ရခိုင်မှာ အရေးပေါ်ပေါင်းစပ်ရေး စင်တာ ထားရှိရေး သမ္မတ အဆိုပြု

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နိုင်ငံကိုမိန့်ခွန်းပြော။ (မေ ၁၊ ၂၀၁၄)

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်များဟာ နိုင်ငံကြီးသားတိုင်း အတွက် လက်ခံလို့မရနိုင်တဲ့ မဖြစ်သင့် မဖြစ်ထိုက်တဲ့ လုပ်ဆောင်မှုတွေ ဖြစ်ပြီးတော့ နောက်ပိုင်း ဒီဒေသမှာ ဒီလို ပြဿ နာတွေ ထပ်ပေါ်လာရင် ဖြေရှင်းနိုင်ဖို့ အတွက် အရေးပေါ် ပေါင်းစပ် ညှိနှိုင်းရေး စင်တာ တစ်ခု ထားရှိဆောင်ရွက်မယ်လို့ သမ္မတ သူရဲ့ မေလအတွက် မိန့်ခွန်း ထဲမှာ ထည့်သွင်းပြောဆိုသွားတာပါ။ ဒီအချက်ကို ရခိုင် တိုင်းရင်းသားခေါင်းဆောင်တွေ ကလည်း လက်ခံတယ်လို့ ပြောဆိုခဲ့ပါတယ်။ ရခိုင်ပြည်နယ် တည်ငြိမ်ရေး ကိစ္စအပါအဝင်၊ ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို သမ္မတ ဦးသိန်းစိန်က ဘာတွေ အလေးထားပြောခဲ့လဲဆိုတာကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြမှာပါ။

ရခိုင်ပြည်နယ် တည်ငြိမ်ရေး နဲ့ ဖွံြ့ဖိုးရေးလုပ်ငန်းတွေ ပိုလုပ်နိုင်အောင် အစိုးရ အဖွဲ့ဝင်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်း တွေ က ကိုယ်စားလှယ်တွေနဲ့ စုဖွဲ့ပြီး အရေးပေါ်ပေါင်းစပ် ညှိနှိုင်းရေး စင်တာ တစ်ခု တည်ထောင်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

"လူတစ်ချို့ အနေနဲ့ ဥပဒေ ချိုးဖောက်မှုများ ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒီလိုအပြုအမူတွေကို ကျနော်တို့အနေနဲ့ လက်သင့်မခံဘဲ ဥပဒေနဲ့အညီ အရေးယူမှုများ ပြုလုပ်နေပါတယ်။ ယခုလို ဖြစ်ပွါးနိုင်ခြေရှိတဲ့ ပြဿ နာတွေကို ကြိုတင်ကာကွယ်သွားနိုင်ဖို့အတွက် အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေး စင်တာ တစ်ခုကို အစိုးရအဖွဲ့ဝင်များ နိုင်ငံတကာအဖွဲ့အစည်းများ နဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားပြီး ရခိုင်ပြည်နယ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးများကို ပြည်သူများနဲ့ တိုင်ပင်ပြီး ပိုမို၍ အလေးထားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်သူတစ်ရပ်လုံး နဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ အနေနဲ့လည်း အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေး စင်တာ နဲ့ ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်ထွန်းလိုပါတယ်။"

ရခိုင်ပြည်နယ် အတွင်းမှာ အခုလို အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေးစင်တာတစ်ခု ကို တည်ထောင်မယ်ဆိုရင် ဖြစ်နိုင်ခြေရှိတဲ့ အလားအလာတွေ မှာ အခြြေ့ပုပြီးတော့ ဒေသဆိုင်ရာ ကိုယ်စားပြုမယ့် သူတွေ နဲ့ ပေါင်းစပ်ဖွဲ့စည်းဖို့ လိုတယ်လို့လည်း ရခိုင်အမျိုးသားပါတီရဲ့ ဒုတိယခေါင်းဆောင် ဒေါက်တာ အေးမောင်က ဗွီအိုအေ ကို ပြောပါတယ်။

