မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့ (IIMM) အနေနဲ့ မြန်မာနိုင်ငံတွင်းက ဆိုးဝါးတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် ရာဇဝတ်ကြောင်းအရ အရေးယူတရားစွဲဆိုနိုင်ဖို့ လုပ်ငန်းစဉ်တွေ စတင်ပြီဖြစ်ပါတယ်။ ဒီ ကုလစုံစမ်းရေးအဖွဲ့ရဲ့ ပထမဦးဆုံးအစီရင်ခံစာကို ကုလ လူ့အခွင့်အရေးကောင်စီကို ဒီကနေ့ တင်သွင်းသလို၊ ဘယ်လို လုပ်ငန်းဆောင်ရွက်သွားမလဲ ဆိုတာကိုလည်း IIMM အဖွဲ့ အကြီးအကဲဖြစ်သူက ရှင်းလင်းခဲ့ပါတယ်။ အခု လုပ်ငန်းစတင်လိုက်တဲ့ IIMM နဲ့ အရင် ရှိထားတဲ့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ FFM တို့ သဘော သဘာ၀ ဘယ်လိုကွာခြားသလဲ။ ကိုသားညွန့်ဦးက ပြောပြပေးမှာပါ။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ ကုလ စုံစမ်းရေးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်၊ သူတို့ရဲ့ လက်ရှိလုပ်ငန်းစဉ် ၊ မျှော်လင့်ထားချက် စသဖြင့်ကို ဒီအဖွဲ့ရဲ့ အကြီးအကဲဖြစ်သူ Nicholas Koumjian က ဒီကနေ့ လူ့အခွင့်အရေးကောင်စီမှာ ရှင်းလင်းပြောပါတယ်။ မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာနဲ့ အခြားလူနည်းစု လူမျိုးတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် အရေးယူနိုင်ဖို့ ဒီအဖွဲ့ ဖွဲ့စည်းမှုကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ အတည်ပြု ဆုံးဖြတ် ခဲ့တာပါ။ ၂၀၁၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင်းဖြစ်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေအပေါ် ခိုင်မာတဲ့အချက်အလက်တွေ စုံစမ်းရယူပြီး အမှုတည်ဆောက်ထားဖို့ဆိုတဲ့ လုပ်ပိုင်ခွင့်ပေးထားပါတယ်။ သူတို့လုပ်ငန်းစဉ်မှာ နိုင်ငံတကာကပူးပေါင်းကူညီကြဖို့ IIMM အကြီးအကဲဖြစ်သူ Nicholas Koumjian က တောင်းခံထားပါတယ်။
“ဒီအဖွဲ့ရဲ့ အောင်မြင်မှုဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ထောက်ခံကူညီမှု အပေါ်မူတည် နေပါတယ်။ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ အမှန်တရားကိုဖော်ထုတ်ရာမှာ မြန်မာနိုင်ငံထဲဝင်ရောက်ခွင့်ရရေးဟာ အတော်ကြီး အရေးပါပါတယ်။”
