မြန်မာနိုင်ငံထဲက သတင်းလွတ်လပ်ခွင့်ဟာ ၂၀၀၉ ခုနှစ်ကထက် ပိုဆိုးပြီး အဆင့် ၃ ဆင့်ကို နိမ့်ကျသွားတယ်လို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) က ပြောလိုက်ပါတယ်။ RSF ရဲ့ သတင်းလွတ်လပ်မှုမရှိတဲ့ နိုင်ငံများ စာရင်းမှာ ၂၀၀၉ ခုနှစ်က ၁၇၁ နိုင်ငံမြောက်မှာ ရှိတဲ့ မြန်မာနိုင်ငံဟာ ၂၀၁၀ စာရင်းမှာ ၁၇၄ နိုင်ငံကို ကျသွားပါတယ်။ ဘယ်လိုကြောင့် အခုလို ကျဆင်းသွားရတာပါလဲ၊ ဘယ်လိုအခြေအနေမှာ သတင်းလွတ်လပ်ခွင့်တွေ ဆုံးရှုံးနေရသလဲ ဆိုတာကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မမိုးဖြူက တင်ပြပေးထားပါတယ်။
ကမ္ဘာမှာရှိတဲ့ နိုင်ငံတွေမှာ သတင်းလွတ်လပ်ခွင့် ဘယ်လောက်ရှိသလဲ ဆိုတာကို အကဲဖြတ်တဲ့ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အဆင့် အညွှန်းစာတမ်းမှာ နယ်စည်းမခြား သတင်းသမားများအဖွဲ့က ၂၀၁၀ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ အဆင့်ဟာ ၂၀၀၉ နှစ်ထက် ၃ ဆင့် ကျဆင်းသွားတယ်လို့ သုံးသပ်လိုက်ပါတယ်။
မနှစ်က သတင်းလွတ်လပ်ခွင့် နည်းပါးတဲ့ အောက်ဆုံးပိုင်းအဆင့် နိုင်ငံတွေထဲမှာ နံပါတ် ၁၇၁ စွဲခဲ့တဲ့ မြန်မာနိုင်ငံဟာ ဒီနှစ် ၂၀၁၀ ခုနှစ်မှာတော့ အဆင့် ၁၇၄ ကို ကျဆင်းသွားခဲ့တာ တွေ့ရပါတယ်။ ဒီနှစ် အညွှန်းအရ နိုင်ငံ ၁၇၈ နိုင်ငံအနက် မြန်မာနိုင်ငံက နံပါတ် ၁၇၄ စွဲတာကြောင့် သတင်းလွတ်လပ်ခွင့် အနည်းဆုံး ၅ နိုင်ငံထဲမှာ ပါဝင်ပြီး သူ့အောက်မှာ မြောက်ကိုရီးယားနဲ့ အီရန် အပါအဝင် ၄ နိုင်ငံလောက်သာ ကျန်ပါတော့တယ်။
တနှစ်အတွင်း သတင်းလွပ်လပ်ခွင့်ဆိုင်ရာ အဆင့် ၃ ဆင့်လောက် ကျဆင်းသွားခဲ့ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားအဖွဲ့ရဲ့ အာရှဌာန အကြီးအကဲ ဗင်းဆင့် ဘိုစဲလ် (Vincent Bosssel) က အချက် ၃ ချက်ကို အခုလို ရှင်းပြခဲ့ပါတယ်။
“၂၀၁၀ ခုနှစ်မှာ မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့် ၃ ဆင့်ကျသွားတာ အဓိကအားဖြင့် အချက် ၃ ခုကြောင့် ဖြစ်ပါတယ်။ ပထမ အချက်က သတင်းတွေကို စိစစ် ထိန်းချုပ်တဲ့အဖွဲ့က ထိန်းချုပ်မှုတွေကို ပိုလုပ်လာတယ်။ ဒုတိယ အချက်က နိုင်ငံတကာ သတင်းမီဒီယာတွေကို သူ့တိုင်းပြည်ထဲကို ဝင်ပြီး ပွင့်လင်းမြင်သာတဲ့ သတင်းမီဒီယာဖြစ်အောင် အလုပ်လုပ်ခွင့် မပေးဘူး။ ဥပမာ ပြီးခဲ့တဲ့အပတ်က အစိုးရရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံတကာ သတင်းမီဒီယာတွေ လာစရာမလိုဘူးလို့ ပြောလိုက်တယ်။ တတိယ အချက်ကတော့ သတင်းလွတ်လပ်ခွင့် ကျသွားရတဲ့ အဓိက အကျဆုံး အကြောင်းရင်းလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက် ဘလော့ဂ်ဂါတွေ အပါအဝင် သတင်းသမားတွေကို ဖမ်းဆီး အကျဉ်းချနေတာဟာ ၂၀၁၀ ခုနှစ်ထဲမှာ အင်မတန ဆိုးရွားလာနေလို့ပါ။”
