၆ရက်ကြာကျင်းပခဲ့တဲ့ နေပြည်တော်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ မနေ့ကပြီးဆုံးခဲ့ပါပြီ။ သဘောတူညီချက် ၁၄ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးအောင်မှုရှိတဲ့ညီလာခံအဖြစ် မြန်မာအစိုးရကသတ်မှတ်ပါတယ်။ ဒါပေမဲ့လည်း ဒီညီလာခံက မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်စေမယ့် သဘောတူဆွေးနွေးမှုတွေကို မလုပ် ဆောင်နိုင်ခဲ့ဘူးလို့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။ အခုညီလာခံကိုစောင့်ကြည့်လေ့လာ နေသူတွေဖြစ်ကြတဲ့ အမေရိ ကန်ပြည်ထောင်စုရောက် ဒေါက်တာ စိုင်းထွေးမောင်နဲ့ ဒေါက်တာရိုဒင်းဂါတို့ရဲ့အမြင်တွေကိုသိနိုင်ဖို့ ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုကျော်အောင်လွင်။ ။ ပင်လုံတတိယအစည်းအဝေးကအောင်မြင်တယ်လို့ပြောကြပါတယ်။ ပြီးခဲ့တဲ့ညီလာခံတွေနဲ့ မတူတာက အပစ်ရပ်တဲ့အဖွဲ့တွေရော၊ အပစ်မရပ်တဲ့အဖွဲ့တွေရော စုံစုံလျှင်လျှင်တွေ့လိုက်ရတယ်။ လက်ရှိနိုင်ငံရေးပြဿနာတွေကို ပြေလည်စေမယ့် ထူးခြားတဲ့ သဘောတူဖြေရှင်းမှုတွေတော့ သတိမထားမိဘူး။ ဆိုတော့ ဆရာစိုင်းထွေးမောင်ကိုအရင်မေးပါရစေ၊ သတိထားမိတဲ့ ထူးခြားတဲ့အချက်တွေပြောပြပါ။
ဒေါက်တာ စိုင်းထွေးမောင်။ ။ လက်နက်ကိုင်အဖွဲ့တွေ စုံစုံလျှင်လျှင်တက်လာတယ်လို့ ပြောကြတယ်။ အထူးသဖြင့် မြောက်ပိုင်း ၇ ဖွဲ့ NCA မထိုးရသေးတဲ့ အဖွဲ့တွေတက်ရောက်လာတယ်လို့ပြောတယ်။ ဒါပေမယ့် တကယ်ကြည့်ရင် မြောက်ပိုင်း ၇ ဖွဲ့က အစည်းအဝေး လာတက်တာမဟုတ်ဘူး။ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တယ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့တယ်။ တွေ့ပြီးတော့ ၂ ရက်နေ ပြန်သွားတယ်။ ၂၁ ရာစုပင်လုံညီလာခံမှာ တက်ကိုမတက်ဘူး။
ကိုကျော်အောင်လွင်။ ။ဆရာရိုဒင်းဂါရော ဘယ်လိုသတိထားမိပါသလဲ။
ဒေါက်တာရိုဒင်းဂါ။ ။ ၁၄ချက်ကိုသဘောတူညီတယ်လို့ပြောတယ်။ ဒါပေမယ့် ထူးထူးခြားခြားတိုင်းပြည် ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီပုံဖော်မယ့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ကျနော်မတွေ့မိဘူး။
ကိုကျော်အောင်လွင်။ ။ ဆရာစိုင်းထွေးမောင် ခင်ဗျ အခုဒီတခေါက်ညီလာခံမှာ တိုးတက်မှုလို့ ပြောလို့ရမယ့်အချက်တွေက ဘာတွေလို့ပြောလို့ရမလဲခင်ဗျ။
