အာဆီယံအထူးသံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် ငြင်းပယ်ခံရတဲ့အပေါ် အမြင်တချို့

  • ဝင်းမင်း

[ Zawgyi ]

အာဆီယံ အထူးသံတမန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ တောင်းထားတာကို စစ်ကောင်စီက ငြင်းနေတာဟာ အာဆီယံနဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မူးကြီးမင်းအောင်လှိုင်တို့ကြား ဘုံသဘောတူညီချက်ထဲမှာ ပါတဲ့မူကို ငြင်းပယ်သလိုဖြစ်နေတယ်လို့ ဝေဖန်ကြတာတွေ ရှိပါတယ်။ မြန်မာ့အရေးမှာ အဓိကကျတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမှသာ အာဆီယံအတွက် အလုပ်ဖြစ်နိုင်မယ်လို့ မြင်တာတွေလည်း ရှိပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ ကိုဝင်းမင်းက တင်ပြထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖိုက ပုဂ္ဂိုလ်ရေးအဖြေရှာတဲ့သဘောလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောအပြီးမှာ၊ ANP ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးကတော့ အခုလို ဆိုပါတယ်။

“အာဆီယံကကြားနေပြီးတော့ ဝင်ပြီးတော့ စေ့စပ်ညှိုနှိုင်းမယ် ဆောင်ရွက်မယ်ဆိုတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်လေး အပြုသဘောဆောင်ပြီးတော့ ပေးသင့်တယ်လို့ ကျွန်တော်တို့ကတော့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ့နိုင်ငံရေးကို ကျွန်တော်တို့ သွားတဲ့အခါမှာ အကုန်လုံးက နိုင်ငံတကာကရော ပြည်တွင်းပညာရှင်တွေကပါ တွေ့ဆုံဆွေးနွေရေးလမ်းကြောင်းနဲ့ပဲ သွားရမယ်လို့ သုံးသပ်တဲ့ဟာတွေရှိပါတယ်။ နောက်တခုက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ အဖြေရှာရမယ်ဆိုတဲ့အခါမှာ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အားလုံးခေါင်းဆောင်ပိုင်းတွေ စေ့စပ်ညှိုနှိုင်းပြီးတော့ သွားတာကတော့ အကောင်းဆုံးပဲလို့ ကျွန်တော်တို့ကတော့ သုံးသပ်တယ်။”

ဒါ့အပြင် SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရရင် စိုးရိမ်ရပုံကို အခုလို ရှင်းပြပါတယ်။

“အာဆီယံရဲ့ ဖြေရှင်းမူဟာ နဂိုထဲက အချိန်နောက်ကျတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ အတွက်ကို သူ့ရဲ့ကြိုးပမ်းမူ မအောင်မြင်ဖူးဆိုရင် လူထုအနေနဲ့ကတော့၊ သူ့တို့ရဲ့ကြားဝင်ဖြေရှင်းမူကိုတော်တော်လေး အယုံအကြည် ပိုပြီးတော့ နည်းသွားနိုင်ပါတယ်။ နောက်တဖက်မှာ နစက (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) ဘက်လိုလည်းပဲ လူထုက ပိုပြီးတော့ ရှောင်ကျဉ်လာလိမ့်မယ်၊ ပိုပြီးတော့မှ ထိတွေ့ဆက်ဆံချင်တဲ့ အလားအလာတွေကို မရှိသလောက်ဖြစ်သွားစေနိုင်တယ်။ အဲ့လိုဖြစ်သွားတဲ့ တပြိုင်ထဲမှာပဲ နစကဘက်ကလည်း သူ့ရဲ့နဂိုရည်မှန်းချက်အတိုင်းဆက်ပြီးတော့ ကြိုးပမ်းမယ်။ အဲ့ဒိအခါကျလို့ရှိရင် အထိအခိုက်တွေ ပွတ်တိုက်မူတွေ ပိုပြီးတော့ များလာမယ်ဆိုရင် တိုင်းပြည် ပိုပြီးတော့ နာမဲ့အနေအထားကိုရောက်သွားနိုင်ပါတယ်။”

အခုလို စစ်ကောင်စီ ပြောခွင့်ရဘက်က ပုဂ္ဂိုလ်ရေးလို့ ပြောလာတာအပေါ် NUG အမျိုးသားညီညွှတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ မူကြီးကို ငြင်းလိုက်တာပါလို့ ဆိုပါတယ်။

