ်ပတ်ကပဲ ကြေညာထားတာပါ။

ရက္ခိုင့်တပ်တော် AA ရဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ကို ကိုယ်စားပြုပြီး နိုင်ငံရေးမှူးဖြစ်သူ ဦးဦးလှစော တက်ရောက်တာကိုလည်း စာရင်းထဲမှာ ဖော်ပြထားပါတယ်။ AA အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား ပြီးခဲ့တဲ့ရက်ပိုင်းတွေကပဲ ရခိုင်ပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါသေးတယ်။

ပြည်ထောင်စုနေ့ အခမ်းအနား တက်တယ်ဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စာရင်းထဲက ALP၊ KNU/KNLA-PC၊ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် တပ်မဟာ ၅ (DKBA)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ဟာ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ ဒါ့အပြင် KNU ဟာလည်း NCA ကို လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ဖြစ်ပေမယ့် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် KNU တပ်မဟာတချို့နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ပြန်ဖြစ်နေတာပါ။

အခမ်းအနားတက်တဲ့ထဲက မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ ULA တို့ကတော့ NCA ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ မဟုတ်သေးပါဘူး။

ပြည်ထောင်စုနေ့ အခမ်းအနား တက်တယ်လို့ ထုတ်ပြန်ထားတဲ့ စာရင်းထဲက တိုင်းရင်းသားအဖွဲ့တွေထဲမှာ ဘယ်အဖွဲ့တွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်မယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Your browser doesn’t support HTML5

စစ်ကောင်စီ ပြည်ထောင်စုနေ့ အခမ်းအနား တိုင်းရင်းသားခေါင်းဆောင်တချို့ တက်ရောက်

-------------------------

(Unicode)









