သန်းခေါင်စာရင်းကောက်ယူမှု ၉၉% ပူးပေါင်းဆောင်ရွက်မှုရှိဟု လဝက အရာရှိပြော

တအိမ်တက်ဆင်း သန်းကောက်စာရင်းကောက်နေသူများ။ (မတ်လ ၃၀၊ ၂၀၁၄)

မြန်မာနိုင်ငံရဲ့ သန်းခေါင်စာရင်းကောက်ယူမှုတွေမှာ ပါဝင်မှုဟာ မတ်လ ၃၁ ရက်နေ့မှာ ၉၉ % ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ သန်းခေါင် စာရင်းကောက်ယူမှုတွေကို တနင်္ဂနွေနေ့မှာ တိုင်းနဲ့ပြည်နယ်တွေ အနှံ့ ကောက်ယူမှုတွေ စတင်နေတာဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန် အခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က ဆက်သွယ်စုံစမ်းထားပါတယ်။

အုပ်ချုပ်ရေးမြို့တော် နေပြည်တော် အပါအဝင် ပြည်နယ်နဲ့တိုင်း ၁၄ ခုမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ သန်းခေါင်စာရင်းကောက်ခံမှုတွေကို တနင်္ဂနွေနေ့ကတည်းက စတင်ခဲ့တာပါ။

ဒီကနေ့မှာလည်း သန်းခေါင်းစာရင်းကောက်ခံရေး စနစ်တကျ လေ့ကျင့်ပေးထားတဲ့ ဆရာမတွေက တစ်အိမ်တက်ဆင်း လိုက်လံ စာရင်းကောက်ယူနေတာကို တွေ့ရပါတယ်။ မနက် ၈ နာရီလောက်ကတည်းက ရပ်ကွက်အလိုက် နေအိမ်တွေကို တစ်အိမ်တက်ဆင်း ကောက်ခံနေ သလို နောက်နေ့မှ ည ကောက်ခံမယ့်အိမ်တွေကို ဖြေဆိုရမယ့် မေးခွန်းတွေ ကြိုတင်ပေးခဲ့တာကိုလည်း တွေ့ရပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ သန်းခေါင်စာရင်းကောက်ခံမှုအပေါ်မှာ မူလက သပိတ်မှောက်ထားပေမယ့် မနေ့တုန်းက ပြန်ပြီး သပိတ်လှန်ခဲ့ပါတယ်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် သန်းခေါင်စာရင်းကောက်ယူရာမှာ ပြည်သူတွေရဲ့ပါဝင်မှု ၉၉ % ရှိတဲ့အကြောင်း သန်းခေါင်စာရင်းဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောပါတယ်။

“ပြောချင်တာကတော့ တနိုင်ငံလုံးအနေအထားနဲ့ဆိုရင်တော့ ၉၉% လောက် အောင်မြင်တယ်လို့ ပြောရလိမ့်မယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ သန်းခေါင်စာရင်းလုပ်ငန်းနဲ့ပတ်သက်လို့ သင်တန်းပေးထားတဲ့ စာရင်းစစ်၊ စာရင်းကောက်တွေ အားလုံးကလည်း သူတို့ရဲ့တာဝန်ကို ကျေပွန်စွာနဲ့ သန်းကောက်စာရင်းကောက်ခံမှု လုပ်ငန်းမှာ ပါဝင်ဆောင်ရွက်ကြသလို တိုင်းရင်းသား ပြည်သူလူထု အားလုံးကလည်း ကူညီဆောင်ရွက်ကြတာပေါ့။ ၃၀ ရက်နေ့ကဆိုလို့ရှိရင် ၁၁ နာရီခွဲလောက်မှ ရခိုင်တိုင်းရင်းသားတွေကနေပြီး သူတို့က သပိတ်လှန်လိုက်တာပေါ့လေ၊ အစတုန်းက သူတို့က ဘင်္ဂလီတွေက ရိုဟင်ဂျာလို့ ထည့်မယ်ဖြစ်နေလို့ သပိတ်မှောက်ထားကြတဲ့ကိစ္စရှိတယ်။ ၁၁ နာရီခွဲလောက်မှာ သပိတ်လှန်လိုက်တာဖြစ်တဲ့အတွက် ၁ နာရီလောက်မှ ရခိုင်ပြည်နယ်က စအကောက်ခံချင်တယ်။

"ကျန်တဲ့တိုင်းနဲ့ပြည်နယ်အားလုံးကတော့ မနက် ၇ နာရီလောက်ကတည်းက စပြီးကောက်ကြတာပေါ့။ အဲဒီတော့ ပြောရမယ်ဆိုလို့ရှိရင်တော့ အခုတော့ တိုင်းဒေသကြီး ပြည်နယ်အားလုံးမှာ သန်းခေါင်စာရင်းလုပ်ငန်းကို အောင်အောင်မြင်မြင်နဲ့ စာရင်းစစ်၊ စာရင်းကောက်တွေကလည်း ပျော်ပျော်ရွှင်ရွှင်နဲ့၊ တိုင်းရင်းသားပြည်သူလူထုအားလုံးကလည်း တက်ညီလက်ညီနဲ့ မှန်မှန်ကန်ကန်ဖြေကြတယ်။ တချို့အိမ်တွေဆိုရင် အအေးတိုက်တာတို့၊ လက်ဖက်ကျွေးတာတို့၊ ဒီလိုနဲ့ အားလုံးအဆင်ပြေပြေနဲ့ ဆောင်ရွက်နေတဲ့ အနေအထားတွေ ဖြစ်နေပါပြီဗျ။”

