ရွေးကောက်ပွဲအကြို အကျဉ်းသားတွေ လွှတ်ပေးဖွယ်ရှိ

ရွေးကောက်ပွဲအကြို အကျဉ်းသားတွေ လွှတ်ပေးဖွယ်ရှိ

နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ ပါဝင်မဲပေးနိုင်ကြဖို့အတွက် အကျဉ်းသားတွေကို လာမယ့် ရက်ပိုင်းအတွင်းမှာ ပြန်လွှတ်ပေးမယ်လို့ တာဝန်ရှိသူတွေ ပြောတဲ့အကြောင်း မြန်မာနိုင်ငံထဲက လာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အကျဉ်းသား ၃,၀၀၀ ကျော်ရဲ့ ပြစ်ဒဏ်တွေကို လျှော့ပေါ့ပေးဖို့ အကျဉ်းဦးစီးဌာနက စီစဉ်နေသလို နိုဝင်ဘာလ ၇ ရက် မတိုင်ခင် ပြစ်ဒဏ်ရက်စေ့မယ့် အကျဉ်းသားက ၈,၀၀၀ လောက် ရှိတယ်လို့ ဒီတပတ်အတွက် အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ Myanmar Times ထဲမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ အကျဉ်းကျနေကြသူတွေ မဲပေးနိုင်အောင် လျှော့ရက်နဲ့ လွှတ်ပေးမှာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အကျဉ်းဦးစီး အရာရှိတယောက်ကလည်း AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

ပြန်လွှတ်ပေးမယ့်အထဲမှာ နိုင်ငံရေး အကျဉ်းသား ဘယ်နှစ်ယောက်ပါမလဲ ဆိုတာကိုတော့ သတင်းတွေထဲမှာ ဖော်ပြထားခြင်း မရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းကျနေတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေကြသူတွေ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးပြီး နိုင်ငံရေး လုပ်ငန်းစဉ်တွေထဲမှာ ပါဝင်ခွင့်ပေးဖို့ နိုင်ငံတကာက တောင်းဆိုနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မကြာခင်လုပ်မယ့် ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးရမှာဖြစ်ပြီး ပွင့်လင်း၊ လက်ခံနိုင်လောက်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်သင့်တယ် ဆိုတာကိုလည်း မကြာခင်ကမှ အာဆီယံ ခေါင်းဆောင်တွေနဲ့ နယူးယောက်ခ်မြို့မှာ တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki Moon) က ပြောထားပါတယ်။

မြန်မာနိုင်ငံတဝန်းက အကျဉ်းထောင်နဲ့ အလုပ်ကြမ်းစခန်းတွေမှာ စုစုပေါင်း အကျဉ်းသား ၆၀,၀၀၀ လောက်ရှိပြီး အမှုရင်ဆိုင်နေရဆဲ သူပေါင်း ၆,၀၀၀ လောက် ရှိတယ်လို့ အကျဉ်းဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ အဲဒီထဲမှာ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ထက်မနည်း ရှိပါတယ်။