စစ်အစိုးရဖိအား မွန်ပြည်သစ်ပါတီ ပယ်ချ

စစ်အစိုးရဖိအား မွန်ပြည်သစ်ပါတီ ပယ်ချ

မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ မွန်ပြည်သစ်ပါတီဟာ လက်နက်စွန့်မှာ မဟုတ်ဘူးလို့ ဒီနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ တကယ်လို့ စစ်အစိုးရအနေနဲ့ ထိုးစစ်ဆင်လာမယ် ဆိုရင်လည်း စိုးရိမ်စရာ အနေအထား မရှိဘူး၊ တခြား တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ ပူးပေါင်းပြီး နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ဆက်ပြီးတော့ လုပ်ဆောင်သွားမယ်လို့ မွန်ပြည်သစ် ပါတီက ပြောသွားခဲ့ပါတယ်။ စစ်အစိုးရက စက်တင်ဘာ လဆန်းပိုင်းမှာ အပစ်ရပ် ငြိမ်းချမ်းရေး အဖွဲ့တွေကို တပ်အသွင်ပြောင်းရေး၊ လက်နက်စွန့်ရေး ကိစ္စတွေ ဖိအားပေးနေတဲ့ အချိန်မှာ အခုလို သတင်းစာ ရှင်းလင်းပွဲ လုပ်သွားတာ ဖြစ်ပါတယ်။ အပြည့်အစုံကို သတင်းစာ ရှင်းလင်းပွဲ ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

အပစ်ရပ်အဖွဲ့တခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီဟာ လက်နက်အပ်နှံရေးကိစ္စနဲ့ ပတ်သက်ပြီး လက်မခံဘူးလို့ စက်တင်ဘာလ ၁ ရက်နေ့မှာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို အကြောင်းပြန်ခဲ့ပြီး ဖြစ်ပါတယ်။ မွန်ပြည်သစ်ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အရေးပေါ် စည်းဝေး ဆုံးဖြတ်ချက်ကတဆင့် စစ်အစိုးရကို အကြောင်းပြန်ခဲ့တယ်လို့ ပါတီရဲ့ နိုင်ငံခြား ဆက်ဆံရေးဌာန တာဝန်ခံဖြစ်သူ နိုင်ဟံသာဘွန်ခန်းက ပြောပါတယ်။ မွန်ပြည်သစ်ပါတီ အကြောင်းပြန်ချက်ကိုတော့ နိုင်ဟံသာဘွန်ခန်းက အခုလို ပြောပါတယ်။

“ကျနော်တို့ မွန်ပြည်သစ်ပါတီ အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကို ပြည်ထောင်စု တပ်မတော်ရဲ့ အစိတ်အပိုင်း ပါဝင်စေပြီးတော့ သက်ဆိုင်ရာ ပြည်နယ်အစိုးရရဲ့ ကွပ်ကဲမှုအောက်မှာ ပြည်နယ်ကာကွယ်ရေးတပ် အနေဖြင့် ထိတွေ့ကြောင်း ပါတီရဲ့ ရပ်တည်ချက် သဘောထားကိုလည်း တင်ပြထားပါတယ်။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာဖို့၊ မပြီးပြတ်သေးဘူး ဆိုရင်တော့ တပ်အသွင်ပြောင်းတဲ့ ကိစ္စကိုရော၊ လက်နက်စွန့်လွှတ်တဲ့ ကိစ္စကိုရော ကျနော်တို့ ပါတီအနေနဲ့ လက်မခံနိုင်ပါကြောင်း အဲလို အကြောင်းပြန်ထားပါတယ်။”

ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့မှာ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းက မွန်ပြည်သစ်ပါတီရဲ့ ခေါင်းဆောင်တွေကို ခေါ်ယူတွေ့ဆုံပြီး လက်နက်စွန့်လွှတ်ဖို့ ပြောဆိုခဲ့တယ်လို့ နိုင်ဟံသာဘွန်ခန်းက ပြောပါတယ်။

