မြန်မာနိုင်ငံတွင်း ရေကြီးရေလျှံမှုများ စိုးရိမ်ရဆဲ

mon state flood (MOI)

ဒီနှစ်မုတ်သုံမိုးဦးအစမှာပဲ မြန်မာနိုင်ငံတဝှမ်း မုတ်သုံလေ အားအလွန်ကောင်းနေပြီး ဒီသီတင်းပတ်ထဲမှာပဲ နောက်ရက်တွေအထိ လေပြင်းတွေတိုက်ခတ် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံဖြစ်နိုင်တဲ့အတွက် ဒေသခံ ပြည်သူတွေ အထူးသတိထားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အထူးသတိပေးလိုက်ပါတယ်။ နိုင်ငံတဝှမ်း မိုးများရေကြီးပြီး မြေပြိုကျမှုတွေ၊ တံတားကြိုးကျမှုတွေကြောင့် လူအသေအပျောက်ဖြစ်ရတဲ့အထိ သဘာဝဘေးဒဏ်ကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေကြရတဲ့အတွက် အစိုးရတာဝန်ရှိသူတွေဘက်က အချိန်နဲ့တပြေးညီ ကူညီကယ်ဆယ်ရေးတွေ အရေးပေါ်ဆောင်ရွက်ပေးဖို့လည်း ဒေသခံတွေက တောင်းဆိုပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ဘင်္ဂလားပင်လယ်အော် ကပ္ပလီပင်လယ်ပြင် နဲ့ မွန်-တနင်္သာရီကမ်းရိုးတန်းတလျောက် မုန်သုံလေအားအလွန်ကောင်းပြီး မိုးသက်လေပြင်းတွေ တိုက်ခတ်နေတာကြောင့် ဒီနှစ်မိုးဦးမှာတော့ အထူးသဖြင့်မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် မကွေးတိုင်း အပါအဝင် ဧရာဝတီမြစ်ဝှမ်း တလျောက် မြန်မာနိုင်ငံတနိုင်ငံလုံး အတိုင်းအတာနဲ့ ထူးထူးခြားခြား မိုးများရေကြီးပြီးတော့ ရေလွှမ်းမိုးမှုဒဏ်ကြောင့် မြေပြိုကျမှုတွေ တံတားကျိုးကျ ပျက်စီးမှုတွေကြောင့် လူအသေအပျောက်ရှိနေပါတယ်။

ဒီသီတင်းပတ်ထဲမှာကို အနောက်တောင်မုတ်သုံလေအားက အလွန်ကောင်းနေတဲ့အတွက် မိုး-ဆက်တိုက်သည်းထန်စွာ ရွာသွန်းနိုင်ခြေရှိပြီး နှစ်ရက်သုံးရက်လောက်အထိကို မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

"မွန်-တနင်္သာရီကမ်းရိုးတန်းတလျောက်ပေါ့နော် တနည်းအားဖြင့်တော့ ဘင်္ဂလားပင်လယ်အော် ကပ္ပလီပင်လယ်ပြင် မှာ မုန်သုံလေအားကောင်းနေတယ်။ ဘာလို့လဲဆိုတော့ မြစ်ဝကျွန်းပေါ်ဒေသတွေဖြစ်တဲ့ ဧရာဝတီ၊ ရန်ကုန်၊ တနင်္သာရီတွေမှာ နေရာကွက်မိုးကြီးရွာ တာတွေဖြစ်နေပါတယ်။ ဒီမွန်ပြည်နယ်၊ တနင်္သာရီတွေမှာတော့ ၂ ရက် ၃ ရက်လောက်အထိကို မိုးကြီးတာတို့ဖြစ်နိုင်ပါသေးတယ်။ နောက်မိုးကောင်းနေဦးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီမွန်ပြည်နယ်၊ တနင်္သာရီတွေမှာတော့ ရေကြီးရေလျှံမှုတွေ ဖြစ်နိုင်ပါသေးတယ်။"

တနိုင်ငံလုံးအတိုင်းအတာနဲ့ မိုးများရေကြီးရေလျှံတဲ့ သဘာဝဘေးဒဏ်နဲ့ ရင်ဆိုင်နေရတာကတော့- မြန်မာနိုင်ငံမှာ သစ်ပင်တွေခုတ် တောတောင်တွေပြုန်း သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး ဂေဟစနစ်ပျက်ယွင်းမှုကြောင့် အရင်းခံဖြစ်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က သုံးသပ်ပါတယ်။

