ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တရားဝင်မတက်တော့ဘူးလို့ သဘောထားထုတ်ခဲ့တဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အလွတ်သဘော လိုက်လံတွေ့ဆုံပြီး ယုံကြည်မှုပြန်တည်ဆောက်နေရတာကတော့ မြန်မာ့ငြိမ်းချမ်းရေး နောက်ပြန်ဆုတ်သွားတဲ့အနေအထားဖြစ်နေတယ်လို့ ငြိမ်းချမ်းရေးလှုပ်ရှားသူတွေနဲ့ အကဲခတ်တွေက သုံးသပ် ပြောဆိုလိုက်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက်မှာ လက်ရှိငြိမ်းချမ်းရေးအခြေအနေကတော ပိုပြီးတော့မှ စိုးရိမ်စရာ အနေအထားဖြစ်လာပြီး အထူးသဖြင့် အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ အစိုးရနဲ့ တပ်မတော်တို့ကြား ခိုင်မာတဲ့ယုံကြည်မှု မတည်ဆောက်နိုင်သေးသလို အပစ်ရပ်ပြီး နိုင်ငံရေးနည်းလမ်းနဲ့အဖြေရှာမယ်ဆိုတဲ့ အပစ်ရပ်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့တောင် သဘောထားတင်းမာမှုတွေဖြစ်နေတာကတော့ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေး အလားအလာ အတော်လေးကို အခြေအနေ မကောင်းဘူးဖြစ်နေပြီလို့ သုံးသပ်မှုတွေရှိနေတာပါ။ မဆုမွန် စုစည်းတင်ပြထားပါတယ်။
NLD ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက်မှာ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဖော်ဆောင်မယ်ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်နေချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရ၊ တပ်မတော်တို့ကြား တင်းမာမှုတွေ ပိုရှိလာနေတာပါ။ အထူးသဖြင့်ကတော့ အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရ-တပ်မတော်တို့ကြား ခိုင်မာတဲ့ယုံကြည်မှု မတည်ဆောက်နိုင်သေးသလို အပစ်ရပ်ပြီး နိုင်ငံရေးနည်းလမ်းနဲ့အဖြေရှာမယ်ဆိုတဲ့ KNU ၊ RCSS လို အပစ်ရပ်လက်နက်ကိုင်တပ်ဖွဲ့အချို့ကတောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ ဆွေးနွေးပွဲတွေ တရားဝင်မတက်တော့ဘူးဆိုပြီး သဘောထားထုတ်ပြန်လာကြပါတယ်။
လတ်တလောမှာတော့ မြန်မာ့ငြိမ်းချမ်းရေးကော်မရှင်ဘက်က အပစ်ရပ်ပြီးသားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ထိုင်းနိုင်ငံမှာ အလွတ်သဘောဆွေးနွေးနေရပါတယ်။ အခုလို အပစ်ရပ်ပြီးသားအဖွဲ့တွေနဲ့ ယုံကြည်မှုပြန်လည်တည်ဆောက်နေရတာကတော့ မြန်မာ့ငြိမ်းချမ်းရေး နောက်ပြန်ဆုတ်သွားနေတဲ့အခြေအနေဖြစ်ပြီး အလားအလာကောင်းတဲ့ အနေအထားမဟုတ်ဘူးလို့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်နေတဲ့ သတင်းစာဆရာဦးစည်သူအောင်မြင့်က အခုလိုသုံးသပ်ပါတယ်။
"ပွင့်ပွင့်လင်းလင်းပြောရင်တော့ ယုံကြည်မှုကို ပြန်ပြီးတော့ တခါတည်ဆောက်ရတယ်ဆိုတဲ့သဘောမျိုး ဖြစ်သွားတယ်။ လုပ်ငန်းစဉ် Process တွေက ပုံမှန် တဆင့်ပြီးတဆင့် အဲလိုမသွားနိုင်တော့ပဲနဲ့ ရပ်တန့်သွားတဲ့ သဘောမျိုးဖြစ်သွားတာပေါ့နော်။ ဖြစ်သွားတဲ့အခါကျတော့ ပြန်ပြီးတော့မှ ဆက်နိုင်အောင်ဆိုပြီး ပြန်ပြီးတော့ ညှိနေရတဲ့သဘောပါပဲ။ တကယ်ကတော့ အပစ်အခတ်လည်းရပ်စဲထားပြီ။ NCA လည်းရှိနေပြီ ဒီအပေါ်မှာ နိုင်ငံရေးတွေ တဆင့်ပြီးတဆင့် ဆွေးနွေးသွားဖို့ပဲလေ။ အဲဒီအခါမှာ အကျပ်အတည်းဖြစ်လာတယ်ဆိုရင် တခါပြန်နားလိုက် ၊ ပြီးတော့ ပြန်ဆွေးနွေး ဒီလိုဖြစ်ရမှာလေ။ ဒါပေမယ့် အခုတော့ ဆွေးနွေးပွဲတွေကို ပြန်စဖို့အတွက်ကို ကြားထဲမှာ ပြန်ညှိရတဲ့သဘောဖြစ်သွားတာပေါ့နော်။"
အရပ်သားအစိုးရလက်ထက်မှာ ငြိမ်းချမ်းရေး အရိပ်အယောင်တွေ ပိုမြင်လာရမယ်လို့ တိုင်းရင်းသားပြည်သူတွေဘက်က မျှော်လင့်ခဲ့ကြပေမဲ့ ပိုပြီးတော့မှ ဆိုးလာတဲ့အခြေအနေမှာဖြစ်လာနေတယ်လို့ ကချင်ငြိမ်းချမ်းရေး လှုပ်ရှားသူ ကချင်လူငယ် Lum Zawng က လက်ရှိမြန်မာ့ငြိမ်းချမ်းရေးအပေါ် သူ့အမြင် အခုလိုရှင်းပြပါတယ်။
