နိုင်ငံတော် သမ္မတသစ်အဖြစ် ဦးဝင်းမြင့် ရွေးချယ်ခံရတဲ့အပေါ် ဝမ်းမြောက်ကြောင်း ကြိုဆိုဂုဏ်ပြုတဲ့ သဝဏ်လွှာကို မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံ- သမ္မတ Xi Jinping က သမ္မတ ရွေးချယ်ခံရတဲ့နေ့မှာပဲ ထုတ်ပြန် ပေးပို့ခဲ့ပါတယ်။ သမ္မတသစ်ရဲ့ ဦးဆောင်မှုအောက်မှာ အစိုးရနဲ့ပြည်သူတွေ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာဆက်ဆံရေးတွေ ကောင်းမွန် အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်တယ်လို့လည်း ရေးသားထားပါတယ်။ အခုလို တရုတ်နိုင်ငံဘက်က သမ္မတသစ်ကို ကြိုဆိုကြောင်း သဝဏ်လွှာ ထုတ်ပြန်လိုက်တာဟာ မြန်မာနိုင်ငံရဲ့ ထိပ်သီးခေါင်းဆောင်ပိုင်းအပြောင်းအလဲ၊ မြန်မာ့နိုင်ငံရေးအခြေအနေကို တရုတ်နိုင်ငံဘက်က စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာပြီးမြန်မာအစိုးရအပေါ် တရုတ်အနေနဲ့ အစဉ်တစိုက်အားပေးထောက်ခံနေတဲ့ အနေအထားဖြစ်တယ်လို့လည်း တရုတ်-မြန်မာအရေးအကဲခတ်တွေက သုံးသပ်ပါတယ်။ မဆုမွန် ဆက်ပြောပြပါမယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်ကို ပြည်ထောင်စုလွှတ်တော်ကနေ လျှို့ဝှက်ဆန္ဒမဲ အများဆုံးနဲ့ သမ္မတသစ်အဖြစ် တင်မြှောက်လိုက်တဲ့ မတ်လ ၂၈ရက်နေ့မှာပဲ တရုတ်နိုင်ငံ- သမ္မတ Xi Jinping က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ပြီး တရုတ်-မြန်မာနှစ်နိုင်ငံ ကဏ္ဍစုံမှာ နှစ်နိုင်ငံခေါင်းဆောင်ချင်းရော နှစ်နိုင်ငံပြည်သူများအကြားပါ ပိုပြီးတော့မှ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်လိုတယ်လို့ ပြောဆိုပြီး ကြိုဆိုလိုက်တာပါ။
အထူးသဖြင့်ကတော့ မြန်မာသမ္မတသစ်ရဲ့ဦးဆောင်မှုအောက်မှာ မြန်မာနိုင်ငံအစိုးရ ပြည်သူတွေအနေနဲ့ နိုင်ငံရေးတည်ငြိမ်အောင်၊ စီးပွားရေး ဖွံံ့ဖြိုးတိုးတက်အောင်နဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်အောင်၊ နိုင်ငံတကာဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုတွေမှာ ပိုပြီးတော့ ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်းလည်း တရုတ်သမ္မတက သူ့သဝဏ်လွှာထဲ တိုက်တွန်းပြောဆိုထားပါတယ်။
တရုတ်အစိုးရဘက်က မြန်မာသမ္မတသစ်ရွေးချယ်ပြီးပြီးချင်း အခုလိုသဝဏ်လွှာပေးပို့ကြိုဆိုတာဟာ မြန်မာ့ထိပ်သီးခေါင်းဆောင် အပြောင်းအလဲကို တရုတ်အနေနဲ့ အထူးဂရုပြုကြောင်းနဲ့ မြန်မာအစိုးရအပေါ် တစိုက်မတ်မတ်ထောက်ခံ ကူညီပေးသွားမယ့် တရုတ်အစိုးရရဲ့ ရပ်တည်ချက်ကို ပြသတာဖြစ်ကြောင်းကိုလည်း တရုတ်နိုင်ငံအခြေစိုက် တရုတ်-မြန်မာအရေးလေ့လာအကဲခတ်နေတဲ့ ဒေါက်တာလှကျော်ဇောက အခုလိုပြောပါတယ်။
"မြောက်ကိုရီးယားကိစ္စမှာလည်း သူတို့ရဲ့ ပျော့ပျော ့ပျောင်းပျောင်းနဲ့ နီးစပ်အောင်ဆက်ဆံပြီး နားချနိုင်တာက အဓိကဖြစ်တယ်။ အာရှနိုင်ငံတွေအားလုံးနဲ့လည်း ဆက်ဆံရေးကောင်းတယ် ။ အခုအထူးသဖြင့် မြန်မာပြည်နဲ့ ကိစ္စကတော့ စင်္ကြန် လမ်းကြီးရှိတယ်လေ။ မြန်မာပြည်ရယ်၊ ဘင်္ဂလားဒေ့ရှ်ရယ်၊ အိန္ဒိယ ရယ် ပါကစ္စတန်ရယ် ဖြတ်မယ့်လမ်း အဲဒါတွေအားလုံးအတွက်က မြန်မာပြည်က တော်တော်အရေးပါလို့ မြန်မာပြည်ကို ဂရုစိုက်နေတယ်လို့ ထင်ပါတယ်။ နောက်ပြီးတော့ မြန်မာပြည်က မတူဘူး အနောက်နိုင်ငံတွေရဲ့ အများဆုံးထိုးနက်မှုခံနေရတဲ့ နိုင်ငံဖြစ်တော့ ပိုပြီးဂရုစိုက်နေတယ်လို့ ထင်ပါတယ်။"
