မြန်မာ့ဆန် အများဆုံး ဝယ်နေတဲ့ တရုတ်ဘက်က အဝယ်ရပ်သွားတာကြောင့် ဆန်ဈေးကွက်ပျောက်နေပါတယ်။ တရုတ် ယူနန်ပြည်နယ် အစိုးရနဲ့ ကုန်စည်ခြင်း ဖလှယ်မှု စနစ်နဲ့ မြန်မာ့ဆန် တင်ပို့နိုင်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးထားနိုင်ပေမယ့်လည်း ဆန်ဈေးနှုန်း၊ နောက် ယူနန် ပြည်နယ်ထွက် ပစ္စည်းတွေ ပြန်လည် ဝယ်ယူရေးနဲ့ ပတ်သက်ပြီး အချိန်ယူ ညှိနှိုင်းနေကြရဆဲ ဖြစ်ပါတယ်။ နွေစပါး ထွက်ချိန်မှာ မြန်မာ့ ဆန် ဈေးကွက် မရေရာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယ ဥက္ကဌ ဦးချမ်းသာဦးနဲ့ ဆက်သွယ်မေးမြန်းပြီး ဒီသတင်းပတ် စီးပွားရေး ကဏ္ဍမှာ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။
ဦးချမ်းသာဦး ။ ။ ပြောရရင်တော့ အခုအခြေအနေမျိုးက နွေစပါးထွက်တဲ့ အခြေအနေမျိုးပေါ့နော်။ နွေစပါး ထွက်တဲ့ အချိန်ဆိုတော့ တကယ်တန်း ပြောရရင် ဈေးကွက်ပွင့်မှဘဲ တောင်သူတွေ အတွက် အဆင်ပြေမှာပေါ့။
သိင်္ဂ ီထိုက်။ ။နွေစပါး ပေါ်တဲ့ ရာသီမှာ ပြည်ပ ဆန်တင်ပို့ဖို့ ဈေးကွက်ပျောက်နေပါတယ်။ အဓိက ဝယ်လက်ဖြစ်တဲ့ တရုတ်ဘက်က ဆန်ဝယ်တာ ရပ်လိုက်တဲ့ အတွက် ရောင်းဖို့ အခက်တွေ့နေတာပါ။ တရုတ်နယ်စပ်ကနေ ဆန်ရောင်းနေတာကလည်း တရားဝင် မဟုတ်လို့ အခုတော့ တရားဝင် ဖြစ်ရေး ကြိုးစားနေကြတယ်လို့ မူဆယ် ဆန်စပါး ကုန်စည်ဒိုင် ဒုတိယ ဥက္ကဌ ဦးချမ်းသာဦးက ပြောပါတယ်။
ဦးချမ်းသာဦး ။ ။ ကျနော်တို့ဘက်က အရင် ကျနော်တို့ဘက်က Formal ဖြစ်ပေမယ့် သူတို့ဘက်က Unfromal ပေါ့နော်။ အခုကျတော့ နယ်စပ်ကို ကြပ်လိုက်တဲ့ အတွက်ကို ကျနော်တို့ အနေနဲ့ကတော့ အရင်နှစ်တွေ နှစ်တွေကထက် တော်တော်လေး အလုပ်ကြပ်သွားတယ်။ ပြီးတော့ ထွက်တဲ့နှုန်း နည်းသွားတယ်ပေါ့နော်။ အဲဒီ အတွက်ကို အခု Formal ဖြစ်အောင် လုပ်နေတဲ့ သဘောတရားမျိုးပေါ့။
ပြီးခဲ့တဲ့နှစ်က ဆန်တန်ချိန် ၃ သန်းခွဲကျော် တင်ပို့နိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ တရုတ်ဘက်ကို နယ်စပ်ကုန်သွယ်ရေးနဲ့ ဆန်ရောင်းနိုင်ရေး ကြိုးစားနေကြရပါတယ်။ ကုန်စည်ဖလှယ်မှု စနစ်နဲ့ ဆန်ရောင်းနိုင်ဖို့ ယူနန် ပြည်နယ် အစိုးရနဲ့ မြန်မာ ကြား သဘောတူ လက်မှတ်ရေးထိုးထားပေမယ့် အခုအချိန်ထိတော့ ဆန်ရောင်းနိုင်ဖို့ မသေချာသေးပါဘူး။ ဘာများ အခက်တွေ့နေကြလဲ ဆိုတာကိုတော့ မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယ ဥက္ကဌ ဦးချမ်းသာဦးက အခုလို ပြောပါတယ်။