" ပြည်သူတွေရော၊ ငြိမ်းချမ်းရေးလုပ်ရှားတဲ့သူတွေရော အားလုံးကတော့ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တည်ဆောက်မှုထဲမှာ ကျနော်တို့က အားမရဘူးလို့ သုံးသပ်မိတယ်။ ကျနော်တို့ကတော့ ဖြစ်လာမယ်ဆိုပြီးတော့ ယုံကြည်ခဲ့တယ်၊ မျှော်လင့်ခဲ့တယ်။ ဆိုတော့ အရင် သမ္မတ ဦးသိန်းစိန်လုပ်ဆောင်ခဲ့တာတွေက အခုသမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့မှာ အကောင်းဆုံးဖြစ်လာမယ်လို့ မျှော်လင့်ထားတာ။ ဆိုတော့ ကျနော်တို့က ၂၀၁၈ မကုန်ခင်မှာ ငြိမ်းချမ်းရေး တခုကို ရောက်ရှိလာမယ်လို့ ကျနော်တို့ မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ ကောင်းမွန်တဲ့ရလဒ်တခုကို မရရှိပဲနဲ့ ပိုပြီးမှ နောက်ကြောင်းပြန်ပြီးတော့သွားတာကို တွေ့ရတယ်။ ဆိုတော့ တဖက်က ပြောမယ်ဆိုရင် ကျနော်တို့ KIA သော်လည်းကောင်း ဒီတိုင်းရင်းသားလက်နက်ကိုင်တွေကိုသော်လည်းကောင်း ပိုပြီးတော့ တင်းမာမှုတွေဖြစ်လာတဲ့အနေအထားတွေ ရှိနေတယ်။ ငြိမ်းချမ်းရေးက ကျနော်တို့ ပြည်သူတွေအတွက်သော်လည်းကောင်း တိုင်းရင်းသားခေါင်းဆောင်တွေအတွက်သော်လည်းကောင်း ကျနော်တို့ လောလောဆည်အရကတော့ တပ်ဖက်ကနေ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုစကားဝိုင်း နိုင်ငံရေးသဘောတူညီမှုကို သဘောထားကျယ်ကျယ်ပြန့်ပြန့်နဲ့ လုပ်ဆောင်တယ်ဆိုတာကို ကျနော်တို့ မတွေ့ရှိဘူး လို့မြင်မိပါတယ်။"
ကိုLum Zawng ကတော့ တိုင်းရင်းဒေသတွေမှာ အပစ်ရပ်ရေး အပြစ်မဲ့စစ်ဘေးသင့်ပြည်သူတွေအရေး ငြိမ်းချမ်းစွာဆန္ဒပြခဲ့လို့ စစ်တပ်ကို အသေရေဖျက်စေတယ်ဆိုပြီး လက်ရှိ တပ်မတော်က တရားစွဲဆိုခြင်းခံထားရတဲ့ ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူဖြစ်ပါတယ်။ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ခိုင်မာတဲ့ယုံကြည်ချက် မတည်ဆောက်နိုင်ဘူးဆိုရင်တော့ ပြည်တွင်းစစ်မီးကို ပိုတောက်လောင်လာမယ့်အနေအထားဖြစ်နေတယ်လို့လည်း သူက သုံးသပ်ပါတယ်။
"လွတ်လပ်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို အမြန်ဆုံးအကောင်အထည်ဖော်ရလိမ့်မယ်လို့ပဲယူဆပါတယ်။ ဒါမှမဟုတ်ဘူးဆိုရင်တော့ ကျနော်တို့က ဒီလိုပဲ လုပ်ဆောင်နေမယ်ဆိုရင်တော့ တပ်မတော်ဘက်ကနေလည်း တွေ့ဆုံဖို့ နိုင်ငံရေးစကားဝိုင်းမဟုတ်ပဲနဲ့ သူတို့လိုလားတဲ့ ဘောင်တခုတည်းကပဲဖြစ်တဲ့ စကားဝိုင်းဖြစ်နေမယ်ဆိုရင်တော့ ကျနော်တို့ မြန်မာပြည်ရှေ့အလားအလာ အနာဂတ်ကတော့ စစ်မီးပိုပြီးမှ တောက်လောင်တဲ့အနေအထားကို တွန်းအားပေးတယ်လို့ ယူဆမိတာပေါ့နော်။"
လက်ရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၀)ဖွဲ့က အပစ်ရပ်လက်မှတ်ထိုးခဲ့ကြပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းညှိနှိုင်းဆောင်ရွက်နေချိန်မှာပဲ အစိုးရနဲ့ တပ်မတော်ဘက်က NCA အပစ်ရပ်သဘောတူစာချုပ်မှာ ပါဝင်မှုမရှိသော ခွဲမထွက်ရနဲ့ တခုတည်းသော တပ်မတော်ကိစ္စရပ်များ ဆွေးနွေးဖို့ တင်သွင်းလာတဲ့အတွက် အခုလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရ-တပ်မတော်တို့ကြား တင်းမာမှုတွေဖြစ်လာနေတာပါ။ အခု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ရဲ့ အလွတ်သဘောဆွေးနွေးမှုတွေမှာတော့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က NCA လမ်းကြောင်းကနေ မသွေဖယ်သွားဘူးလို့ဆိုပြီး ပြောဆိုခဲ့ကြပါတယ်။
Your browser doesn’t support HTML5