နစ်နာခံစားရသူတွေထဲ မြန်မာနိုင်ငံအိမ်နီးချင်းနိုင်ငံတွေမှာ ရောက်နေသူတွေရှိတာမို့ သူတို့ကို သွားရောက်တွေ့ဆုံမေးမြန်းနိုင်ရေး ဒေသတွင်းနိုင်ငံတွင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးတယ်လို့ သူက ပြောပါတယ်။ သူ့အနေနဲ့ မြန်မာအစိုးရနဲ့ ထိစစ်ဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့သလို၊ မြန်မာအစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုရဖို့ကိုလည်း ဆက် ကြိုးစားသွားမယ်လို့ Nicholas Koumjian က ပြောခဲ့ပါတယ်။ ဒါပေမယ့် မြန်မာအစိုးရဖက်က ဘယ်လို တုံ့ပြန် ထားလဲဆိုတာကိုတော့ မပြောပါဘူး။ လာမယ့်လအနည်းငယ်အတွင်းမှာတော့ မြန်မာနိုင်ငံရှိရာ ဒေသတွင်းကို သွားရောက်ဖို့ရှိပြီး အဲဒီက နစ်နာခံစားရသူတွေ လူမှုအဖွဲ့အစည်းတွေကို တွေ့ဆုံသွားမယ်လို့လည်း ပြောပါတယ်။ ဒီအဖွဲ့နဲ့ အရင် FFM အချက်အလက်စုဆောင်းရေးကုလအဖွဲ့တို့ ဘယ်လို ကွာခြားသလဲဆိုတာနဲ့ပတ်သက်လို့ မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူ မခင်ဥမ္မာကို မေးမြန်းကြည့်ပါတယ်။
“FFM က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အချက်အလက်ရှာဖွေတာ။ ဒါပေမယ့် ဒီ IIMM ကတော့ ၂၀၁၁ ကနေစပြီးတော့မှ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အဆိုးဝါးဆုံးသော နိုင်ငံတကာ ရာဇဝတ်မှုတွေနဲ့ နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှုတွေကို သက်သေကောက်ယူမယ်၊ စုဆောင်းမယ် ထိန်းသိမ်းမယ် ပြီးရင် သုံးသပ်မယ်။ နောက်တခုသူလုပ်ရမယ့် အလုပ်က ဘာလဲဆိုရင် နိုင်ငံတကာ ဥပဒေ စံချိန်စံညွှန်းတွေနဲ့အညီ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရာဇဝတ်မှု တရားစီရင်ရေး ဆောင်ရွက်မှုတွေ အမြန်ဆုံးဖြစ်ပေါ်လာဖို့အတွက်ကို သူက ဆောင်ရွက်ပေးရမယ်။ နိုင်ငံအတွင်း ဒါမှမဟုတ် ဒေသဆိုင်ရာနဲ့ နိုင်ငံတကာ လွတ်လပ်တဲ့ တရားရုံးတွေမှာ ဒါတွေ တရားစွဲဆိုမှု အမြန်ဆုံးဖြစ်လာဖို့အတွက်ကို သူက ကြိုးစားပေးရမယ်။ ဖြစ်လာပြီး တရားစွဲမှုတွေ ရှိလာပြီဆိုရင် တရားစွဲဖို့အတွက် ဒီအမှုတွေ အဆင်သင့်ဖြစ်အောင် သူူပြင်ဆင်ထားရမယ်။ ဒါက သူ့တာဝန်ဖြစ်ပါတယ်ရှင့်"
မေး။ ။ ဒါနဲ့ ပတ်သက်လို့ အလားတူမျိုး ကျနော်လေ့လောကြည့်သလောက် Yugoslavia တို့ သူတို့ ကြိုးစားကြည့်တဲ့ ကုလသမဂ္ဂ တရားရုံးတွေရှိတာကို ဆိုတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အလားတူ တရားရုံးတွေ ပေါ်လာနိုင်ခြေ ရှိလား ။ ဒါမှမဟုတ် ICC လိုမျိုးသွားနိုင်သလား ၊ ဒါမှ မဟုတ် ဘယ်လို တရားရုံးတွေကို သွားနိုင်သလဲ။
