တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha တို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီကနေ့ တွေ့ဆုံခဲ့ကြပါတယ်။ ထိုင်းနိုင်ငံ အရှေ့မြောက်ဒေသမှာ ၂ နိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အဆင့်မြင့်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးအပြီး အခုလို တွေ့ဆုံခဲ့တာပါ။ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်မှာ အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွါးခဲ့ပြီးနောက် ရိုဟင်ဂျာမူစလင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံနေကြတဲ့ အချိန်မှာပဲ မြန်မာစစ်တပ်အကြီးအကဲနဲ့ ထိုင်းဝန်ကြီးချုပ်တို့ အခုလို တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။
"ထိုင်းကာကွယ်ရေး ဝန်ကြီးဌာနနဲ့ လုံခြုံရေး တပ်ဖွဲ့တွေဟာ အခုအခါမှာ ထွက်ပြေးခိုလှုံလာမယ့်သူတွေကို နေရာချထားပေးဖို့ ပြင်ဆင်နေပါတယ်။ တကယ်လို့ အခြေအနေတွေ ပိုဆိုးလာမယ်ဆိုရင်တော့ ပြောင်းရွှေ့ထွက်ပြေးလာကြမယ့်သူတွေအတွက် အစီအစဉ်တွေ ဆွဲထားဖို့ လုံခြုံရေးတပ်ဖွဲ့တွေကို ညွှန်ကြားထားပါတယ်"လို့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha က ပြောသွားတာပါ။
မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်က လူမှုအသိုင်းအဝိုင်းတွေအတွင်း ပဋိပက္ခတွေ ဖြစ်ပွါးပြီးတဲ့နောက် သိန်းနဲ့ချီတဲ့မူစလင်တွေဟာ နည်းလမ်းအမျိုးမျိုးနဲ့ နေရပ်ကို စွန့်ခွါထွက်ပြေးကြရာမှာ တချို့လည်း လှေစီးပြေးဒုက္ခသည်တွေအဖြစ် မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွေအထိ ရောက်ရှိခဲ့ဖူးပါတယ်။
သြဂုတ်လ ၂၅ ရက်နေ့တုန်းကတော့ ARSA ရိုဟင်ဂျာ ကယ်တင်ခြင်းတပ်မတော် လို့ နာမည်ပေးထားတဲ့ အဖွဲ့က ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်နဲ့ မောင်တောမှာရှိတဲ့ ရဲကင်းစခန်း ၂၀ ကျော်ကို အကြမ်းဖက်သမား ၁၅၀ လောက်က သေနတ်တွေ၊ အိမ်လုပ်ဗုံးတွေ သုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အဲဒီလို တိုက်ပွဲတွေ အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်ကရော အကြမ်းဖက် တိုက်ခိုက်သူတွေဘက်ကပါ အများအပြား သေဆုံးခဲ့ပါတယ်။အဲဒီနောက်မှာတော့ အစိုးရတပ်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာမှာ ဒေသခံ မူစလင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြသလို ရခိုင်တိုင်းရင်းသားတွေဟာလည်း အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ်ကြောင့် အိုးအိမ်တွေ စွန့်ခွါခဲ့ရပြီး အခုချိန်ထိ ဒေသတွင်းမှာ မတည်မငြိမ်မှုတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
Your browser doesn’t support HTML5