ဦးချမ်းသာဦး ။ ။ လောလောဆယ်တော့ အဲဒီဟာက MOU ဘဲ ရှိသေးတယ်ဗျ။ ထပ်ပြီးတော့ ညှိနှိုင်းရမယ့် အပိုင်းတွေရော၊ ဘယ်လိုပို့ရမယ်ဆိုတဲ့ ဈေးနှုန်းတွေရော ရှိသေးတယ်ဗျ။ နေပြည်တော်မှာ ထိုးတာကတော့ MOU အဆင့်ဘဲ ရှိတယ်ဗျ။ ညှိနှိုင်းရမယ့် အနေအထားတော့ ရှိတာပေါ့နော်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့က Exporter ခုန ပြောသလိုပါဘဲ Importer လည်း ရှာရမယ့် သဘောဖြစ်သွားပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ဘာတာ စနစ်ဆိုတာ ကျနော်တို့က ကုန်ပစ္စည်းခြင်း ဖလှယ်တဲ့ အတွက်ကို Exporter ရှိသလို Importer လည်း ရှိမှ အဆင်ပြေမှာ ဆိုတော့ ကျနော်တို့က နည်းနည်းလေး ညှိနှိုင်းဖို့ကတော့ နည်းနည်းလေး အားစိုက်ရမှာပေါ့နော်။
သိင်္ဂ ီထိုက် ။ ။ အခု မေလထဲမှာ ယူနန်ပြည်နယ် အစိုးရနဲ့ ဆက်လက် ဆွေးနွေးဖို့ ရှိနေပါတယ်။ ယူနန် ပြည်နယ် အစိုးရနဲ့ နားလည်မှု ရထားတဲ့ မြန်မာ့ ဆန် တင်ပို့ရေးက ကုန်စည်ဖလှယ်တဲ့ စနစ် ဖြစ်ပါတယ်။ ယူနန် ပြည်နယ်က မြန်မာ့ဆန်ကို ဝယ်ပြီး မြန်မာဘက်က ငွေရမှာတော့ မဟုတ်ပါဘူး။ သူတို့ရဲ့ ထုတ်ကုန်တွေကို ပြန်ပြီးတော့ ဝယ်ယူတင်သွင်းရမှာ ဖြစ်ပါတယ်။ ဆန်တင်ပို့မယ့်သူတွေကတော့ ယူနန်ပြည်နယ် ထုတ်ကုန်တွေကို ပြန်လည် ဝယ်ယူ တင်သွင်းရေး ကိစ္စမှာ တခါ အခက်တွေ့နေကြပါတယ်။
ဦးချမ်းသာဦး ။ ။ လတ်တလော သိထားရတဲ့ အနေအထား အရဆို ကျနော်တို့က ၅ လပိုင်းမှ ကျနော်တို့ ထပ်ပြီးတော့ ဈေးနှုန်းတွေ ထပ်ညှိရဦးမယ်။ ညှိပြီးတော့ သူတို့နဲ့ အသေးစိတ် ထပ်ညှိနှိုင်းရမယ့် အခြေအနေတွေ ရှိသေးတာပေါ့။ ကျနော် နောက်ဆုံး လွန်ခဲ့တဲ့ သုံးရက်က သိရတဲ့ အနေအထား အရဆို ယူနန် ပြည်နယ်က ထွက်တဲ့ ထွက်ကုန်ကိုဘဲ သူတို့က အဓိကထား ရောင်းချင်တာပေါ့နော်။ အဲတော့ နည်းနည်းလေးတော့ ညှိနှိုင်းရမယ့် အပိုင်းတွေ ရှိသေးတာပေါ့။ ယူနန် ပြည်နယ်ကတော့ ထွက်တာကတော့ ထွက်ပါတယ်။ ဒါပေမယ့် Qualify ဖြစ်မဖြစ်ပေါ့နော် အဲဒီ အနေအထားတော့ ရှိတာပေါ့။ ဥပမာ မြေဆီ သွင်းမယ်၊ သူတို့ ပြောတဲ့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး သွင်းမယ်၊ သံမဏိ သွင်းမယ်။ ဒီယူနန် ပြည်နယ်က ကျနော်တို့ မြန်မာနိုင်ငံရဲ့ ဈေးကွက်ဝင်ပြီးသား ပစ္စည်း ဖြစ်မဖြစ် ဆိုတဲ့ အပိုင်းတွေလည်း ရှိတယ်။ အခုကတော့ အဓိက အားဖြင့် သူတို့ ပြောတာက ကျနော်တို့ မြေသြဇာ ရှိမယ်၊ ပိုးသတ်ဆေး ရှိမယ်၊ ပေါင်းသတ်ဆေး ရှိမယ်၊ သံမဏိ ပစ္စည်းတွေ ရှိမယ်၊ လျှပ်စစ် ပစ္စည်းတွေ ရှိမယ်၊ လယ်ယာသုံး စက်ကိရိယာတွေ ရှိမယ်ပေါ့နော်။ ပြောရရင် ဒီ UMFCCI တို့ ဒီ အသင်းအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး လုပ်ရမယ့် အပိုင်းတွေ ဖြစ်သွားတာပေါ့နော်။ ဘာကြောင့်လဲ ဆိုတော့ ကျနေ်ာတို့ကျတော့ Exporter သီးသန့် ဆိုတော့ Importer တွေကရော ဒီပစ္စည်းတွေကို ကြိုက်လား မကြိုက်လားဆိုတဲ့ ဟာမျိုးကျတော့ ဒါ အသင်းအဖွဲ့နဲ့ ဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် အနေအထားမျိုး ဖြစ်သွားတာပေါ့။
သိင်္ဂ ီထိုက် ။ ။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ် အတွင်းမှာ မြန်မာနဲ့ တရုတ်ကြား အစိုးရခြင်း သဘောတူညီချက်နဲ့ ဆန်တန်ချိန် တသိန်း တင်ပို့ဖို့ သဘောတူ ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီထက်ပိုပြီး တင်ပို့နိုင်ဖို့၊ ဈေးကွက်ရဖို့ လိုအပ်နေတယ်လို့ မူဆယ် ဆန်စပါး ကုန်စည်ဒိုင် ဒုတိယ ဥက္ကဌ ဦးချမ်းသာဦးက ပြောပါတယ်။
ဦးချမ်းသာဦး ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာက တန် တသိန်းဘဲ လက်ရှိရထားတာပေါ့။ အဲဒါကတော့ Oversea Trade က သွားမှာဗျ။ ဒီ တသိန်းက Normal Trade ပေါ့ Oversea Trade က သွားမှာ။ သဘောတရားခြင်း အတူတူပေမယ့် ကျနော်တို့ ဒီ Border Trade ကတော့ ပိုပြီး အထွက်များတာပေါ့။ တန်ချိန် တသိန်း ဆိုတာလည်း ကျနော်တို့ နိုင်ငံ အတွက်က ပြောပလောက်တဲ့ အနေအထားမျိုးတော့ မဟုတ်ဘူးဗျ။ မနှစ်ကဆိုရင် ၃ ဒသမ ၆ သန်းလောက် ထွက်တာကိုး။ ဒီ တသိန်းဆိုတဲ့ ပမာဏကတော့ ဘာမှ ကျနော်တို့ နိုင်ငံ အတွက်ကတော့ သိပ်ပြီးတော့ အရမ်းကြီးတော့ ထူးခြားလာတဲ့ အနေအထားမျိုးတော့ မရှိဘူးပေါ့။ တရုတ် အနေနဲ့။
သိင်္ဂ ီထိုက် ။ ။ ပြီးခဲ့တဲ့နှစ် အတွင်း မြန်မာ့ဆန် သုံးသန်းခွဲကျော် ပြည်ပတင်ပို့ နိုင်ခဲ့ပြီး ဒီနှစ်မှာတော့ ဆန်ဈေးကွက် မရေမရာ ဖြစ်နေတာပါ။ ဥရောပ သမဂ္ဂ EU က မြန်မာ့ဆန် တင်ပို့မှု အပေါ် အရင်က ပေးထားခဲ့တဲ့ အခွန် ကင်းလွတ်ခွင့်ကို ပြန်ပြီးတော့ ရုပ်သိမ်းထားသလို မကြာခင်ကဘဲ အာဖရိက အိုင်ဗရီကိုစ့်မှာ မြန်မာ့ဆန် တန်ချိန် ၂ သောင်းကို စားသုံးရန် မသင့်ဆိုပြီး ဖျက်စီးလိုက်တဲ့ ဂယက်တွေကလည်း ရှိနေပါတယ်။ အရင်ကတော့ မြန်မာ နယ်စပ်ကနေ တရုတ်နိုင်ငံ ယူနန် ပြည်နယ်ထဲကို တရားမဝင် ရောင်းချမှုနဲ့ အလုပ်ဖြစ်ခဲ့ပေမယ့် အခုတော့ ယူနန် ပြည်နယ် အစိုးရဘက်က တရားမဝင် ဆန်ဝယ်မှုကို တင်းကြပ်လိုက်တာကြောင့် တရားဝင် ဈေးကွက်ဖြစ်ရေး ထပ်ပြီးတော့ ကြိုးပမ်းနေကြရတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5