မြန်မာနိုင်ငံမှာ စစ်အစိုးရ အာဏာသိမ်းပြီးနောက် အနှစ် ၂၀ အတွင်း ရွေးကောက်ပွဲတခု ပြန်လုပ်ဖို့ ရက်သတ္တ ၃ ပတ်လောက်ပဲ လိုတော့တဲ့ အချိန်မှာ ရွေးကောက်ပွဲတခုရဲ့ မျှတ မှန်ကန်မှုကို သုံးသပ်ရာမှာ အဓိက အချက်တခုဖြစ်တဲ့ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ အရေးတကြီး ပြုပြင် ပြောင်းလဲသင့်တဲ့ အချက်တွေကို သူက ဆက်ပြီး ထောက်ပြပါတယ်။
“ပထမဆုံး လုပ်သင့်တာက ယုတ္တိကင်းမဲ့ပြီး ခေတ်နောက်ကျနေတဲ့ သတင်းစိစစ် ထိန်းချုပ်တဲ့ လုပ်နည်းလုပ်ဟန်တွေကို ရပ်ပြီး ပြုပြင် ပြောင်းလဲရပါမယ်။ မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိက သတင်းမီဒီယာ နယ်ပယ်ဟာ အတွေ့အကြုံရှိပြီး အရည်အချင်း ပိုရှိလာပေမဲ့ သတင်းသမားတွေမှာ သတင်းအချက်အလက် အသေးစိတ်တွေသာမက ကာတွန်းတွေကိုပါ စာပေစိစစ်ရေးကို တင်နေရတာကြောင့် လွတ်လပ်ခွင့် မရှိပါဘူး။
“ဒုတိယ အရေးကြီးတဲ့ အချက်က သတင်းသမားတွေကို ထောင်တွေထဲက အမြန်ဆုံး ပြန်လွှတ်ပေးဖို့ပါ။ မြန်မာနိုင်ငံက သတင်းသမားတွေဟာ အံ့အားသင့်စရာ ကောင်းလောက်အောင် နှစ်ရှည်လများ ထောင်ဒဏ်တွေ ချခံနေကြရပါတယ်။ သူတို့ကို ချက်ချင်း လွှတ်ပေးဖို့ပါ။ နောက် အရေးအကြီးဆုံး အချက်ကတော့ ဘီဘီစီ၊ ဗွီအိုအေ၊ ဒီဗွီဘီ အပါအဝင် နိုင်ငံတကာ သတင်းသမားတွေကို မြန်မာနိုင်ငံထဲဝင်ပြီး အလုပ်လုပ်ခွင့် ပေးဖို့ပါ။ အခုလို ရွေးကောက်ပွဲ နီးကပ်တဲ့ ကာလမှာ ကမ္ဘာက လက်ခံယုံကြည်နိုင်လောက်တဲ့ ရွေးကောက်ပွဲတခု ဖြစ်ဖို့ဆိုရင် ပွင့်လင်းမြင်သာမှု ရှိလာအောင် သတင်းမီဒီယာကို ပြုပြင်ဖို့ လိုတာပေါ့ဗျာ။”
မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၇ ရက်နေ့ ပြုလုပ်မယ့် ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ ကမ္ဘာက လက်ခံ ယုံကြည်လောက်တဲ့ ရွေးကောက်ပွဲတခု ဖြစ်ဖို့ ဝေဖန် အကြံပေးသံတွေ ပိုကြားလာရတဲ့ အခုသီတင်းပတ်တွေ အတွင်းမှာပဲ လွန်ခဲ့တဲ့ ၂ ရက်ကတော့ ရွေးကောက်ပွဲ ကော်မရှင်က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံတကာ သတင်းမီဒီယာလာဖို့ မလိုအပ်ဘူးလို့ အတိအလင်း ပြောဆိုခဲ့ပြီး ရွေးကောက်ပွဲ ပြုလုပ်တဲ့ရက်မှာ မဲရုံတွေနားမှာလည်း ဓာတ်ပုံရိုက်တာ၊ ဗွီဒီယို ရိုက်ကူးတာတွေလည်း ခွင့်မပေးဘူးလို့ ထုတ်ပြန် ကြေညာထားပါတယ်။