"တခုရှိတာကတော့ မိုးနည်းနည်းများတာနဲ့ ရေကြီးတာကတော့ မြန်မာပြည်ရဲ့ ဂေဟစနစ်ကလည်း ချို့ယွင်းသွားတာလည်းပါတယ်။ သစ်တောတွေပြုန်းတာလည်းပါတယ်။ ကုန်းနိမ့်ဒေသတွေမှာ မိုးရွာလိုက်ပြီဆိုရင် ရေမြုပ်တာတွေဖြစ်တယ် ခါတိုင်းထက်တော့ သတိထားရမှာပေါ့ အဲဒါကတော့ သေချာပါတယ်။"

ပြည်သူတွေအနေနဲ့ မိုးလေဝသသတင်းတွေကို စဉ်ဆက်မပြတ်နားစွင့်နေကြဖို့နဲ့ သဘာဝဘေးဒဏ်ကာကွယ်ရေးပညာပေးမှုတွေကို လေ့လာထားကြဖို့ အရေးကြီးတယ်လို့လည်း ဒေါက်တာဦးထွန်းလွင်က အကြံပြုပါတယ်။

"တကယ်လို့ ရာသီဥတုကို အလေးထားရင်တော့ အကောင်းဆုံးအကြံပေးချင်တာကတော့ အမြဲတမ်း မိုးလေဝသသတင်းကို နားထောင်နေပါပေါ့နော်။ တခုရှိတာက မိုးလေဝသ သတင်းတွေကြေညာတဲ့အခါမှာ reliable sources ကလာတာလားဆိုတာကတော့ သတိထားပေါ့နော်။ အထူးသဖြင့် facebook သုံးကြလို့ရှိရင် facebook မှာ သိပ်ပြီးတော့ authorizedမဟုတ်တဲ့ ၊ ဒါမှမဟုတ်လည်း reliable မဖြစ်တဲ့ sources တွေ အများကြီးရောနေတဲ့အတွက် ဒါကိုသတိထားပါပေါ့နော် မဟုတ်တာတွေတော့များမယ် ၊ မုန်တိုင်းအန္တရာယ် ကတော့ စက်တင်ဘာလအထိတော့မရှိနိုင်ဘူး။ ဒါပေမယ့် မိုးကြီးနိုင်တယ်၊ မုန်သုံမိုးကတော့ ခါတိုင်းထက်တော့ နည်းနည်းတော့ ပိုးများတာတော့မှန်ပါတယ်။ မုတ်သုံအားကောင်းတာတွေကို သတိထားပါပေါ့။"

မိုးသက်လေပြင်းဒဏ်နဲ့ ရေလွှမ်းမှုရာသီဥတုဒဏ်ဆိုးဆိုးဝါးဝါးရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်ဘက်မှာတော့ လမ်းပမ်းဆက်သွယ်ရေးပြတ်တောက်မှုကြောင့် ဒေသခံပြည်သူတွေ စားဝတ်နေရေးအခက်ခဲဖြစ်နေကြရတယ်လို့ ရခိုင် ဒေသခံ ဦးအောင်မြတ်ကျော် က ပြောပါတယ်။

"အဓိကတော့ လမ်းပမ်းဆက်သွယ်ရေးအခက်အခဲက အဓိက များတာပေါ့ အကုန်လုံး လမ်းတွေက ပိတ်သွားတယ်၊ တံတားတွေကျိုးသွားတယ်။ အဲဒါတွေက ပထမတချက် ၊ နောက်တချက်ကတော့ စားဝတ်နေရေး ကျနေ်ာတို့ လမ်းပမ်းဆက်သွယ်ရေးပျက်သွားတယ်ဆိုတော့ ကုန်သွယ်စီးဆင်းမှုက ပျက်သွားတော့ စားဝတ်နေရေးပိုင်း အစားအသောက်ပိုင်းကတော့ တော်တော်ရှားပါးပြီး ဒုက္ခရောက်တဲ့အနေအထားတွေတော့ တွေ့နေရတာပေါ့နော်"

အခုလိုပြည်သူတွေ သဘာဝဘေးဒဏ်ခံနေရချိန်မှာတော့ သက်ဆိုင်ရာပြည်နယ်အစိုးရ နဲ့ ပြည်ထောင်စုအစိုးရဘက်က ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အချိန်နဲ့တပြေးညီအရေးပေါ်ဆောင်ရွက်ပေးဖို့ အရေးတကြီးလိုအပ်တယ်လို့လည်း ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က တိုက်တွန်းပါတယ်။