“လက်နက်စွန့်လွှတ်ရေး ဆောင်ရွက်မှုကို ၁-၉-၂၀၁၀ ရက်နေ့ နောက်ဆုံးထား ဆောင်ရွက်ရပါမည်တဲ့။ လက်နက်စွန့်လွှတ်ရေးကို ဆောင်ရွက်မှု မပြုဘဲ ထိုနေ့ထက် ကျော်လွန် ကိုင်ဆောင်မည် ဆိုပါက နဂိုမူလ လက်နက်ကိုင် သောင်းကျန်းသူအဖြစ် သတ်မှတ်လိုက်မည်ဖြစ်ပြီး မိမိတို့လည်း ဥပဒေအရ တရားဝင် ဆက်ဆံ ဆက်သွယ်ခွင့် မရှိတော့ကြောင်း ပြောဆိုခဲ့ပါတယ်။”

မွန်ပြည်သစ်ပါတီ အနေနဲ့ကတော့ လက်နက်ကိုင်တပ် အသွင်ပြောင်းလဲရေးနဲ့ လက်နက်မစွန့်ဘဲ တောင့်ခံသွားမယ်ဆိုရင် စစ်အစိုးရက ထိုးစစ်ဆင်လာမယ့် အခြေအနေအပေါ် မွန်ပြည်သစ်ပါတီက စိုးရိမ်စရာ မရှိဘူးလို့ နိုင်ဟံသာဘွန်ခန်းက ဆက်ပြောပါတယ်။

“မွန်ပြည်သစ်ပါတီက လူထုထောက်ခံမှု ရှိနေသမျှ ကာလပတ်လုံး ရပ်တည်သွားနိုင်တယ်၊ ဆက်လက်လည်း တိုက်ပွဲ ဝင်သွားနိုင်တယ်။ ဒီအတွက်တော့ စိုးရိမ်စရာ မရှိဘူး။ တိုက်ပွဲပုံစံအချို့တော့ အပြောင်းအလဲ နည်းနည်းရှိမှာပေါ့။”

မွန်ပြည်သစ်ပါတီ အနေနဲ့ကတော့ အခြား အပစ်ရပ်အဖွဲ့တွေ၊ လက်နက်ကိုင် အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဘုံလုပ်ငန်းစဉ် အနေနဲ့ လက်တွဲဆောင်ရွက်နေတဲ့ အနေအထား ရှိနေပါသလား။

“ရှိသင့်သလောက် ရှိပါတယ်။ အဓိက Main ကတော့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုစနစ် ဖြစ်ပေါ်လာရေးအတွက် တိုင်းရင်းသား အင်အားစုတွေ၊ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ ပူးပေါင်းပြီးတော့ နိုင်ငံရေး လုပ်ငန်းစဉ်အားဖြင့် အဓိက အဖြေရှာ ဆောင်ရွက်သွားရန် သဘောတူထားတာ ရှိတယ်။ လိုအပ်သော၊ ဆောင်ရွက်နိုင်သော၊ ပူးပေါင်း ဆောင်ရွက်မှုတို့ဖြင့် လုပ်ဆောင်သွားဖို့ ရှိတယ်။”

မွန်ပြည်သစ်ပါတီဟာ ၁၉၉၅ ခုနှစ်မှာ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူထားတဲ့ လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။ ဧပြီလ ၂၂ ရက်နေ့တုန်းကလည်း စစ်အစိုးရက တိုက်တွန်းထားတဲ့ ဌာနေ ပြည်သူ့စစ်အသွင် ပြောင်းလဲဖို့ကိစ္စကို ငြင်းပယ်ခဲ့ပါသေးတယ်။

အခုဆိုရင် KIO ကချင်လွတ်မြောက်ရေးအဖွဲ့၊ ဝသွေးစည်းညီညွတ်ရေးအဖွဲ့၊ မိုင်းလားတပ်ဖွဲ့အပြင် ကရင်ငြိမ်းချမ်းရေးကောင်စီနဲ့ DKBA တပ်မဟာ ၅ က စောလားပွယ် ဦးစီးတဲ့ အဖွဲ့တွေကလည်း တပ်အသွင်ပြောင်းလဲရေးကို လက်မခံ ငြင်းဆန်နေဆဲ အခြေအနေမှာ ရှိနေပါတယ်။