ဒေါ်စုနဲ့ တွေ့ဆုံအပြီး ကနေဒါ ဝန်ကြီးချုပ် မြန်မာ့ ဒီမိုကရေစီ အရေး ကူညီဖို့ ကတိပြု

ကနေဒါ ဝန်ကြီးချုပ် Justin Trudeau နဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေး။

မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ အတွက် ကနေဒါနိုင်ငံက ဒေါ်လာ ၈ သန်းကျော် ထောက်ပံမယ့် အစီအစဉ်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့ ဇွန်လ (၇) ရက်နေ့က တွေ့ဆုံအပြီးမှာ ကနေဒါဝန်ကြီးချုပ် Justin Trudeau ကကြေညာခဲ့ပါတယ်။

အော်တဝါမြို့တော်ကို ၃ ရက်ကြာ ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါဝန်ကြီးချုပ်အပြင်၊ ကနေဒါ ဘုရင်ခံချုပ်နဲ့လွှတ်တော် ခေါင်းဆောင်တွေ၊ မြန်မာမိသားစု အသိုင်းအဝိုင်းတွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီး ပြောပြမှာပါ။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅ ရက်ကြာ ကနေဒါ ချစ်ကြည်ရေး ခရီးစဉ်အတွင်း အော်တဝါမြို့တော်ကို ၃ ရက်ကြာ ရောက်ရှိစဉ်မှာ ကနေဒါဝန်ကြီးချုပ် Justin Trudeau နဲ့ ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီက ကနေဒါ လွှတ်တော်မှာရှိတဲ့ ဝန်ကြီးချုပ်ရုံးမှာ တွေ့ဆုံခဲ့ပါတယ်။ အခုလို တွေ့ဆုံစဉ် မနေ့မနက်ပိုင်းက ထားဝယ်မြို့နဲ့ (၄၃) မိုင် အကွာမှာ မြန်မာ စစ်လေယာဉ် ပျက်ကြခဲ့တဲ့ အတွက် သေဆုံးခဲ့တဲ့ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ အတွက် ဝမ်းနည်းကြေကွဲတဲ့ အကြောင်း ဝန်ကြီးချုပ် Trudeau က ပြောကြားခဲ့ပါတယ်။

ဒါအပြင် ခေါင်းဆောင်ကြီး ၂ ဦးတို့ဟာ ဒီမိုကရေစီ ဖော်ဆောင်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံမှာ ဆက်လက် ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကနေဒါရဲ့ထောက်ခံမှု အကြောင်း ဆွေးနွေး ခဲ့ကြပါတယ်။ ကနေဒါ ဝန်ကြီးချုပ်က မြန်မာနိုင်ငံ အနေနဲ့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက် ကြိုးပမ်းမှုတွေကို ရှေ့တိုးလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပြီး အထူးသဖြင့် အမျိုးသမီးတွေ၊ လူငယ်တွေကို လေးစားလိုက်နာပြီး တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာတွေ အပါအဝင် ဘာသာရေး လူနည်းစုတွေကို အကာအကွယ်ပေးဖို့ ပြောကြားခဲ့ပါတယ်။ အခုလို ကနေဒါဝန်ကြီးချုပ်က တိုက်တွန်းလိုက်တာနဲ့ ပတ်သက်လို့ Canada-Myanmar Network က Timothy Zaw Zaw က အခုလိုပြောပါတယ်။

“ ကျနော်တို့ ကနေဒါနိုင်ငံရဲ့အဓိက ထူးခြားချက်က တခြားနိုင်ငံတွေထက် ပိုပြီးတော့ Multicultural ပေါ့နော် Diversity ဖြစ်တယ်။ ကျနော်တို့ ဒီမှာက လူမျိုးပေါင်း စုံတယ်ပေါ့နော်။ အထူးသဖြင့် ကျနော်တို့ ဒီ Refugees တွေ ဘာတွေ တော်တော်များများ များတဲ့အခါမှာ ဒီမှာက မွတ်ဆလင် အင်အားစုတွေ နောက်ပြီးတော့ ဒီမှာက အဲဒီလိုမျိုး ပေါ့နော် အထူးသဖြင့် ရိုဟင်ဂျာလို့ ခေါ်တဲ့ အင်အားစုတွေက အများကြီး ရှိတယ်ပေါ့နော်။