"အရေးပေါ်ညှိနှိုင်းရေး စင်တာဆိုတာကောင်းပါတယ်။ ဒါပေမယ့် အဲဒီမှာ ဘယ်သူတွေ ပါမလဲပေါ့နော်။ အဲဒီမှာ အရပ်ဖက်လူထု ပါမယ်။ တကယ် အရပ်ဖက်ကို ကိုယ်စားပြုတဲ့ အဖွဲ့တွေဖြစ်ဖို့ လိုတယ်။ ဒေသခံ ကိုယ်စားလှယ် ဆိုပါစို့။ တကယ် ဒေသက ကိုယ်စားပြု တဲ့ပုဂ္ဂိုလ် ဖြစ်ဖို့လိုတယ်။ ဟုတ်ပြီနော် မြို့မိ မြို့ဖဆိုရင်လည်း တကယ် မြို့မိ မြို့ဖတွေက ရွေးထားတဲ့ မြို့ရဲ့ ကိုယ်စားလှယ်တွေ အစစ်အမှန်ဖြစ်ဖို့လိုတယ်။ အဲ့ဒါမျိုးဆိုရင်ကောင်းပါတယ်။
ဒီ့စင်တာမှာ ပဋိပက္ခဖြစ်ရင် အကြောင်းရင်း ရှာနိုင်တာတို့ပေါ့ဗျာ။ နောက် ပဋိပက္ခရဲ့ ဇစ်မြစ်ကို ကျနော်တို့ အများလည်းသိအောင် ဝင်ရှင်းလင်း နိုင်အောင် စသဖြင့်ပေါ့နော် ကျနော်တို့အများကြီး သုံးသပ်ပေးဖို့ လိုပါတယ်။ ဥပမာ ပြီးခဲ့တဲ့ ကာလက နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဖြစ်တယ်ဆိုရင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပါတ်သက်တဲ့ ဘာကြောင့် ဒီအဖွဲ့အစည်းတွေကို ဒီနယ် ဒီဒေသမှာ ထားပေးနေရတယ် ဆိုတာ လူထုသိအောင် ရှင်းပြပေးဖို့လိုတယ်။"

ပြည်တွင်း ငြိမ်းချမ်းရေး၊ တစ်ပြည်လုံး အပစ်ရပ်ဆဲရေး နဲ့ ပတ်သက်ပြီးတော့ လည်း သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ မိန့်ခွန်း အတွင်းမှာ အသိအမှတ်ပြုပြော ခဲ့ပါသေးတယ်။ လက်နက်ကိုင် ပဋိပက္ခတွေကို အမှန်တကယ် ချုပ်ငြိမ်းနိုင်ဖို့ အတွက် နိုင်ငံရေးဆွေးနွေးမှုတွေ နဲ့ အဖြရှာဖို့လိုတယ်ဆိုတာကို သူ့အနေနဲ့ လက်ခံတယ်လို့ ပြောဆိုပါတယ်။

"ယခင် ဆွေးနွေးပွဲများက အတည်ပြုခဲ့တဲ့ ခေါင်းစဉ်များကို အသေးစိတ် အချိန်ယူ ဆွေးနွေးခဲ့ကြပြီး တစ်ခုတည်းသော သဘောတူညီချက် ပထမ မူကြမ်းကို ပြုစုနိုင်သည့် တိုးတက်မှုများ ရရှိခဲ့ပါတယ်။ ဤအဆင့်သို့ တက်လှမ်းနိုင်ခြင်းသည် နှစ်ဖက် ကိုယ်စားလှယ်များ ဆွေးနွေး ညှိနှိုင်းခြင်းနှင့် အသေးစိတ် လုပ်ငန်းများမှ ပေါ်ထွက်လာသည့် ရလဒ်ကောင်း တစ်ခုဖြစ်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်၏ အဆင့် တစ်ဆင့် တက်ခြင်းဟု ရှုမြင်ကြရမှာ ဖြစ်ပါတယ်။ ဒီရလဒ်များကို အခြေခံပြီး များမကြာမီ ကာလမှာ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး စာချုပ်ကို ချုပ်ဆိုရမှာဖြစ်ပြီး တိုင်းရင်းသားများကို ကျွန်တော် ကတိပြု ပြောကြားထားသည့် အတိုင်း လက်နက်ကိုင် ပဋိပက္ခများကို နိုင်ငံရေး နည်းလမ်းဖြင့် ဆွေးနွေး အဖြေရှာနိုင်တော့မှာ ဖြစ်ပါတယ်"

