ဘင်္ဂလားဒေ့ရ်ှဘက်ခြမ်း ဒုက္ခသည် ၄၀၀ နီးပါး လက်ခံဖို့ စီစစ်အတည်ပြုပြီး

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေ စာရင်းပြုစုနေစဉ်။

ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်က ပေးပို့လာတဲ့ ဒုက္ခသည်စာရင်းတွေထဲက လူလေးရာနီးပါးကို မြန်မာဖက်က စီစစ် အတည်ပြုပြီးသွားပြီမို့၊ ဒီလူတွေအနေနဲ့ အချိန်မရွေးပြန်လာနိုင်ပြီဖြစ် တယ်လို့ မြန်မာအာဏာပိုင်တွေက ပြောပါတယ်။ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးနဲ့ နေရာချထားရေးကိစ္စတွေမှာ ကုလသမဂ္ဂအဖွဲ့အစည်းအချို့နဲ့လည်း ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်တယ်လို့ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ကိုသားညွန့်ဦးက ပြောပြမှာပါ။

ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ ရောက်နေတဲ့ ခုနှစ်သိန်းနီးပါးရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စကို နိုင်ငံတကာက ပြောဆိုနေပေမယ့်၊ ဒီ အစီအစဉ်ဖြစ်ဖို့ဆိုလာရင် ဒုက္ခသည်တွေအတွက် ဘေးကင်းလုံခြုံမှုရှိဖို့ သူတို့ ဆန္ဒအတိုင်းဖြစ်ဖို့နဲ့ ဒီ အစီအစဉ်ကို နိုင်ငံတကာက စောင့်ကြပ်နိုင်ဖို့ဆိုပြီး တောင်းဆိုနေကြတာပါ။ မြန်မာအစိုးရဖက်ကတော့ ဒုက္ခသည်တွေ ပြန်လာနိုင်ရေးအတွက် သူတို့ဘက်ကတော့ အဆင်သင့်ရှိနေပြီလို့ ပြောနေပါတယ်။ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဖက်က ပေးပို့လာတဲ့စာရင်းတွေထဲကနေ ဒုက္ခသည် လေးရာနီးပါးကို စီစစ်အတည်ပြုထားပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေးဌာန အမြဲတန်းအတွင်းဝင် ဦးမြင့်သူက ပြောခဲ့ပါတယ်။

“ သုံးရာခုနှစ်ဆယ့်လေးဦးကို စီစစ်အတည်ပြုပြီးပါပြီ။ သူတို့ အဆင်ပြေတဲ့အချိန်မှာ ပြန်လာနိုင်ပါတယ်။ ဒါကြောင့် စုစုပေါင်းရထားတဲ့ စာရင်း ရှစ်ထောင့် သုံးဆယ့်နှစ်ဦး ထဲမှာ သုံးရာ ခုနှစ်ဆယ့်လေးဦးကို အတည်ပြုထားပါပြီ။ ဒီလူတွေဟာ ပထမဆုံး ပြန်လာဖို့ အသုတ်ဖြစ်မှာပါ။”

ရှိနေတဲ့ ဒုက္ခသည်က ခုနှစ်သိန်း၊ အခု ဘင်္ဂလားဒေ့ရ်ှဖက်က ပေးပို့လာနိုင်တဲ့စာရင်း ရှစ်ထောင်ကျော်ထဲမှာမှ လူ လေးရာလောက်ကိုပဲ စီစစ်အတည်ပြုနိုင်တဲ့ အကြောင်းကတော့ ဒုက္ခသည်တွေနဲ့ပတ်သက်လို့ အချက်အလက်အတိအကျ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်က မပေးနိုင်တာကြောင့်လို့ မြန်မာဖက်က ပြောပါတယ်။ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်က ပေးပို့ထားတဲ့ လက်ရှိ ဒုက္ခသည်စာရင်းထဲမှာလည်း ARSA အကြမ်းဖက်တိုက်ခိုက်မှုမှာ ပတ်သက်တဲ့သူအချို့ကိုလည်း တွေ့ရတယ်လို့ ဦးမြင့်သူက ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ပတ်သက်လို့တော့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံနဲ့ မြန်မာအကြား ပြီးခဲ့တဲ့နိုဝင်ဘာလကတည်းက သဘောတူထားတာဖြစ်ပြီး၊ နှစ်လအတွင်း ဒုက္ခသည်တွေ ပြန်လက်ခံရေးအစီအစဉ်စဖို့လည်း မူလက ပြင်ဆင်ထားခဲ့တာပါ။ ဒါပေမယ့် ဒုက္ခသည်တွေဘက်က သူတို့လုံခြုံရေးအတွက် စိုးရိမ်ချက်တွေရှိနေပြီး အစီအစဉ်က မဖြစ်ခဲ့ပါဘူး။ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာကူညီရေးနဲ့ နေရာချထားရေးတွေကို ကြီးကြပ်ဆောင်ရွက်နေတဲ့ UEHRD အနေနဲ့ကတော့ ဒုက္ခသည်တွေ ပြန်လာရေးအတွက် ဘေးကင်းလုံခြုံစေဖို့ အာမခံချက်ပေးတယ်လို့ UEHRD ရဲ့ ညှိုနှိုင်းရေးမှုး ဒေါက်တာအောင်ထွန်းသက်က ပြောပါတယ်။