ဖြေ။ ။ IIMM ကတော့ ဘာနဲ့ သွားတူမလဲဆိုတော့ လက်ရှိမှာ ဆီးရီးယားမှာ ဖွဲ့ထားတဲ့ သူတို့ခေါ်တာကတော့ Triple IM လို့ခေါ်တယ် အဲဒီ ယန္တရားနဲ့ သွားတူတယ်။ ခုနက ICC ကိုလွှဲပေးဖို့ဆိုတာ ကျမတို့ ဆက်ပြီးတော့ ပြောနေတာလည်းရှိတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ လွတ်လပ်တဲ့ တရားရုံး အရင်က Yugoslavia လိုမျိုး Rwanda လိုမျိုး လွပ်လပ်တဲ့တရားရုံး ဖွဲ့နိုင်ဖို့အတွက်လည်း တိုက်တွန်းနေတယ်ဆိုတော့ နည်းလမ်းတွေတော့ အများကြီးရှိတယ်ရှင့်။”
အခု ကုလစုံစမ်းရေးအဖွဲ့ကို ဦးဆောင်မယ့် Nicholas Koumjian ဟာ ဘော့စနီးယား၊ ဆီရီလီယွင်း၊ အရှေ့တီမောနဲ့ ကမ္ဘောဒီယားက စစ်ရာဇဝတ်မှုကြီးတွေအပေါ် နိုင်ငံတကာစုံစမ်းစစ်ဆေးမှုတွေမှာ ပါဝင်ခဲ့တဲ့ အတွေ့အကြုံကြီးသူ အမေရိကန်ဥပဒေပညာရှင်တဦးဖြစ်ပါတယ်။ အခုလို ရာဇဝတ်မှုကြီး တွေကို ဖော်ထုတ်တာဟာ အတော့်ကိုအချိန်ယူရတဲ့ လုပ်ငန်းစဉ်ဖြစ်တယ်လို့ သူ့အတွေ့အကြုံ ကိုလည်း ကုလလူ့အခွင့်အရေးကောင်စီကို ရှင်းလင်းပြောခဲ့ပါတယ်။
“ဒီလို ရာဇဝတ်မှုကြီးတွေအပေါ် တရားမျှတမှုရဖို့ဆိုတာ ခရီးရှည်ပြီး အတော့်ကို ခက်ခက်ခဲခဲ လုပ်ရတာပါ။ ကမ္ဘောဒီယားက ခမာနီခုံရုံးဆိုရင် ၁၉၇၀ ကာလလောက်က ရာဇဝတ်မှုတွေကို ပြီးခဲ့တဲ့နှစ်ကမှ အမိန့်ချနိုင်ခဲ့ပါတယ်။ ရာဇဝတ်မှုကျူးလွန်ပြီး နှစ်လေးဆယ်လောက်မှ အမိန့်ချ စီရင်နိုင်တာပါ။”
ဒါပေမယ့်လို့လည်း ဘယ်လိုပင်အချိန်တွေကြာပါစေ၊ နစ်နာခံစားရသူတွေအတွက် တရားမျှတမှုကတော့ ရှောင်ဖယ်နေလို့ မရဘူးလို့ သူက မှတ်ချက်ပေးပါတယ်။ အရင်ဆုံးတော့ နစ်နာခဲ့ရသူတွေအနေနဲ့ သူတို့ဖြစ်ပျက်ခဲ့တာတွေ ပြန်ပြောပြီး၊ ဒါတွေဟာ တရားဝင်အချက်အလက်တွေအဖြစ် မှတ်တမ်းဖြစ်သွားမယ်လို့ ဆိုပါတယ်။ လူ့အခွင့်အရေးကောင်စီကို တင်သွင်းတဲ့အစီရင်ခံစာအဆုံးသတ်မှာတော့ ဆိုးဆိုးဝါးဝါး ရာဇဝတ်မှုကျူးလွန်တာတွေအပေါ် အပြစ်ပေးအရေးမယူနိုင်ပဲ လွတ်ငြိမ်းခွင့်ရနေတာဟာ၊ ရှေ့ဆက် အကြမ်းဖက်မှုတွေနဲ့ ချိုးဖောက်မှုတွေ ထပ်ဖြစ်ဖို့ အားပေးရာရောက်သလို နိုင်ငံတွင်းသာမက ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိုပါ ခြိမ်းခြောက်တဲ့အခြေအေနေဖြစ်တယ်လို့ မှတ်ချက်ပြုထားပါတယ်။
Your browser doesn’t support HTML5