ဆိုတဲ့အခါမှာ သူတို့တတွေက ဒီမှာ အခြေစိုက် ထားတာလည်း ရှိတယ်ပေါ့နော်။ ဆိုတဲ့အခါမှာ သူတို့ရဲ့ထိုးဖောက်မှုတွေ ချဉ်းကပ်မှုတွေက ဒီမှာ တခြားနိုင်ငံတွေထက် စာရင် ပိုပြီးတော့ အားကောင်းတဲ့ သဘောမျိုး ကျနော်တို့ တွေ့ရတယ်လေ။ အဲဒီ အရာတွေက ဒီမှာ Local MP တွေက တဆင့်ပေါနော် အဆင့်ဆင့်သွားပြီးတော့ ပါလီမန်ထဲမှာလဲ သူတို့ အနေနဲ့က တွန်းအားပေးတဲ့ သဘောရှိတယ်လို့ ကျနော်တို့ က အဲဒါကို မြင်ပါတယ်။ ”

အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး ဝန်ကြီးချုပ် Trudeau က လူသားချင်းစာနာ အထောက်အကူပေးဖို့နဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ရှေ့တိုးဆောင်ရွက် နိုင်ဖို့ ကနေဒါနိုင်ငံက ဒေါ်လာ ၈.၈ သန်းပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ဒီအထောက်အပံ့ ငွေတွေဟာ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့၊ ငြိမ်းချမ်းရေး တည်ဆောက်မှုကို ထောက်ခံအားပေးဖို့နဲ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အမျိုးသမီးတွေ ပါဝင်ရေးကို ထောက်ခံအားပေးဖို့ အတွက် အသုံးပြုမှာဖြစ်ပါတယ်။ ဒီအကူညီတွေထဲမှာ ဒုက္ခရောက်နေတဲ့ လူတွေကို ကယ်ဆယ်ရေးအတွက် အရေးပေါ် စားနပ်ရိက္ခာအထောက်အကူပေးရေး၊ ခိုကိုးစရာနဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်ရေးတို့ ပါဝင်ပါတယ်။

ဒါ့အပြင် ကနေဒါက မြန်မာနိုင်ငံရဲ့ကာလကြာရှည် ပြည်တွင်းစစ် အဆုံးသတ်ရေး အတွက် အုပ်စုအားလုံး ပါဝင်ပြီး ထာဝရ ငြိမ်းချမ်းရေးရရှိဖို့ မြန်မာနိုင်ငံရဲ့ကြိုးပမ်းချက်ကိုလည်း ထောက်ခံတဲ့အကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၈ ခုနှစ်ကစပြီး ကနေဒါနဲ့ မြန်မာ သံတမန် ဆက်ဆံရေးဟာလည်း နေ့စဉ်နဲ့ အမျှ တိုးတက်နေပြီး မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရရှိဖို့ နိုင်ငံသားတွေရဲ့ကြိုးပမ်းမှုကိုလည်း ကနေဒါနိုင်ငံက ထောက်ခံတဲ့ အကြောင်း ဝန်ကြီးချုပ် Trudeauကပြောကြားခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်ကစပြီး မြန်မာနိုင်ငံ ဖွံဖြိုးတိုးတက်မှု အတွက် တရားဝင် ဒေါ်လာ ၉၅ သန်း ထောက်ပံခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ကနေဒါဝန်ကြီးချုပ်နဲ့ တွေ့ဆုံအပြီး ညနေ (၅)နာရီပတ်ဝန်းကျင်မှာ အော်တဝါမြို့က မြန်မာမိသားစုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖို့ရှိကြောင်း ဦးဆောင် စီစဉ်သူ မမင်းမင်းအောင်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကျမ ရသလောက် လူဦးရေကိုတော့ မနေ့ညက၈ နာရီမှာ နောက်ဆုံးထားပြီးတော့ ပေးရပါတယ်။ ဆိုတော့ အခုလက်ရှိမှာတော့ မနေ့က လိုက်မယ် ဆိုတဲ့ စာရင်းထဲက လူတွေ ဒီကို ဘယ်အချိန် ရောက်လာမလဲလို့ ကျမတို့ ၄ နာရီ ၄၅ နောက်ဆုံးထားပြီးတော့ သတင်းပို့ရပါမယ်။ သတင်းပို့ပြီးမှ ဘယ်မှာလုပ်မယ် ဘာလုပ်မယ် ဘယ်ကို လာခဲ့ပါဆိုတာကို သူတို့ ဆက်ပြောပါမယ်။ ကျမတို့ အတိအကျ ဘယ်မှာ လုပ်မယ်ဆိုတာကိုတော့ မသိသေးဘူး အမ။ ဘာဖြစ်လို့လည်း ဆိုတော့ Security အရပေါနော်။ Security အရ သူတို့ဘက်ကလည်း ကျမတို့ကို မပေးတာ တွေရှိပါတယ်။ ဒါပေမယ့် ကျမတို့ကို ပံ့ပိုးနိုင်သလောက် ပံ့ပိုးတယ်ပေါ့။ ”

