အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် မြန်မာစစ်တပ်က ကန့်သတ်မှုတွေနဲ့ တင်းကြပ်မှုတွေ လုပ် လာတာကြောင့် NCA စာချုပ် လက်မှတ်ထိုးဖို့အတွက် စဉ်းစားစရာဖြစ်နေတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ KNPP က ပြောပါတယ်။ ဒါပေမယ့်လည်း ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ဖွံဖြိုးရေးလုပ်ငန်းတွေ အတွက် ပြည်နယ် အစိုးရနဲ့တွေ့ဆုံပြီး ဆွေးနွေးဆောင်ရွက်နေတယ်လို့ပြောပါတယ်။ ဗွီအိုအေ သတင်းထောက်ကိုနိုင်ကွမ်းအိမ်က စုံစမ်းမေးမြန်း သတင်းပေးပို့ထားပါတယ်။
ဒေသတွင်း ဖွံဖြိုးရေးလုပ်ငန်းတွေအတွက် ရှိနေတဲ့ အခက်အခဲတွေအပေါ် ကယားပြည်နယ်အစိုးရအဖွဲ့နဲ့ ဒီကနေ့ သူတို့ တွေ့ဆုံခဲ့ချိန်မှာ အပြန်အလှန်ဆွေးနွေးဖြစ်ခဲ့တယ်လို့ KNPPအတွင်းရေးမှုး(၂) ခူးဒယ်နီရယ်က ဗွီအိုအေ ကို ပြောပါတယ်။
"ဒီနေ့တွေ့ဆုံတာကတော့ လစဉ်တလတခါတွေ့မယ်ဆိုတဲ့ သဘောတူညီချက်အရ ကျွန်တော်တို့တွေ့ကြပါတယ်။ အဲဒီအထဲမှာတော့အခုလက်ရှိဖြစ်တဲ့ ပြည်နယ်မှာဖြစ်တဲ့အခက်ခဲလေးတွေသွားလာရေးကိစ္စတို့ ကျွန်တော်တို့ ကန့်သတ်နယ်မြေမှာ လမ်းတံတားဆောက်လုပ်တာတို့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ အဲဒီလောက်ဘဲ ဆွေးနွေးပါတယ်။"
ပြီးခဲ့တဲ့ဧပြီလတုန်းက အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ KNPPကိုယ်စားလှယ်တို့တွေ့ဆုံဆွေးနွေးခဲ့အပြီး NCA လက်မှတ်ထိုးနိုင်ရေးညှိနှိုင်းသွားဖို့နှစ်ဖက်သဘောတူညီလက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါပေမယ့်လို့ မြန်မာစစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကန့်သတ်မှုတွေပြုလုပ်လာတဲ့အတွက် NCA လက်မှတ်ရေးထိုးရေး ပြန်စဉ်းစားစရာဖြစ်လာတယ်လို့ KNPPအတွင်းရေးမှူး(၂)ခူးဒယ်နီရယ်ကပြောပါတယ်။
"လောလောဆယ် ထိုးထားတဲ့အဖွဲ့တွေကလဲ ရှေ့တိုးမရ နောက်ဆုတ်မရနဲ့ အခြေအနေလေးဖြစ်တော့ကျွန်တော်တို့ အဲဒီအပေါ်မှာလဲ စောင့်ကြည့်နေတယ်ပေါ့။ ဗမာ့တပ်မတော်ရဲ့အနေအထားကတော့ အထူးတလေ ခွဲထုတ်တဲ့အနေ အထားမျိုးကျွန်တော်တို့မပြောလိုတော့ဘူး။ တပ်မတော်က သူတို့ထိုးပြီးသားအဖွဲ့အစည်းအပေါ်မှာ ကန့်သတ်မှု လုပ်လာတယ်ဘာညာ သတင်းတွေမှာကြားရပါတယ်။ အဲဒီအပေါ်မှာNCAထိုးဖို့ကျွန်တော်တို့ကတော့ စောင့်ကြည့် နေတဲ့အနေအထားမျိုးတော့ရှိတယ်။"
ကရင်နီအမျိုးသားတိုးတက်ရေးပါတီဟာ UNFCခေါ်ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင်ဖြစ်ပြီး အစိုးရနဲ့NCAလက်မှတ်ရေးထိုးနိုင်ဖို့ကြိုးပမ်းနေဆဲဖြစ်ပါတယ်။ တနိုင်ငံလုံး တကယ်ပဲ အပစ် ရပ်ကြပြီး ပြည်တွင်းစစ် အဆုံးသတ်လိုတယ်ဆိုရင်တော့ အာဏာပိုင်တွေဖက်က အပစ်အခတ်ရပ်စဲမှုကို အရင်ဆုံး ကြေညာပေးသင့်တယ်လို့ ကယားပြည်နယ် ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ ဦးဆောင်စီစဉ်သူတဦးဖြစ်တဲ့ ကိုအောင်ဇော်မိုးက ပြောပါတယ်။
"ပြည်တွင်းစစ်ကိုတကယ်ရပ်ချင်တယ်ဆိုလို့ရှိရင် အစိုးရအနေနဲ့ဖြစ်ဖြစ် တပ်မတော်အနေနဲ့ဖြစ်ဖြစ် တတိုင်းပြည်လုံး အပစ်ခတ်ရပ်စဲရေးကို အရင်ကြေညာပေးသင့်တယ်လို့ နောက်ဒုတိယတချက်ကလဲ ကနေ့NCAကိုလက်မှတ်ထိုး ထား တဲ့အဖွဲ့တွေတင်မဟုတ်ဘူး။ NCAကိုလက်မှတ်ထိုးသည်ဖြစ်စေ မထိုးသည်ဖြစ်စေ လက်နက်ကိုင်အင်အားစုတွေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ခွင့်ရှိသင့်တယ်လို့ ဒီဆွေးနွေးပွဲကသုံးသပ်ပါတယ်။"
တနိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲကို ကယားပြည် နယ်လွိုင်ကော်မြို့မှာ အခု မေလ ၂၆ကနေ ၂၈ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပခဲ့တာပါ။
လက်ရှိမြန်မာအစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်အဖွဲ့တွေနဲ့တွေ့ဆုံဆွေးနွေးပြီး NCAအပစ်ရပ်လက်မှတ်ထိုး နိုင်ရေးအတွက်ကြိုးပမ်းနေဆဲဖြစ်ပေမဲ့ တအာင်းပလောင်တပ်ဖွဲ့TNLA ရခိုင်တပ်မတော်AA ကိုးကန့်တပ်ဖွဲ့တွေနဲ့ တော့ အပစ်ရပ်ရေးတွေ့ဆုံဆွေးနွေးဖို့တပ်မတော်ဘက်ကနေ လက်မခံသေးပါဘူး။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးဖို့၊ တိုင်းရင်းသားဒေသတွေမှာ တပ်မတော်က ထိုးစစ်ဆင်တာ တွေ ရပ်တန့်ပေးဖို့ တိုင်းရင်းနယ်မြေဒေသတွေမှာ စစ်ရေးရည်မှန်းချက်နဲ့ လမ်း၊တံတား ဖောက်လုပ် တာတွေ မလုပ်ဖို့ ကယားပြည်နယ် ငြိမ်းချမ်းရေးလူထုနှီးနှော ဖလှယ်ပွဲကနေတောင်းဆိုထားပါတယ်။