ရွေးကောက်ပွဲအမီ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့ ကင်တားနား တောင်းဆို

ရွေးကောက်ပွဲအမီ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့ ကင်တားနား တောင်းဆို

ဆယ်စုနှစ် ၂ ခုအတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ လာမယ့် ရွေးကောက်ပွဲမှာ အတိုက်အခံ နိုင်ငံရေး အဖွဲ့တွေနဲ့ တိုင်းရင်းသား အင်အားစုတွေကို ပါဝင်ခွင့်ပြုမှသာ ဒီရွေးကောက်ပွဲတွေဟာ ယုံကြည် စိတ်ချရတဲ့ ရွေးကောက်ပွဲတွေ ဖြစ်လိမ့်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူး သောမတ်စ် အိုဟေး ကင်တားနား (Thomas Ojea Quintana) က ပြောလိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တင်သွင်းတဲ့ သူ့ရဲ့ နောက်ဆုံး အစီရင်ခံစာထဲမှာ မစ္စတာ ကင်တားနားက နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး အကျဉ်းသား ၂,၁၀၀ ခန့်ကို ပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကတော့ ဒီအစီရင်ခံစာကို ငြင်းဆန်ပြီး မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ မရှိဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်ဖို့အတွက် ကုလသမဂ္ဂ ကော်မရှင်တရပ် ဖွဲ့စည်းဖို့ ဒီနှစ် အစောပိုင်းတုန်းက သူ တောင်းဆိုခဲ့တဲ့အတိုင်း ဒီကိစ္စကို မစ္စတာ ကင်တားနားက အခုတကြိမ် ထပ်မံ တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်အစိုးရ ကျူးလွန်တဲ့ တချို့သော လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှု မြောက်နိုင်တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

ဒီကိစ္စကို အရေးယူဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် ကျူးလွန်သူတွေကို အားပေးအားမြှောက်ပြုရာ ရောက်သလို ရှိသင့်တာ ကြာပြီဖြစ်တဲ့ တရားမျှတမှုကို ဖော်ထုတ်ဖို့မှာ နှောင့်နှေးရာ ရောက်တယ်လို့လည်း မစ္စတာ ကင်တားနားက သတိပေး ပြောဆိုခဲ့ပါတယ်။