မအင်ကြင်းနိုင်။ ။ ဟုတ်ကဲ့ အဲတော့ ၄ နာရီ ၄၅ အထိလောက်ဆိုရင် လူဦးရေ အားလုံးပေါင်း ဘယ်လောက်လောက် ရှိနိုင်မလဲရှင့်။

မမင်းမင်းအောင်။ ။ ကျမ မနေ့က ကောက်တဲ့ အားလုံး စာရင်းထဲမှာတော့ အားလုံးပေါင်းကတော့ ၁၂၃ ယောက်ရှိတယ် အမ။

မအင်ကြင်းနိုင်။ ။ အဲဒီတော့ အဓိက နောက် ဘာတွေ မေးမယ်၊ ဘာတွေ တင်ပြမလဲလို့ရော စဉ်းစားထားကြလဲရှင့်။

မမင်းမင်းအောင်။ ။ သူများတွေ ကိုတော့ ကျမမသိဘူးပေါ့နော်။ ကျမ Individual အရ ကျမကတော့ ကျမတို့ ကနေဒါကို ရောက် နေတဲ့ဒီ ဗမာ ပြည်သားတွေ အနေနဲ့ပေါ့လေ၊ အကယ်၍များ ဗမာပြည်ကိုပြန် အခြေချခွင့်မရှိသေးတဲ့ ကာလတွေမှာ ဘယ်လောက်ထိ ဗမာပြည် ပြုပြင်ပြောင်းလဲရေးမှာ ထဲထဲဝင်ဝင် လုပ်နိုင်မလဲ ဒီဘက်နိုင်ငံ မှာနေရင်းနဲ့ ဘယ်လောက်အထိ ပံ့ပိုးနိုင်မလဲဆိုတဲ့ အဲဒီ General Question ပဲသိချင်ပါတယ်။

အခုအသံလွှင့်ချိန် မတိုင်ခင် နာရီပိုင်းအလို အော်တဝါ ဒေသစံတော်ချိန် ညနေ (၅) နာရီနောက်ပိုင်းမှာ တွေ့ဆုံပွဲ စတင်ခဲ့တဲ့ အတွက် ဗွီအိုအေကနေ တွေ့ဆုံပွဲ ရလဒ်နဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းခွင့် မရသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ဟာ ဇွန်လ (၆) ရက်နေ့မှာ ကနေဒါနိုင်ငံရဲ့ဖက်ဒရယ်စနစ်၊ တရားရေး မဏ္ဍိင်ရဲ့ အခန်းကဏ္ဍနဲ့ လူမှုရေးဆိုင်ရာ မူဝါဒများ၊ စီးပွားရေး ဖွံဖြိုးတိုးတက်မှု စတာတွေနဲ့ ပတ်သက်လို့ ဖက်ဒရယ် နိုင်ငံများ ဖိုရမ်က ဦးစီးကျင်းပတဲ့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။

မြန်မာ ကိုယ်စားလှယ် အဖွဲ့မှာ သမ္မတရုံး ဝန်ကြီးဌာန၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ငြိမ်းချမ်းရေး ကော်မရှင်၊ မြန်မာနိုင်ငံ ဗဟိုဘဏ် တွေကကိုယ်စားလှယ် ၅ ဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)က ကိုယ်စားလှယ် ၄ ဦး၊ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၄ ဦး၊ ဝ အထူးဒေသနဲ့ မိုင်းလားအထူးဒေသတို့က ကိုယ်စားလှယ် ၁ ဦးစီ ပါဝင်ပါတယ်။ ဒီကိုယ်စားလှယ်အဖွဲ့ကို ကနေဒါ- မြန်မာ ပါလီမန် ချစ်ကြည်ရေးအဖွဲ့ကနေ မနေ့က ညစာစားပွဲနဲ့ တည့်ခင်း ဧည့်ခံခဲ့ပါတယ်။ ဇွန်လ ( ၉) ရက်နေ့မှာတော့ ကနေဒါရောက် မြန်မာမိသားစုတွေနဲ့ တိုရန်တိုမြို့မှာ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှာဖြစ်ပါတယ်။ကနေဒါ နိုင်ငံအနေနဲ့ ၂၀၀၈ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်နိုင်ငံသားဆု ချီးမြှင့်ခဲ့ပါတယ်။

Your browser doesn’t support HTML5

ဒေါ်စုနဲ့ တွေ့ဆုံအပြီး ကနေဒါ ဝန်ကြီးချုပ် မြန်မာ့ ဒီမိုကရေစီ အရေး ကူညီဖို့ ကတိပြု