မနက်နဲ့ နေ့လယ်ပိုင်းမှာ ကောက်ယူရရှိထားတဲ့ သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်တွေကို မြို့နယ်တွေအလိုက်ဖွင့်လှစ်ထားတဲ့ သန်းခေါင်စာရင်း ကွပ်ကဲရေးရေးရုံးတွေမှာ ညနေ ၅ လောက်ကစပြီး ညပိုင်းအထိ စာရင်းပေါင်းနေတာကိုလည်း တွေ့ရပါတယ်။

အခုလို သန်းခေါင်စာရင်းကောက်ခံမှုအပေါ်မှာ အစောပိုင်းကာလတွေတုန်းက ပြည်သူလူထုအနေနဲ့ စိုးရိမ်မှုတွေရှိခဲ့ပေမယ့် တကယ်တန်း လာရောက် စာရင်းကောက်ခံချိန်မှာတော့ သိပ်ပြီး အခက်အခဲမရှိတာ တွေ့ရတယ်လို့ ဒီနေ့မှာပဲ သန်းခေါက်စာရင်းကောက်ယူပုံ လုပ်နည်းလုပ်ဟန်နဲ့ ပတ်သက်လို့ ဗိုလ်တစ်ထောင်မြို့နယ် နေထိုင်သူ ဦးဝင်းအောင်က သူရဲ့အတွေ့အကြုံကို အခုလို ပြောပါတယ်။

“သန်းခေါင်စာရင်းလာကောက်တဲ့အခြေအနေကတော့ ကျနော်တို့ဆီမှာ အေးအေးဆေးဆေးပါပဲ၊ ကောင်းပါတယ်။ ဆရာမတစ်ယောက်နဲ့ သူနဲ့အတူ အဖော်နှစ်ယောက်ပါတယ်၊ သန်းကောင်စာရင်းကောက်တာလည်း ကျနော်တို့ပြောတဲ့ ဖြည့်တဲ့အတိုင်းပဲ သူတို့ကောက်ယူသွားပါတယ်။ တခြားတော့ အထွေအထူး ဘာမှ မရှိပါဘူး။ ကျနော်တို့အိမ်မှာ စုစုပေါင်း နာရီဝက်ပဲ ကြာပါတယ်ခင်ဗျ။”

မေး။ ။ဦးဝင်းအောင်အနေနဲ့ လူမျိုးနဲ့ ဘာသာ နေရာမှာ ဘယ်လိုများ ဖြည့်ခဲ့လဲ ခင်ဗျ။

“ကျနော်တို့ကတော့ အမှန်အတိုင်းပဲ 9-1-4 ပတီပဲပေါ့နော်။ ပတီပါပဲ။”

မေး။ ။ ဦးဝင်းအောင်ရဲ့ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့နေရာမှာရော အခက်အခဲရှိလား ခင်ဗျ။

“ပိုင်ဆိုင်မှုတွေဆိုတာကတော့ ကျနော်တို့ အထူးသဖြင့်တော့ ကျနော်တို့အိမ်က ကွန်ဒိုတိုက်ခန်းဆိုတော့ သူတို့မေးတဲ့အထဲမှာ ဘာတိုက်ခန်းလဲဆို Condominium ဆို Condominium ပေါ့။ အငှားလား၊ ပိုင်ရှင်လားဆိုတဲ့ မေးခွန်းအတိုင်းပေါ့ ပိုင်ရှင်ဆို ပိုင်ရှင်ဖြေလိုက်တာပေါ့။ တခြား မေးခွန်းတွေကတော့ ဘာမှ သိပ်ခက်ခက်ခဲခဲ မရှိပါဘူး။ အလင်းရောင်ဘာသုံးတယ်တို့၊ လောင်စာ ဘာသုံးတယ်တို့ ဒါလေးတွေပါပဲ။”

မနေ့တုန်းကတော့ နေပြည်တော်ကသမ္မတအိမ်တော်ကို လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ဒုဝန်ကြီး ဦဝင်းမြင့်ကိုယ်တိုင်သွားရောက်ပြီး သန်းခေါင်စာရင်းကောက်ယူခဲ့တာပါ။ တစ်ချိန်တည်းမှာပဲ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ရဲ့ နေအိမ်တွေကိုလည်း စာရင်းကောက်ယူခဲ့ပါတယ်။

မြန်မာတစ်နိုင်ငံလုံးအနေနဲ့ သန်းခေါင်စာရင်း ကောက်ကွက်ပေါင်းဟာဆိုရင် ၈၀,၉၈၆ ရှိပြီးတော့ စစ်ရင်းကောက်သူ ဦးရေ ၁ သိန်းကျော်က တစ်အိမ်တက်ဆင်းကောက်ခံနေတာဖြစ်ပါတယ်။ မတ်လ ၃၁ ရက် ကနေ ဧပြီလ ၁၀ ရက်နေ့ ထိ စုစုပေါင်း ၁၂ ရက် ကောက်ခံသွားမှာ ဖြစ်ပါတယ်။ ကွပ်ကဲရေးရုံးတွေကိုတော့ မြန်မာနိုင်ငံအနှံ့မှာ ၂ သောင်းကျော် ဖွင့်လှစ်ထားပါတယ်။

လွတ်လပ်လေးရပြီးချိန်က စပြီးတော့ ၁၉၅၃၊ ၁၉၅၄၊ ၁၉၇၃ နဲ့ ၁၉၈၃ ခုနှစ်တွေမှာ သန်းခေါင်စာရင်းကောက်ခံခဲ့ပေမယ့် အခု ၂၀၁၄ ခုနှစ် သန်းကောင်စာရင်းကောက်ယူမှုကတော့ နှစ်ပေါင်း ၃၁ နှစ် ကြာမှ တကြော့ပြန်ပြီး သန်းခေါင်စာရင်းကောက်ယူတာဖြစ်ပါတယ်။