စစ်ကောင်စီနဲ့ တခြားသော လက်နက်ကိုင်အုပ်စုများအနေနဲ့ ပြည်သူတွေ အပေါ် ရက်စက်စွာညှဉ်းပန်း နှိပ်စက်မှုတွေရှိနေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောဆိုလိုက်ပြီး ဒီလုပ်ရပ်တွေကို ရပ်တန့်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေးအပြည်ပြည်ဆိုင်ရာနေ့မှာ အခုလို တိုက်တွန်းတာ ဖြစ်ပါတယ်။ ရန်ကုန်က ပေးပို့တဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြပေးပါမယ်။
စစ်အုပ်စုနဲ့ တခြားသောလက်နက်ကိုင် အုပ်စုတွေဟာ ပြည်သူတွေအပေါ် ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်မှုနေတယ်လို့ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေက ပြောဆိုလိုက်ပြီး ဒီလုပ်ရပ်တွေကို ရပ်တန့်ဖို့ ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့မှာ အရပ်ဘက်လူမှုအဖွဲ့အစည်း ၁၄ ခုက ပူးတွဲ ထုတ်ပြန် တိုက်တွန်းတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး သဘောထား ကွဲပြားမှုကြောင့် ဖမ်းဆီးခံထားရသူတွေထဲက အကျဉ်းထောင်တွင်းမှာ နှိပ်စက်ခံရပြီး သေဆုံးသူက ၉၅ ဦးထိ ရှိကြောင်း၊ စစ်အာဏာသိမ်းပြီးနောက် တက်ကြွလှုပ်ရှားသူနဲ့ အရပ်သားပြည်သူ ၂၀၂၁ ဦးတို့ သေဆုံးခဲ့ရပြီး ဖြစ်ကြောင်းလည်း အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ကြေညာချက်က ဖော်ပြပါတယ်။ အခု ကြေညာချက်မှာ ပါဝင်တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေထဲမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေ့စဉ် အရပ်သား ထိခိုက် သေဆုံးမှုတွေကို စာရင်းပြုစုနေတဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP လည်း ပါဝင်ပါတယ်။ Burma Civil War Museum (BCM) တည်ထောင်သူ ကိုရဲဟိန်းအောင်ကတော့ နိုင်ငံတကာက စစ်တပ်ကို ဖိအားပေးဖို့ လိုအပ်ကြောင်း ဗွီအိုအေကို ပြောပါတယ်။
"စစ်အုပ်စုရဲ့ တရားဝင်မှုကို ငြင်းပယ်ဖို့၊ နောက်တခုက ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်တဲ့နေရာမှာ အသုံးပြုနေတဲ့ လက်နက်တွေကို ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ဆို့ဖို့ကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ဖို့၊ စစ်အုပ်စုကို ငွေကြေးအထောက်အပံ့ဖြစ်စေနိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒဏ်ခတ်ပိတ်ဆို့ အကောင်အထည်ဖော်ဖို့၊ ဒါတွေကို နိုင်ငံတကာအပါအဝင် သက်ဆိုင်တဲ့အဖွဲ့အစည်းတွေ အကုန်လုံးကလည်း ကျနော်တို့ ဗမာပြည်သူတွေနဲ့ အတူရပ်တည်ပြီးတော့ ပူးပေါင်းပါဝင်စေချင်တယ် ဆိုတဲ့အကြောင်းကို ကျနော်က ထပ်ပြီးတိုက်တွန်းလိုပါတယ်ခင်ဗျ။"
မြန်မာနိုင်ငံမှာ မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေနဲ့ ဓလေ့ထုံးတမ်းတွေအောက်မှာ အမျိုးသမီးတွေဟာလည်း ညှဉ်းပန်းနှိပ်စက်ခံနေရတယ်လို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။ စစ်အာဏာမသိမ်းခင်ကတည်းက အမျိုးသမီးတွေအပေါ် ညှင်းပန်းနှိပ်စက်မှုတွေ ရှိနေပြီး အခုချိန်မှာ ဒါ့ထက်ပို ဖိနှိပ်ခံနေရတယ်လို့ ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး အတွင်းရေးမှူး ဘွိုင်နူးက ဗီအိုအေကိုပြောပါတယ်။
