သတင်းမီဒီယာကောင်စီ ရခိုင်ခရီးစဉ် အတွေ့အကြုံရှင်း

သတင်းမီဒီယာကောင်စီ ရခိုင်ခရီးစဉ် အတွေ့အကြုံရှင်းလင်းပွဲ။

အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဆူပူအကြမ်းဖက် မှုတွေပြုလုပ်ဖို့ ရှိနေတယ်ဆိုတာ ဒေသအာဏာပိုင်တွေဆီက သိခဲ့ရတယ်လို့ သတင်းသွားရောက်ရယူခဲ့တဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကပြောပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်တဲ့သူတွေဟာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေထိုင်နေရတယ်လို့ လည်းပြောပါတယ်။ ဒီအကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို မြန်မာ သတင်းမီဒီယာကောင်စီက ဦးဆောင်ပြီး ပြည်တွင်းမီဒီယာတွေနဲ့ ဇန်နဝါရီ ၆ ရက်ကနေ ၁၀ ရက်အထိ သွားရောက်သတင်းယူခဲ့တာပါ။ သတင်းသွားရောက်ရယူခဲ့ပြီး သွားရောက်ခဲ့တဲ့ခရီးစဉ်အကြောင်းကို ဒီကနေ့ ဇန်နဝါရီ ၁၁ ရက်မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။

သတင်းသွားရောက် ရယူမှာတော့ ရခိုင်ပြည်နယ်မှာ ဆူပူမှုတွေပြုလုပ်ဖို့ရှိတယ်ဆိုတာ ဒေသအာဏာပိုင်တွေဆီ က သိရှိရတယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ကောင်စီဝင် ဦးအုန်းကြိုင်ကပြောပါတယ်။

" ကျနော်တို့သိရသလောက် စုံစမ်းခဲ့ရသလောက် သက်ဆိုင်ရာအာဏာပိုင် ပုဂ္ဂိုလ်တွေရဲ့အပြောအရရော ဘင်္ဂလီတွေ ပြန်မဝင်နိုင်အောင် တားဖို့ရည်ရွယ်ချက်နဲ့ ဒီရက်ပိုင်းအတွင်းမှာ ဆူမယ်ဆိုတာ ကျနော်တို့သတင်းရတယ်။ ၈ရက်၊ ၉ရက်၊ ၁၀ရက် ဆူမယ် ဒီလိုပြောကြတယ် ဒါ အစီရင်ခံစာတွေအရ ကြားရတဲ့သတင်းပါ။ အဲ့ဒီ့အခြေအနေမှာ ကျနော်တို့ ဘာသွားတွေ့ရလဲဆိုတော့ ငါးရက်နေ့က တပ်မတော် စစ်ကြောင်းတခုကို မိုင်းခွဲပြီးတဲ့နောက်မှာ ရေစက်ချောင်းခွရွာမှာ အောင်ပွဲခံတဲ့ အထိမ်းအမှတ်အနေနဲ့ ဘင်္ဂလီတွေ စုပြီး အခမ်းအနားလုပ်တယ် တညလုံးပဲ။ ဒီဟာကိုလည်း ကျနော်တို့ ကြားခဲ့ရပါတယ်။ အဲ့ဒီ့တော့ ကျနော် ဘာပြောချင်သလဲဆိုတော့ တဖြေးဖြေးနဲ့ပြန်စုလာပြီးတော့ သူတို့ ပြန်တစခန်းထဖို့ အစီအစဉ်ရှိ တယ်လို့ပြောချင်ပါတယ်။ အဲ့တာကိုလည်းပဲ သက်ဆိုင်ရာ လုံခြုံရေးအာဏာပိုင်တွေက ကြိုတင်ပြီး ပြင်ဆင်ထားပါတယ်။ "

မြေပြင်ကွင်းဆင်းသတင်း ယူရာမှာတော့ အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ လူမှုအသိုင်းအဝိုင်း ၂ ခုဟာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေထိုင်နေရတယ်လို့လည်း သတင်းမီဒီယာကောင်စီ တွဲဘက် အတွင်းရေးမှူး (၂) ဦးကျော်စွာမင်းက VOA ကိုပြောပါတယ်။

