(zawgyi/unicode)
မြန်မာနိုင်ငံမှာ စစ်တပ်က လူ့အခွင့်အရေးချိုးဖေါက်မှုတွေ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် တိုးပြီး ကျုးလွန်နေတဲ့အတွက် အကြမ်းဖက်မှုတွေ ရပ်တန့်သွားအောင် နိုင်ငံတကာ အသိုင်းအဝိုင်းက တိကျပြတ်သားတဲ့ အရေးယူမှုတွေ ချက်ခြင်း ချမှတ်ဖို့ လိုတဲ့အကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet က တောင်းဆိုလိုက်ပါတယ်။
လူနေ ထူထပ်တဲ့နေရာတွေမှာ လေကြောင်းက ဗုံးကျဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေသုံးပြီး ရည်ရွယ်ချက်ရှိရှိ အရပ်သားတွေကို ပစ်ခတ်တိုက်ခိုက်နေတာတွေဟာ စစ်ရာဇဝတ်မှု၊ ဒါမှမဟုတ် လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှု မြောက်တဲ့အကြောင်း ၄၉ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးမှာ အစီရင်ခံစာ ထုတ်ပြန်တာပါ။
မြန်မာနိုင်ငံရဲ့ အကြပ်အတည်း ဖြေရှင်းနိုင်ရေး ရနိုင်သမျှ နည်းလမ်းတွေနဲ့ ကူညီရေးအပါအဝင်၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အကြီးအကျယ် ဆက်လက်ကျုးလွန်သူတွေကို နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနဲ့အညီ အရေးယူနိုင်ရေး နိုင်ငံတကာအသိုင်းအဝိုင်းကို ကော်မရှင်နာမင်းကြီး Michelle Bachelet က တောင်းဆိုပါတယ်။
စစ်ကောင်စီရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေအ အကြီးအကျယ်ခံနေရတဲ့ စစ်ကိုင်းတိုင်းနဲ့ ကယားပြည်အတွင်းက အဖြစ်အပျက်တွေအပါအဝင် နိုင်ငံတဝန်း တိုင်းရင်းသား လူမျိုးစုတွေနဲ့ လူနည်းစုတွေအေပါ် စစ်ကောင်စီရဲ့ လူ့အခွင့်အေရး ချိုးဖောက်မှုတွေကိုလည်း အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုဒဏ် ခံခဲ့ရသူတွေအပါအဝင်၊ မျက်မြင်သက်သေတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသေူတွ ၁၅၅ ယောက်ကို တွေ့ဆုံမေးမြန်းထားသလို၊ ဂြိုလ်တုဆက်သွယ်ရေးပုံတွေနဲ့ သတင်းဌာနတွေရဲ့ အတည်ပြုချက်၊ ယုံကြည်စိတ်ချရတဲ့ လွတ်လပ်ပွင့်လင်းတဲ့ သတင်းအချက်တွေကို အခြေခံထားတဲ့အကြောင်းနဲ့ အစီရင်ခံစာပါ အချက်တွေဟာ မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခွင့်အရေးချိုးဖေါက်ခံရမှုရဲ့ တစိတ်တပိုင်းပဲဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။
(unicode)
Your browser doesn’t support HTML5