ဒေါက်တာ စိုင်းထွေးမောင်။ ။ တိုးတက်မှုလို့ထူးထူးခြားခြားမတွေ့ရပါဘူး။ ဒီညီလာခံမလုပ်ရတာ ၁ နှစ်ကျော်သွားပြီ ဆိုတော့ မဖြစ်ဖြစ်အောင်လုပ်လိုက်တဲ့သဘောမျိုးပဲ အဲဒါကတော့ ဖြစ်သွားပြီပေါ့လေ။ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ပြောတာက အမျိုးသားနိုင်ငံရေး အဆင့်ဆွေးနွေးပွဲအဖွဲ့တွေရဲ့ အစုလိုက်တင်လာတဲ့ စာတန်းအရ ပြည်ထောင်စုသဘောတူညီချက် ၁၄ ချက်ကို ရလိုက်တယ်လို့ ပြောတယ်။ အဲဒါမမှန်ဘူးခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရှမ်းတိုင်းရင်းသားဆိုရင် အမျိုးသားနိုင်ငံရေး အဆင့်ဆွေးနွေးပွဲဆိုတာ လုပ်ကိုမလုပ်ရသေးဘူး။ ရှမ်းလူမျိုးတွေရဲ့ ဆန္ဒသဘောထားလည်း မခံယူရသေးဘူး။ အခုသဘောတူလိုက်တဲ့ ပြည်ထောင်စုသဘောတူညီချက် ၁၄ ချက်က ရှမ်းလူမျိုးတွေရဲ့ ဆန္ဒမပါဘူးလို့ ကျနော်ပြောနိုင်တယ်။
ကိုကျော်အောင်လွင်။ ။ ဆရာရိုဒင်းဂါရော ဒီတခေါက်ညီလာခံရဲ့ တိုးတက်မှုလို့ ပြောလို့ရမယ့်အချက်တွေက ဘာတွေလို့ပြောလို့ရမလဲခင်ဗျ။
ဒေါက်တာရိုဒင်းဂါ။ ။ ကျနော်ကတော့ တိုးတက်မှုမတွေ့ပါဘူး။ ၁ နှစ်ကျော်ပြီ ပြန်တွေ့ကြတယ်။ ပြုံးပြုံးရွှင်ရွှင်နဲ့ ဓါတ်ပုံတွေတွဲရိုက်တယ်။ အဲဒီလို အပေါ်ယံလောက်ပဲ မြင်ပါတယ်။ မြောက်ပိုင်း ၇ ဖွဲ့ဆိုတာကလည်း တရုတ်ဖိအား ၊ တရုတ်စွဲဆောင်မှုကြောင့် ညီလာခံကို အကြောင်းပြပြီးတော့ နိုင်ငံခေါင်းဆောင်တွေကို လာရောက်တွေ့ဆုံတယ်လို့ တွေ့ရပါတယ်။ နောက်ဒီဆွေးနွေးမှု မစခင်ကတည်းကိုက ကန့်သတ်ချက်တွေရှိတယ် ကျား၊မ တန်းတူရေးတို့၊ မြေယာကိစ္စတွေပဲဆွေးနွေးဖို့ဆိုတော့ ကျနော်မျှော်လည်းသိပ်ပြီးတော့ မမျှော်လင့်ခဲ့ဘူး။ ဒါကြောင့်ထူးခြားမှု သိပ်မရှိပါဘူး။
ကိုကျော်အောင်လွင်။ ။ ဆိုတော့ မြန်မာပြည်မှာက နိုင်ငံရေးပြဿနာတွေသာမက အဖက်ဖက်က ပြဿနာတွေကြုံနေချိန်အခုလိုရှားရှားပါးပါး လာစုံပြီးတော့ ၆ ရက်လောက်စကားပြောခွင့်ရတဲ့အချိန်မှာ ထူးခြားတိုးတက်မှုရှိအောင်မဆွေးနွေးနိုင်တာ ဘာကြောင့်ပါလဲ။
ဒေါက်တာ စိုင်းထွေးမောင်။ ။ သူတို့လိုချင်တဲ့ဘက်က သူတို့ဖြစ်ချင်တဲ့ ဘက်ကပဲ သူတို့ စွဲပြီးတော့ လုပ်သွားတာပါ။ တကယ်ဆိုရင် ဒီငြိမ်းချမ်းရေးညီလာခံလို့ ပြောကတည်းက ငြိမ်းချမ်းရေးရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဆွေးနွေးဖို့လိုတယ်။ ငြိမ်းချမ်းရေး မရအောင် ဘာတွေအဟန့်အတားဖြစ်နေသလဲ ။ အဲဒါတွေကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကို ဆွေးနွေးဖို့လိုတယ်။ အခုက လာပြီးတေ့ာမှ ငြိမ်းချမ်းရေးနဲ့ ဘာမှ မပတ်သက်တဲ့ လူမှုရေးတို့ စီးပွားရေးတို့ မြေယာတို့တွေပဲ ပြောနေတာ ဒါတွေက အရေးမကြီးဘူးလို့ ကျနေ်ာထင်တယ်။