အထူးသဖြင့် တရုတ်အစိုးရရဲ့ အာရှပိုးလမ်းမကြီးစီမံကိန်းအတွက် မြန်မာအပါအဝင်ဒေသတွင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးပြေလည်အောင် ဆောင်ရွက်တဲ့ သံတမန်ရေးချဉ်းကပ်မှုဖြစ်ပြီး ဒေသတွင်းမတည်ငြိမ်မှုကို ရိုက်ခတ်လာစေမယ့် မြန်မာနိုင်ငံ လက်ရှိရင်ဆိုင်နေရတဲ့ နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုတွေ အခက်အခဲစိန်ခေါ်မှုတွေကို ကူညီဖြေရှင်းပေးလိုတဲ့ မိတ်ဖက်ဆက်ဆံရေးကို ပြသတာဖြစ်တယ်လို့လည်း ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။
"အထူးသဖြင့် သူတို့နိုင်ငံရဲ့ ဆက်စပ်နေတဲ့ ဒီနယ်စပ်မျဉ်းကြီးတလျောက် ငြိမ်းချမ်းဖို့ အေးချမ်းဖို့လိုတယ်။ ဒါမှ သူ့ပိုးလမ်းမစီမံကိန်းက အောင်မြင်လာနိုင်မှာ အဲဒီအတွက် မြန်မာပြည်ကို အထူးဦးစားပေးတယ်လို့ ထင်ပါတယ်။ မြန်မာပြည်ကို ရှေ့လျောက်လည်း ဒီလို ဦးစားပေးလိမ့်မယ်လို့ ထင်ပါတယ်။ မြန်မာပြည်မှာ ဆုမ်းကော်ရှမ်ကို အထူးခန့်ထားတာ ဒါက မြန်မာပြည်ငြိမ်းချမ်းရေးအတွက်ပဲ။ တခြားဟာတွေအတွက်လည်း အထူးကိုယ်စားလှယ်တွေရှိတယ်။ ဒီလိုပဋိပက္ခတွေဖြစ်နေတဲ့ ကြားထဲမှာ သူဒီလိုပဲ ကြားဝင်နေတာပဲ။"
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်ခတ်ရပ်စဲရေး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ဖော်ဆောင်နိုင်မှုတွေမှာလည်း အိမ်နီးချင်းတရုတ်နိုင်ငံက အဓိကအခန်းကဏ္ဍကနေ ပါဝင်ကူညီညှိနှိုင်းပေးနေတဲ့အနေအထားဖြစ်တာကြောင့်လည်း အခုလို တရုတ်သမ္မတရဲ့ သမ္မတသစ်အပေါ် ဝမ်းမြောက်ကြောင်း သဝဏ်လွှာထဲ မြန်မာ့ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်မှုရှိရေး ဒေသတွင်းငြိမ်းချမ်းရေးဆိုတဲ့အချက်ကို ထည့်သွင်းအလေးပေးဖော်ပြခဲ့တာလို့လည်း မြန်မာ့နိုင်ငံရေးလေ့လာသူ သီပေါက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကလည်း ရှု့မြင်ပါတယ်။
"ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ သွားနေတာကလည်း နိုင်ငံအတွက်အရေးကြီးတယ်။ ဒါကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဦးစားပေးလုပ်ဆောင်နေတယ်ဆိုတာလည်း နားလည်တယ် တရုတ်ပြည်က သူက တရားဝင်အားဖြင့် မြန်မာနိုင်ငံရဲ့ အထွတ်အထိပ်သမ္မတဖြစ်လို့ ဒါကို သူတို့အနေနဲ့ ထပ်ပြီးတော့ သတိပေးနိုးဆော်တဲ့ သဘောမျိုးလို့ သုံးသပ်ပါတယ်။ တဖက်ကလည်း သူတို့ရဲ့ မြန်မာနိုင်ငံမှာဆက်ပြီးတော့ လုပ်ချင်တဲ့ one belt one road စီမံကိန်းကိစ္စတွေကိုလည်း တဖက်က ကျတော့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပါဆိုတဲ့ လိုက်လျောစေချင်တဲ့ သဘောလည်း ဖြစ်ပါလိမ့်မယ်။"
အမေရိကန်ပြည်ထောင်စုဘက်ကလည်း မြန်မာသမ္မတသစ်ရွေးချယ်တင်မြှောက်ခံလိုက်ရတဲ့ ဦးဝင်းမြင့်ကို ဝမ်းမြောက်ဂုဏ်ပြုပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်လ်ကလည်း ကြေညာချက်ထုတ်ပါတယ်။ နိုင်ငံရဲ့ ရည်မှန်းချက်တွေဖြစ်တဲ့ ငြိမ်းချမ်းသာယာပြီး ဒီမိုကရေစီနည်းကျသော ဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်ရေး နောက် ခိုင်မာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ အားလုံးပါဝင်နိုင်တဲ့ စီးပွားရေးကို အကာင်အထည်ဖော်နေတဲ့ မြန်မာနိုင်ငံကို လက်တွဲဖက်အနေနဲ့ရော မိတ်ဆွေအနေနဲ့ပါ အားပေးထောက်ခံသွားဖို့ အမေရိကန်ပြည်ထောင်စုက သန္နိဋ္ဌာန်ချထားပါသည်ဆိုပြီး သံအမတ်ကြီး က သတင်းထုတ်ပြန်ထားပါတယ်။
Your browser doesn’t support HTML5