ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီ ခရိုင် ထချနမြို့နယ် အဝေးပြေးလမ်းမတခုမှာ နိုဝင်ဘာလ ၆ ရက်နေ့ မနက် ၂ နာရီ လောက်မှာ တရားမ၀င် မြန်မာ ၁၅ ဦး တင်ဆောင်လာတဲ့ ပစ်ကပ်ကားငယ် နဲ့ ကုန်တင်ကားတစီး တို့ တိုက်မိခဲ့ကြရာမှာ မြန်မာနိုင်ငံသား ၄ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့ကြောင်း ဆူရတ်ဌာနီ ခရိုင် လူမှုကယ်ဆယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းတောင်ပိုင်းဆူရတ်ဌာနီ ခရိုင် ထချန မြို့နယ် အမှတ် ၄၁ အဝေးပြေးလမ်းမကြီးမှာ နိုဝင်ဘာလ၆ ရက်နေ့ မနက် ၂နာရီလောက်က တရားမ၀င် မြန်မာ ၁၅ ဦး တင်ဆောင်လာတဲ့ ပစ်ကပ်ကားငယ်နဲ့ ကုန်တင်ကားတစီးတို့ တိုက်မိတာကြောင့် မြန်မာ ၄ ဦးသေဆုံးသွားခဲ့ကြောင်း အလုပ်သမားရေး လှုပ်ရှားသူ ဦးရဲမင်းက VOA ကို ပြောပါတယ်။
“မနက် အစောကြီး ၂နာရီလောက်မှာ တရားမဝင်မြန်မာတွေသယ်ဆောင်လာတဲ့ကားပေါ့။ ကားငယ်နဲ့ကုန်တင်ကားတစီးတိုက်တာ၊ ထိုင်းထဲကိုတရားမဝင်မြန်မာ ၄ဦးသေဆုံးတယ်၊ ၉ ဦးကတော့ ဒဏ်ရာရတယ်၊ ဆူရတ်ဌာနီခရိုင်မှာဖြစ်တာပါ။ လောလောဆယ် ဆူရတ်ဌာနီခရိုင်က လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ပြီး ဆေးရုံတွေကိုပို့ထားပါတယ်”
ထိုင်းနိုင်ငံထဲကို တရားမဝင်မြန်မာတွေကနည်းအမျိုးမျိုးနဲ့ဝင်ရောက်လာရာမှာတော့ အခုလိုမျိုး ကားမှောက်သေဆုံးတာတွေ အပြင် စစ်ဆေးရေးဂိတ်တွေကို ရှောင်ကွင်းမောင်းနှင်ရင်း ကားမှောက်သေဆုံးတာတွေ လည်း မကြာခဏဖြစ်ခဲ့တယ်လို့လည်း ဦးရဲမင်းက ပြောပါတယ်။
“တရားမဝင် လမ်းကြောင်းတွေကနေ ခိုးဝင်လာသူမှန်သမျှက မကြာခဏကြုံနေရတာပါ။ ယာဉ်တိုက်မှုဖြစ်တယ်၊ ကားထဲမှာ သေတယ်၊ ကားအလုံပိတ်ကားတွေနဲ့သယ်ဆောင်တုန်း အသက်ရူကျပ်သေတယ်၊ ကားသမား ကယ်ရီသမားတွေက တောလမ်းမှာပဲ အလောင်းတွေပစ်ချထားခဲ့တယ်၊ ဒီလိုဖြစ်စဉ်တွေ ထိုင်းရဲက တားတဲ့အခါမှာ ကားမောင်းသမားက မရပ်ပေးပဲမောင်းပြေးတယ် ဟိုင်းဝေးမှာ ကားတိုက်ပြီးကားမှောက်ပြီး သေတာရှိတယ်၊ ထိုင်းထဲကိုဝင်တဲ့အခါမှာ အသက်အန္တရာယ်ပါရင်းပြီးဝင်နေရတယ်”
အခုယာဥ် တိုက်မှုဖြစ်စဉ်မှာတော့ ကားမောင်သမား ထိုင်းနိုင်ငံသား က ကားမောင်းရင်းအိပ်ငိုက်ခဲ့တာကြောင့် အခုလို ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ ပစ်ကပ်ကားကတော့ တရားမဝင် မြန်မာတွေကို ဘန်ကောက်ကနေ ထိုင်းတောင်ပိုင်း ဖတ်ထလုံး ခရိုင်ကို ပို့ပေးဖို့လုပ်ဆောင်လာတာဖြစ်တယ်လို့ ဒဏ်ရာရထားတဲ့ အသက် ၂၁ အရွယ်ကားမောင်းသမားက ထွက်ဆိုကြောင်းရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့မေလ ၇ရက်နေ့တုန်းကလည်း ထိုင်းမြန်မာနယ်စပ် ဖွတ်ဖရမြို့နယ်ထဲမှာ တရားမ၀င် မြန်မာ ၁၂ ဦးတင်ဆောင်လာတဲ့ ပစ်ကပ် ကားတစ်စီးဟာ တိမ်းမှောက်ခဲ့ပြီး လမ်းဘေးကို ထိုးကျသွားခဲ့ပြီး ၃ ဦးကဒဏ်ရာတွေပြင်းထန်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီကန်ခရိုင် ဆမ်လွဲ့ယွတ်မြို့နယ်ထဲမှာလည်း ဩဂုတ်လ ၁၃ရက်နေ့က တရားမဝင်မြန်မာတွေ သယ်ဆောင်လာတဲ့ ကားတစီးဟာ စစ်ဆေးရေးဂိတ်က စစ်ဆေးမှုကိုမခံပဲ မောင်းပြေးတာကြောင့် ကားတိမ်းမှောက်ခဲ့ပြီး လူ၉ဦး ပြင်းထန်တဲ့ဒဏ်ရာတွေရခဲ့ပါတယ်။