"လက်ရှိသူတို့ဆီမှာ ဘယ်လောက်ပဲပြောပြော အကြောက်တရားတွေရှိနေတယ်။ ဟိုဘက်က ဘင်္ဂလီတွေ ပြန်ဝင်လာပြီဆို ဒီဘက်က ရခိုင်တွေ စိုးရိမ်နေတာတွေရှိတယ်။ နောက် မူဆလင်တွေဘက်ကလည်း ကျနော်တို့ သက်ကယ်ပြင်စခန်းကိုရောက်တဲ့အခါမှာ မူဆလင်တွေကလည်း အစိုးရက သူတို့ကို အသိအမှတ်ပေးဖို့ ပြန်လက်ခံပေးဖို့ဆိုတာ တွေ့နေရတယ် ဒါကြောင့်မို့လို့ နှစ်ဘက်စလုံးက စိုးရိမ်နေတဲ့အနေအထားကို တွေ့ခဲ့ရတယ်။ "

မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်ရှိနေတဲ့ ဒုက္ခသည်တွေကို ဇန်နဝါရီ ၂၃ ရက်နေ့မှာတော့ ပြန်လည် စတင်လက်ခံမှာဖြစ်ပါတယ်။ အစိုးရအနေနဲ့ ပြန်လည်လက်ခံရေးအစီအစဉ်တွေကို အောင်မြင်အောင် ကြိုးစားနေတယ်လို့လည်း ဦးကျော်စွာမင်းက ဆက်ပြောပါတယ်။

" အစိုးရဘက်ကတော့ ဝန်ကြီးချုပ်စကားပဲ သူတို့ကတော့ MOU သဘော MOU မှာ သဘောတူထားတာရှိပါတယ်။ အဲ့တာမျိုး မူအတိုင်း သူတို့လက်ခံသွားမယ်။ နောက်တခါ သူတို့လက်ခံတဲ့အစီအစဉ်ကို မရမက အောင်မြင်အောင် ဘယ်လိုပဲဖြစ်ဖြစ် ကြိုးစားသွားမယ်လို့ သူတို့ပြောတယ်။ ဒါသူတို့ဘက်မှာတော့ ကြိုတင်ပြင်ဆင်မှုပေါ့ လာတဲ့သူတွေအတွက် အစိုးရ ဘက်ပေါင်းစုံက ပြင်ဆင်ထားပြီးပြီလို့ ပြောလို့ရပါတယ်။"

မြန်မာသတင်းမီဒီယာကောင်စီနဲ့ ပြည်တွင်းသတင်းမီဒီယာတွေဟာ ရသေ့တောင်မြို့နယ် ဒုံပိုက်ရွာ ကိုးတန်ကောက်ရွာနဲ့ အင်းဒင်ရွာ မောင်တောမြို့နယ်အတွင်းက အလယ်သံကျော်တို့အပြင် နယ်စပ်ခြံစည်းရိုးကာရန်ထားတဲ့နေရာတွေကိုလည်း လေ့လာသတင်းယူခဲ့ကြပါတယ်။ နောက်ထပ်လည်း သွားရောက်သတင်းယူဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။

သတင်းမီဒီယာတွေသွားရောက် သတင်းရယူဖို့ တရက်အလိုမှာတော့ ဘူသီးတောင်ကိုသွားရောက်တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကြိမ်ချောင်းရွာအနီးမှာ အကြမ်းဖက်သမားတွေရဲ့ လက်လုပ်မိုင်းဖောက်ခွဲတာခံရပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ယောက်နဲ့ ယာဉ်မောင်းတို့ ဒဏ်ရာရရှိခဲ့ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနဲ့ ဗြိတိန်သံရုံးတို့က ရှုတ်ချခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းကို လုံခြုံရေးအခြေအနေအရ သတင်းမီဒီယာသမားတွေအနေနဲ့ သတင်းရယူဖို့အကန့်အသတ်တွေရှိနေပါတယ်။ ရံဖန်ရံခါမှာတော့ အစိုးရအစီအစဉ် တပ်မတော်အစီအစဉ် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အစီအစဉ်တို့နဲ့ သတင်းသွားရောက် ရယူခွင့်ရှိပါတယ်။

Your browser doesn’t support HTML5

သတင်းမီဒီယာကောင်စီ ရခိုင်ခရီးစဉ် အတွေ့အကြုံရှင်း