"အချိန်နဲ့ တပြေးညီ ဒီသဘာဝဘေးဒဏ်ဆိုတာကတော့ ပြောလို့မရဘူး။ ဒါနဲ့ အစိုးရအနေနဲ့ ကြိုတင်ပြင်ဆင်မှုလုပ်ထားပြီးတော့ အဆင်သင့်ဖြစ်နေဖို့ လိုအပ်တယ်။ ဆိုတော့ နောက်နောင်ဖြစ်လာခဲ့ရင် အသင့်အနေအထားမှာဆိုရင် ကျနော်တို့အများကြီး ကူညီကယ်တင်နိုင်မှာပါ။ ဒါနဲ့ ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ်အစိုးရကို ဒီအရေးပေါ်ကိစ္စအတွက် ကြိုတင်ပြင်ဆင်ထားပါလို့ ဒီလိုပဲ ပြောချင်ပါတယ်။"

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေနဲ့ကတော့ နေ့စဉ် မိုးလေဝသအခြေအနေနဲ့ ထူးခြားဖြစ်စဉ်တွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေပြီး သက်ဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေတဲ့တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်လို့ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးထွန်းကပြောပြပါတယ်။

ဒီရက်ပိုင်းမှာကို မိုးများရေကြီးတဲ့ဒဏ်ခံနေရတဲ့ မွန်ပြည်နယ် မုဒုံဘက်မှာ တံတားတွေ ရေလွှမ်းမိုးနှစ်မြုပ်နေသလို ကျိုက်မရော မြို့နယ်ဘက်မှာ မိုးများ သည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ တိုက်စားမှုကြောင့် ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်းက ကျိုက်မရော-မုဒုံသွားလမ်း၊ ဘုရားနှစ်ဆူတောင်ပေါ်ရှေ့နားက ကွန်ကရစ် တံတားတစ်စင်း ပြိုကျကာ ပျက်စီးမှု ဖြစ်ပွားခဲ့သလို ပေါင်မြို့နယ် မုတ္တမဆေးရုံထဲ ဆေးရုံတွေကိုလည်း အရေးပေါ်ရွှေ့ပြောင်းပေးနေရပါတယ်။ လူနေအိမ်တွေ မြေပြိုကျပျက်စီးတာ ရေတွေ ဝင်လာတဲ့အတွက် နေထိုင်ဖို့အခက်အခဲဖြစ်လာနေလို့ ကူညီကယ်ဆယ်ရေးစခန်းတွေ အရေးပေါ်ဖွင့်လှစ်ထားရတဲ့အနေအထားဖြစ်ပါတယ်။ မကွေးတိုင်းတွင်းမှာတော့ မုန်းချောင်းရေလျှံလာလို့ စိုက်ပျိုးမြေဧကတွေ ရေနှစ်မြုပ်ခဲ့ရပါတယ်။

အခုလို နိုင်ငံတဝှမ်း သဘာဝဘေးဒဏ် ရာသီဥတုဒဏ်ကြောင့် လူသေဆုံးမှုဖြစ်တဲ့အထိ ဆိုးဆိုးရွားရွားရင်ဆိုင်နေရချိန်မှာတော့ သက်ဆိုင်ရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်သူ့ကျမ်းမာရေးဦးစီးဌာန၊ ကြက်ခြေနီ၊ မီးသတ်နဲ့ သဘာဝဘေးဒဏ်ကူညီကယ်ဆယ်ရေးအတွက် ဖွဲ့စည်းထားတဲ့အဖွဲ့တွေဘက်ကတော့ အရေးပေါ်ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ပြီးကူညီဆောင်ရွက်နေကြပေမဲ့လို့ လမ်းပမ်းဆက်သွယ်ရေးပြတ်တောက်မှုတွေရှိတဲ့အတွက် ကူညီကယ်ဆယ်ရေး အကူညီတွေ ဒီ့ထက်ပိုပြီး ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးဖို့ ဒေသခံတွေကဘက်က တောင်းဆိုနေကြပါတယ်။

Your browser doesn’t support HTML5

မြန်မာနိုင်ငံတွင်း ရေကြီးရေလျှံမှုများ စိုးရိမ်ရဆဲ