ကိုကျော်အောင်လွင်။ ။ ဆရာရိုဒင်းဂါရောဘယ်လိုထင်ပါသလဲ။ လက်နက်ကိုင်အဖွဲ့အစည်းတွေ လူချင်းဆွေးနွေးခွင့်ရရဲ့သားနဲ့ ထိရောက်တဲ့ ဆွေးနွေးမှုတွေ မလုပ်နိုင်တာ ဘာကြောင့်ပါလဲ။
ဒေါက်တာရိုဒင်းဂါ။ ။ ဆွေးနွေးမှုခေါင်းစဉ်ကိုယ်တိုင်က နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့အထိ ၊ ဆွေးနွေးခွင့်ခေါင်းစဉ်တွေက မရှိဘူး။ ကျား၊မ တန်းတူရေးတို့၊ မြေယာကိစ္စတွေပဲဆွေးနွေးမယ်ဆိုရင် ဒါအချိန်ဖြုန်းတာပဲလို့ ကျနော်မြင်တယ်။ စစ်တပ်ကနေ မြန်မာပြည်စစ်အာဏာရှင်ကနေ ပေးသလောက်ပဲ ရနိုင်မယ် ဆိုတဲ့အခြေအနေမျိုးရှိနေတယ်။ အခုညီလာခံ ဒီပုံစံအတိုင်းဆိုရင် နောက် ၁၀ ခါကျင်းပရင်လည်းထူးခြားမယ်လို့ မမြင်ဘူး။
ကိုကျော်အောင်လွင်။ ။ဆရာ စိုင်းထွေးမောင်ခင်ဗျ အခုညီလာခံမှာ ဘယ်အင်အားစုတွေက အကျိုးအမြတ်တွေ ရလိုက်သလဲဆိုတာကို ဆရာဘယ်လိုမြင်ပါသလဲ။
ဒေါက်တာ စိုင်းထွေးမောင်။ ။ အကျိုးအမြတ်အားလုံးရလိုက်တာက တပ်မတော်ပဲ၊ တပ်မတော်မှာ သူပြောချင်တဲ့ စကားပဲပြောလိုက်ပြီ ။ သူကပဲ ပါဝါအာဏာရှိတယ်၊ မြန်မာနိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးရဖို့ရန်အတွက် NLD အစိုးရလက်ထဲမှာမရှိဘူး။
ကိုကျော်အောင်လွင်။ ။ကြုံတွေ့နေရတဲ့ စစ်ရေးပြဿနာတွေ တခြားအကျပ်အတည်းတွေကို ပြေလည်အောင်ဖြေရှင်းနိုင်မယ့် အဓိပ္ပါယ်ရှိတဲ့ ညီလာခံမျိုးကျင်းပဖို့အတွက် ဘာတွေပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါသလဲ ဆရာရိုဒင်းဂါ။
ဒေါက်တာရိုဒင်းဂါ။ ။ အဓိကတော့ စစ်တပ်ကနေ ပြုပြင်ပြောင်းလဲပြီးတော့ ပြည်သူဆန္ဒနဲ့ညီတဲ့ ဒီမိုကရေစီနိုင်ငံ၊ စစ်မှန်တဲ့ ဖက်ဒရယ်တိုင်းပြည်ကို တည်ထောင်ချင်တဲ့ ဆန္ဒရှိရင် လွယ်လွယ်လေးဖြစ်ပါတယ်။ လာချင်ရင်အနီးလေး မလာချင်ရင်အဝေးကြီးဆိုသလိုပေါ့လေ။ စစ်တပ်ကနေလုပ်ချင်တဲ့ဆန္ဒရှိရင် ခဏလေးနဲ့ ပြီးသွားနိုင်တဲ့ အခြေအနေရှိတယ်။
ကိုကျော်အောင်လွင်။ ။ ဆရာစိုင်းထွေးမောင် ဘယ်လိုထင်ပါသလဲ
ဒေါက်တာ စိုင်းထွေးမောင်။ ။ အခုလုပ်နေတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ပြောင်းရမယ် အခုလုပ်နေတာက NCA လမ်းစဉ်အတိုင်းသွားတယ်။ NCA မထိုးရင် ငြိမ်းချမ်းရေးလမ်းစဉ်ဝင်လို့မရဘူး သူတို့လုပ်နေတာက အဲဒါလုံးဝကိုမှားနေတယ်။ NCA ငြိမ်းချမ်းရေးလမ်းစဉ်ကို ဖျက်ပြီးတော့မှ လွယ်တဲ့လမ်းစဉ်အားလုံးပါဝင်နိုင်တဲ့ လမ်းစဉ်အသစ်ကို ရှာရမယ်။
Your browser doesn’t support HTML5