ဗီယက်နမ်မှာ ကျင်းပနေတဲ့ ၁၆ ကြိမ်မြောက် ကုလသမဂ္ဂ ဗုဒ္ဓနေ့ အခမ်းအနားကို တနင်္ဂနွေနေ့က သမ္မတ ဦးဝင်းမြင့် တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံတွင်း ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆောင်ရွက်နေကြောင်း ပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂ ဗုဒ္ဓနေ့ အခမ်းအနား မိန့်ခွန်းမှာတော့ မြန်မာနိုင်ငံတွင်း အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ထွန်းကားလာဖို့ ကြိုးပမ်းမှု အနေနဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ငြိမ်းချမ်း မေတ္တာ အဖွဲ့က ဦးဆောင်ပြီး ၂၀၁၈ ခုနှစ်က စလို့ ၂ ကြိမ် ကျင်းပခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် လည်း ဗီယက်နမ်မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ ဗုဒ္ဓနေ့ အခမ်းအနား အတွက် သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ သည်းငြင်းခံမှုမရှိတာတွေ တရားမမျှတမှုတွေ ကြီးထွားလာနေတဲ့ အချိန်ကာလကြီးမှာ ဗုဒ္ဓဟောကြားတဲ့ အကြမ်းမဖက်မှုနဲ့ အများအကျိုးသယ်ပိုးမှုတွေက အရင်ထက်ပိုပြီးတော့တောင် သက်ဆိုင်မှု ရှိလာတယ်၊ ဗုဒ္ဓနေ့က စလို့ ကမ္ဘာပေါ်က အားလုံး အတွက် ငြိမ်းချမ်းရေးနဲ့ ဂုဏ်သိက္ခာကို တည်ဆောက်မယ့် ပိုင်းဖြတ်ချက်ကို ပြန်ပြီး သစ်လွင်ဖော်ဆောင်ကြပါစို့လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့ပါတယ်။
ဂေါတမ မြတ်စွာဘုရား ဖွားတော်မူသောနေ့၊ ဘုရားဖြစ်တော်မူသောနေ့ ပရိနိဗ္ဗာန် စံတော်မူသောနေ့ ဖြစ်တဲ့ ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ အဖြစ် ကုလသမဂ္ဂက အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်နဲ့ အတည်ပြုခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှာ အမေရိကန် ပြည်ထောင်စု နယူးယောက်မှာ ပထမဆုံး အကြိမ် ကျင်းပခဲ့တာပါ။ ဒီနောက်မှာတော့ ထိုင်း၊ သီရိလကာၤနဲ့ ဗီယက်နမ် နိုင်ငံတို့က အိမ်ရှင်အဖြစ် အသီးသီး ကျင်းပနေကြတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5