မောင်တောဒေသ ရဲကင်းတွေ အကြမ်းဖက် တိုက်ခိုက်ခံရမှု ၃၂ ဦးထက် မနည်း သေဆုံး

မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း နေအိမ်များကို မီးရှို့ဖျက်ဆီး။ ( သြဂုတ် ၂၅-၂၀၁၇) သတင်းဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်နဲ့ မောင်တောမှာရှိတဲ့ ရဲကင်းစခန်း ၂၀ ကျော်ကို ရိုဟင်ဂျာ လက်နက်ကိုင်တွေက တချိန်တည်း တပြိုင်နက်တည်းမှာ အလစ် ဝင်ရောက် တိုက်ခိုက်တာကြောင့် လုံခြုံရေးဝန်ထမ်း ၁၁ ယောက်အပါအဝင် လူ ၃၂ ယောက်ထက် မနည်း သေဆုံးခဲ့ရတဲ့အကြောင်း မြန်မာစစ်တပ်က ထုတ်ပြန်ထားပါတယ်။ ဒီကနေ့ သောကြာနေ့ မနက် စောစောအချိန်မှာ တိုက်ခိုက်ခံရတာဖြစ်ပြီး အကြမ်းဖက်သမား ၁၅၀ လောက်က သေနတ်တွေ၊ အိမ်လုပ်ဗုံးတွေ သုံးပြီး တိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Arakan Rohingya Salvation Army ရိုဟင်ဂျာ ကယ်တင်ခြင်းတပ်မတော် လို့ နံမည်ပေးထားတဲ့ လက်နက်ကိုင်အဖွဲ့က သူတို့ လက်ချက်ဖြစ်တယ်လို့ ပြောထားပြီး နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်သွားမယ်လို့လည်း သတိပေးထားတဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာ တရားဝင် ထုတ်ပြန် လိုက်ပြီး နောက်တနေ့မှာပဲ အခုဖြစ်ရပ် ကြုံခဲ့ရတာပါ။ ဒီကနေ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂက အပြင်းထန်ဆုံး ရှုတ်ချတဲ့အကြောင်း ကုလသမဂ္ဂ မြန်မာဌာနေရုံးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်တွင်း လုံခြုံရေးအခြေအနေနဲ့ ပတ်သက်လို့ အထူးစိုးရိမ်ကြောင်းနဲ့ ကုလသမဂ္ဂ အနေနဲ့ မြန်မာအစိုးရနဲ့အတူ လက်တွဲပြီး ကူညီ ဆောင်ရွက်သွားမယ့် အကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ APHR ကလည်း ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေ သိသိသာသာ တိုးလာနေတဲ့အပေါ်မှာ အထူးစိုးရိမ်ကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန် ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ် အခြေအနေဟာ ဒေသတွင်း ပြဿနာ တခုဖြစ်လာနေပြီး ဒီကိစ္စကို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေ၊ အစိုးရတွေကပါ ကိုင်တွယ် ဖြေရှင်းကြရလိမ့်မယ်လို့လည်း APHR ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီကနေ့ လုံခြုံရေး ကင်းစခန်းတွေ တိုက်ခိုက်ခံရတဲ့အပေါ် ရန်ကုန်အမေရိကန် သံရုံးကလည်း ဒီကနေ့ ပြစ်တင် ရှုတ်ချခဲ့ပါတယ်။