" အရင်တုန်းကအမျိုးသမီး အကြမ်းဖက်ခံရမှုတွေ၊ ညှင်းပန်းနှိပ်စက်ခံရမှုတွေမှာ ကူညီထောက်ပံ့နေတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေ အများကြီးရှိတယ်။ ကျမတို့မှာ တိုင်ကြားရမယ့်နေရာတွေ၊ ယန္တရားတွေရှိတယ်။ အခုကာလကတော့ ကျမတို့ဆီမှာ လုံးဝမရှိတော့ဘူး။ ”
မြန်မာနိုင်ငံမှာ အိမ်တွင်း အကြမ်းဖက်မှု ကျူးလွန်ခံနေရတဲ့ အမျိုးသမီးတွေလည်း အများအပြား ရှိနေမယ်လို့ ယူဆကြောင်း ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး အတွင်းရေးမှူး ဘွိုင်နူးက ထပ်လောင်း ပြောပါတယ်။ စစ်အာဏာသိမ်းမှုကို ဦးဆောင် ဆန့်ကျင် ဆန္ဒပြခဲ့ကြတာကြောင့် နှစ်ရှည် ထောင်ချခံရတဲ့ နယ်ပယ် အသီးသီးက အခြေခံ လုပ်သားတွေလည်း ရှိနေပြီး သူတို့ရဲ့ နိုင်ငံရေး ယုံကြည်ချက်ကြောင့် လှုပ်ရှားမှုတွေကြောင့် ညှဉ်းပန်း နှိပ်စက်ခံရတယ်လို့လည်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဒေါ်မိုးစန္ဒာမြင့်ဟာ မြန်မာနိုင်ငံ အထွေထွေအလုပ်သမား သမဂ္ဂများ FGWM ရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။
"အလုပ်သမားလူတန်းစားအတွက် အဖိနှိပ်ခံမှုတွေကိုလည်း လွတ်မြောက်စေချင်တယ်။ အခု စစ်အာဏာသိမ်းမှုကာလမှာလည်း အဖိနှိပ်ခံဘဝကနေပြီးတော့ အသက်တွေပေးခဲ့တယ်။ ထောင်တွင်းအကျဉ်းကျခံမှုတွေလည်း ရှိနေတယ်။ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခံနေရပြီး ဒီမိသားစုရပ်တည်ရေးအတွက် လုပ်ငန်းခွင်တွေထဲမှာ လုပ်ကိုင်ဆောင်ရွက်နေရတဲ့ အခြေခံအလုပ်သမားထုအတွက်ကို ကျမတို့ရွေးချယ်ထားတဲ့ NUG အစိုးရအနေနဲ့ သေသေချာချာမှတ်တမ်းတင်ထားပြီးတော့ ပြန်လည်ထူထောင်ရေး ဖြစ်လာပြီဆိုတဲ့အခါ ကျလို့ရှိရင် ပြောင်းလဲမှုတွေလုပ်ကိုင် ဆောင်ရွက်ပေးနိုင်ဖို့အတွက် ဒီအလုပ်သမားတွေရဲ့အခြေအနေကို စောင့်ကြည့်ပြီးတော့ အထူးဂရုစိုက်လုပ်ဖို့အတွက်ကို ကျမအနေနဲ့ တိုက်တွန်းပြောကြားချင်ပါတယ်။"
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ၂၀၂၁ ခုနှစ်၊ မတ်လတုန်းက ထုတ်ပြန်တဲ့အစီရင်ခံစာမှာ နိုင်ငံတဝှမ်းက စစ်ဘက်ထိန်းသိမ်းရေးစခန်းတွေမှာ နှစ်ရှည်လများ စစ်ကြောမေးမြန်းရေးအတွင်း လုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန်နေတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ တခြားနှိပ်စက်မှုပုံစံမျိုးစုံအပါအဝင် ဆိုးရွားတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်ထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂက ပြောထားပါတယ်။ မြန်မာနိုင်ငံမှာ ကျူးလွန်နေတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ဆန့်ကျင်ကြောင်း ရဲရဲရင့်ရင့်ထုတ်ဖော်နေတဲ့ အရပ်ဘက်အဖွဲ့တွေ၊ အထူးသဖြင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ၊ သတင်းမီဒီယာသမားတွေနဲ့ အတူလက်တွဲဆောင်ရွက်သွားမယ်လို့လည်း အခုနှစ်ရဲ့ အပြည်ပြည်ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေးနေ့မှာ ဥရောပသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
Your browser doesn’t support HTML5
Unicode