“ဇန်နဝါရီလ ၂၃ ရက်နေ့ကတည်းက ပြန်လက်ခံဖို့ အဆင်သင့်ဖြစ်နေတာပါ။ သူတို့ပြန်လာတာနဲ့ ကြိုဆိုလက်ခံသွားမှာပါ။ သူတို့ဆန္ဒအတိုင်း ဘေးကင်းလုံခြုံရေးပြီး ဂုဏ်သိက္ခာရှိရှိ ပြန်လည်နေချထားမှုတွေ ပြုလုပ်ပေးသွားမှာပါ။ UEHRD အဖွဲ့ ကိုယ်စား ဒီစကားကို ကျနော်တို့ အာမခံပါတယ်။”

ဒုက္ခသည်တွေ နေရာချထားရေးအတွက် ပြင်ဆင်တည်ဆောက်မှုတွေ လုပ်နေတယ်လို့ မြန်မာအစိုးရက မပြတ်သတင်းထုတ်ပြန်နေတဲ့ တချိန်တည်းမှာပဲ၊ အရင် ရိုဟင်ဂျာကျေးရွာနေရာအချို့မှာ စစ်တပ်က အဆောက်အဦးတွေ ဆောက်လုပ်နေတယ်လို့ ဂြိုလ်တုဓါတ်ပုံတွေကို ကိုးကားပြီး Amnesty International က အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လ ARSA အကြမ်းဖက်တိုက်ခိုက်မှုတွေအပြီး၊ စစ်တပ်ရဲ့ နယ်မြေ ရှင်းလင်းရေးကာလမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တယ်ဆိုတဲ့ အချက်အလက်တွေက တစပြီး တစ ထွက်ခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာဆိုရင် ကျန်နေသေးတဲ့ ရိုဟင်ဂျာတွေတောင် နေထိုင်စားသောက်ရေး ခက်လာအောင် အာဏာပိုင်တွေဖက်က မူဝါဒချ လုပ်နေတယ်လို့ စွတ်စွဲချက်တွေကလည်း ရှိနေပါတယ်။

ဒါကြောင့် ရိုဟင်ဂျာတွေ ပြန်နိုင်ဖို့ဆိုရင် အဲဒီ ဒေသတွေမှာ လုံခြုံဘေးကင်းမှုရှိဖို့နဲ့ နိုင်ငံတကာရဲ့ စောင့်ကြပ်မှုတွေလည်း လိုအပ်မယ်လို့ နိုင်ငံတကာက ယူဆထားပါတယ်။ ဒုက္ခသည်တွေဟာ အခုအချိန်အထိ တဖက်နိုင်ငံကို ထွက်ပြေးနေကြဆဲလို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး ပြောခွင့်ရသူ Rupert Colville က ပြောခဲ့ပါတယ်။

“ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ အဆင့်သင့်ဖြစ်နေပြီလို့ မြန်မာအစိုးရက ပြော ပြော နေတဲ့တချိန်တည်းမှာပဲ၊ ဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရ်ှဖက်ကို ထွက်နေကြဆဲပါ။ ဒါကြောင့် လက်ရှိအခြေအနေအားဖြင့်တော့ ဒုက္ခသည်တွေ လုံခြုံဘေးကင်းစွာနဲ့ ဂုဏ်သိက္ခာရှိရှိ ပြန်လာဖို့ အခိုငအမာအစီအစဉ်တွေ မဖြစ်နိုင်သေးပါဘူး။ ဒါကြောင့် ရခိုင်မြောက်ပိုင်းဒေသမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ အကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူတွေကို အရေးယူဖို့နဲ့ ဒုက္ခသည်တွေပြန်လာနိုင်မယ့်အခြေအနေကို ဖန်တီးဖို့ ဆိုတာတွေကို အခု အလေးပေး ပြောဆိုစကားပြောနေကြပါတယ်။”

မြန်မာဘက်ကတော့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လာရေးမှာ အဆင့်သုံးဆင့်ထားပြီး ပထမအဆင့်မှာတော့ နိုင်ငံတကာ အထူးသဖြင့် ကုလသမဂ္ဂပါဝင်မှုကို ချန်လှပ်ထားပါတယ်။ ဒါပေမယ့် အခုတော့ ဒုက္ခသည်တွေ ပြန်လက်ခံရေး ပထမအဆင့်မှာကိုပဲ ကုလသမဂ္ဂအေဂျင်စီနှစ်ခုကို ပူးပေါင်းပါဝင်ဖို့ ကမ်းလှမ်းထားလိုက်ပြီလို့ နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝင်း ဦးမြင့်သူက ပြောပါတယ်။

“ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးနဲ့ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်တွေမှာရော၊ ရခိုင်ပြည်နယ်တွင်းက လူ့အသိုင်းအဝိုင်းအားလုံးရဲ့ လူမှုဘဝတွေ တိုးတက်လာရေးဆောင်ရွက်ရာမှာပါ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးနဲ့ UNDP ကုလသမဂ္ဂဖွံဖြိုးရေးအစီအစဉ်တို့ ပါဝင်လာရေး ဖိတ်ခေါ်ဖို့ အချိန်သင့်နေပြီလို့ ကျနော်တို့တွက်ဆပါတယ်။ သူတို့ဘက်ကလည်း ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအစီအစဉ်နဲ့ပတ်သက်လို့ လုပ်ပေးနိုင်မယ့် အဆိုပြုချက်ကို မတ်လ ၉ ရက်နေ့က ပြန်လည်ပေးပို့ထားပါတယ်။ အဲဒါကို အစိုးရက သုံးသပ်နေပြီး၊ မကြာခင် အကြောင်းပြန်မှာပါ။”

ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေဟာ အဆိုးဝါးဆုံး လူသားရပ်တည်မှုဆိုင်ရာ အကြပ်အတည်းတခုဖြစ်တယ်လို့ ကုလသမဂ္ဂအရာရှိတွေက ယူဆနေသလို၊ ဒါဟာ Genocide လူမျိုးတုံးသတ်ဖြတ်မှုအထိဖြစ်တဲ့ အချက်အလက်တွေ တွေ့နေရတယ်လို့ လည်း ကုလ လူ့အခွင့်အရေးအရာရှိတွေက ထောက်ပြနေကြပါတယ်။

ဒါကြောင့်လည်း လက်ရှိအခြေအနေအားဖြင့်တော့ ဒုက္ခသည်တွေပြန်ရေးဆိုတာ မဖြစ်နိုင်သေးပဲ၊ ဆိုးဆိုးဝါးဝါးဖြစ်ရပ်တွကို စုံစမ်းစစ်ဆေးဖို့ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူဖို့ကို အလေးထား ပိုပြီး တောင်းဆိုလာကြပါတယ်။ မြန်မာဖက်ကတော့ လုံခြုံရေးအာဏာပိုင်တွေရဲ့ နယ်မြေရှင်းလင်းရေးအတွင်း မတော်မတရားလုပ်ခဲ့တဲ့ တာဝန်ရှိသူအချို့ကို အရေးယူထားပြီးဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

ဘင်္ဂလားဒေ့ရ်ှဘက်ခြမ်း ဒုက္ခသည် ၄၀၀ နီးပါး လက်ခံဖို့ စီစစ်အတည်ပြုပြီး