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ကချင်အမျိုးသား အစည်းအရုံးက အစိုးရ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းမှု တွေ ရှိလာချိန်မှာ သမ္မတ ကလည်း ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ ပိုပြီးတော့ ကြိုးစား လုပ်ဆောင်မယ် လို့ ပြောလာတဲ့အတွက် တစ်ပြည်လုံး ငြိမ်းချမ်းရေး ရနိုင်မယ့် ခြေလှမ်းတွေ ဖြစ်လာမယ့် သဘောရှိတယ်လို့လည်း ဖက်ဒရယ် ပြည်ထောင်စုပါတီ ဒုဥက္ကဋ္ဌ ဦးစောသန်းမြင့် ကပြောပါတယ်။

"ဒီအခု လောလောဆယ် ငြိမ်းချမ်းရေး လက်မှတ်ထိုးဖို့ အဓိကမှာ KIA/ KIO က အဓိကဖြစ်တယ်လေ။ သူပါလိုက်တာနဲ့ အားလုံးပြီး သွားပြီပေါ့နော်။ ပြီး သလောက်ဖြစ်သွားပြီ။ သူပါလိုက်တာနဲ့ ကျနော်အထင် ပလောင်အဖွဲ့ကလည်း သူ့ဟာသူ ဘယ်လိုဖြစ်ဖြစ် ပါလာမှာပဲလေ။ အဲဒီတော့ ကျနော်ထင်တယ် တစ်ချို့ကလည်း U.S ကိုသွားလိုက်တယ်။ U.S ကလည်း ကျနော်တို့နိုင်ငံ အကြီးအကျယ် ငြိမ်းချမ်းတဲ့ ဒေသဖွံ့ ဖြိုးရေး အတွက်ကို အကြီးအကျယ်ဖြစ်စေချင်တဲ့ အချိန်မှာ အခု U.S ကဘယ်လိုမြင်လည်း ဆိုရင် ကျနော်တို့နိုင်ငံကို နံပါတ်တစ် ငြိမ်းချမ်းရေး ရစေချင်တယ်။ နံပါတ်နှစ် ဒီမိုကရေစီနိုင်ငံဖြစ်စေချင်တယ် နံပါတ်သုံး ဖွံ့ ဖြိုးတိုးတက်တဲ့နိုင်ငံ အာရှမှာ ဖွံ့ဖြိုးတိုးတက် တဲ့နိုင်ငံအဖြစ် သူတို့ မြင်ချင်တယ်။ အဲဒီတော့ သူတို့ရဲ့ အကြံဉာဏ်လည်းပါမယ်။ နဂိုကတည်းက ငြိမ်းချမ်းရေးလိုချင်တဲ့ ဆန္ဒလည်း ရှိတယ်ဆိုတော့ ကျနော်ထင်ပါတယ်။ သိပ်မကြာခင်လုပ်မယ့် ဆွေးနွေးပွဲမှာ ပိုပြီးတော့ ကျနော်တို့နိုင်ငံအတွက် အောင်မြင်မယ် အကျိုးဖြစ်မယ့် ပိုပြီးတော့ ငြိမ်းချမ်းရေးအတွက် ပိုပြီးနီးစပ်မယ်လို့ ကျနော်က ဒီလိုပဲ ယူဆပါတယ်ခင်ဗျာ"

မေလအတွက် ပြောကြားခဲ့တဲ့ သူရဲ့ မိန့်ခွန်းထဲမှာ ပြည်တွင်းက နိုင်ငံရေး ပါတီတွေအနေနဲ့ အစိုးရ နဲ့ လက်တွဲပြီးတော့ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ မှာ အတူ ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း သမ္မတ ကပြောခဲ့တာဖြစ်ပါတယ်။