မြန်မာစစ်တပ်နဲ့ ဆက်နွယ်တဲ့အကောင့်တွေ Facebook ထပ်မံပိတ်ပင်

မြန်မာနိုင်ငံမှာ လူမျိုးရေး အမုန်းပွားမှုတွေ ဖြစ်ပေါ်စေတဲ့ ဝါဒဖြန့်ချိမှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ မြန်မာစစ်တပ်ပိုင်၊ ဒါမှမဟုတ် စစ်တပ်နဲ့ ဆက်စပ်နေတဲ့ အကောင့်တွေကို ပိတ်ပစ်လိုက်ကြောင်း Facebook လူမှုကွန်ယက်က သြဂုတ်လ ၂၂ ရက်နေ့က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်း မရိုးသားတဲ့လုပ်ရပ်တွေ လုပ်ဆောင်နေတဲ့ အကောင့် ၈၉ ခု၊ စာမျက်နှာပေါင်း ၁၀၇ မျက်နှာ၊ အစုအဖွဲ့ပေါင်း ၁၅ ဖွဲ့နဲ့ Instagram အကောင့် ၅ ခုတို့ကို ဖယ်ရှားလိုက်တယ်လို့ ပြောပါတယ်။ ဒါဟာ မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ အကောင့်တွေကို လွန်ခဲ့တဲ့ တနှစ်အတွင်း ၄ ကြိမ်မြောက် ပိတ်ပင်လိုက်တာလည်း ဖြစ်ပါတယ်။

မြန်မာအတွင်း ရိုဟင်ဂျာတွေနဲ့ပတ်သက်လို့ အစိုးရက သတင်းမှားတွေ ဖြန့်ချိနေတဲ့အပေါ် Facebook လူမှုကွန်ယက်အနေနဲ့ အချိန်မှီ ဟန့်တားခဲ့ခြင်းမရှိတဲ့အပေါ် ပြင်းထန်တဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာပြီး တနှစ်လောက်အကြာမှာ အခုလို စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ လူမှုကွန်ယက်အကောင့်တွေကို ပိတ်ပင် တားမြစ်လာနေတာပါ။

အခု ပိတ်လိုက်တဲ့အကောင့်ပိုင်ရှင်တွေဟာ မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်နွယ်နေတယ်ဆိုတာ သူတို့ကုမ္ပဏီက စုံစမ်း တွေ့ရှိခဲ့ကြောင်း၊ ဒီအကောင့်တွေကနေ မရိုးသားတဲ့ လုပ်ဆောင်မှုတွေ ရှိနေတယ်ဆိုတာ သူတို့အနေနဲ့ စုံစမ်း သိရှိခဲ့ရကြောင်း Facebook ရဲ့ ဆိုင်ဘာ လုံခြုံရေး ပေါ်လစီဆိုင်ရာ အကြီးအကဲ Nathaniel Gleicher က သူ့ရဲ့ အင်တာနက် Blog စာမျက်နှာမှာ ရေးထားပါတယ်။

Facebook က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တခြား လူမျိုးရေးနဲ့ ဘာသာရေး အစွန်းရောက် အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေရဲ့ အကောင့်တွေကိုလည်း ပိတ်ပင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက အန္တရာယ်ရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်း ၄ ဖွဲ့ရဲ့ အကောင့်တွေကို ပိတ်ပစ်မယ့်အကြောင်း Facebook က အခုနှစ် အစောပိုင်းမှာ ကြေညာထားပြီး ဖြစ်ပါတယ်။

Your browser doesn’t support HTML5

မြန်မာစစ်တပ်နဲ့ ဆက်နွယ်တဲ့အကောင့်တွေ Facebook ထပ်မံပိတ်ပင်