“ 5 Points Consensus (အားလုံးသဘောတူချက် ၅ ချက်) ထဲမှာပါတဲ့ သက်ဆိုင်တဲ့သူတွေ အကုန်လုံးနဲ့ တွှေရမယ်ဆိုတဲ့ အခြေခံမူအပေါ်ကနေပြီးတော့ သူတို့က တွေ့ခွင့်တောင်းတယ်ဆိုတော့ ဒေါ်စုဆိုတဲ့ လူပုဂ္ဂိုလ်ထက်ပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ မူအရလက်ခံလို့ရှိရင် ဒါ ခုနက မူထဲမှာကိုက အကြုံးဝင်နေတဲ့ Stakeholders (သက်ဆိုင်သူတွေ) ထဲက အစိတ်အပိုင်းတစ်ခုဖြစ်နေတယ်ပေါ.။ ဒါက အာဏာသိမ်း စကစ ခေါင်းဆောင်ကိုယ်တိုင်တက်ခဲ့တဲ့အစည်းအဝေးမှာ သူကိုယ်တိုင်လုပ်ခဲ့တဲ့ ဒီ Consensus (အားလုံးသဘောတူချက်) ကတိကဝတ်ကို ကိုယ်ကိုယ်တိုင်ဖျက်လိုက်တာ၊ လူကိုငြင်းတာမဟုတ်ဘူး၊ ဒီ All Stakeholders (သက်ဆိုင်သအားလုံး) နဲ့ တွေ့ရမယ်ဆိုတဲ့ မူကို ငြင်းလိုက်တာပဲဖြစ်တယ်။ ဒါကြောင့်မို့ အာဆီယံအတွက်က ဒါကိုလက်ခံပေးလိုက်ရင် အာဆီယံရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်သလို ဖြစ်မှာပေါ့လေ။”

အဲ့ဒီတော့ အာဆီယံအတွက် ဆက်ကြိုးပမ်းသင့်တာကို ဦးစိုင်းလိတ်က ရှင်းပြပါတယ်။

“ ပထမဆုံးအကြိမ် ဝင်ရောက်တာဖြစ်ပေမဲ့လို့ အချိန်အင်မတန်လင့်သွားပါပြီ။ သူ့ရဲ့မျှော်လင့်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရေးကို မဖြစ်မနေ လုပ်ဖို့ပါပဲ။ အဲ့လိုသာ လုပ်နိုင်မယ်ဆိုရင်တော့ သူ့အတွက် လမ်းစပွင့်သွားပါပြီ။ အာဆီယံကိုယ်နှိုက်က ကြားဝင်မစွက်ရေးဆိုတဲ့ဟာမျိုးရှိနေတဲ့အခါကြတော့ သူ့တခုထဲနဲ့တော့ အဆင်ပြေမဲ့ပုံ မပေါ်ဘူး။ ဒေသတွင်းအခြားနိုင်ငံတွေနဲ့ပဲဖြစ်ဖြစ် အင်အားကြီး တခြားနိုင်ငံတွေနဲ့ပဲဖြစ်ဖြစ် ဒီထက်မက ပိုမိုကျယ်ပြန့်တဲ့ ချိတ်ဆက်မူမျိုးနဲ့ ချည်းကပ်နိုင်မှသာ အဆင်ပြေနိုင်လိမ့်မယ်။ အနည်းဆုံးအားဖြင်တော့ သူက နိုင်ငံတကာဖိအားကို ဒီထက်မက ပိုပြီးရအောင် စွမ်းဆောင်နိုင်မယ်ဆိုလို့ရှိရင် တော်တော်လေးကို အဆင်ပြေပါလိမ့်မယ်။ နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမူကို မရပဲနဲ့တော့ နစကဘက်ကလည်းပဲ အလျော့ပေးမဲ့ပုံမပေါ်ဘူး။”

ဒါပေမဲ့ ဦးခိုင်ပြည်စိုးကတော့ အခုတကြိမ် ဒေါ်စုနဲ့ တွေ့ခွင့် မရရင်တောင် ဆက်ကြိုးစား သွားသင့်တယ်လို့ ထောက်ပြလိုက်ပါတယ်။

“ပဏာမအနေနဲ့ ဒီတကြိမ်မရလို့ရှိရင်လဲ အာဆီယံအနေနဲ့ အိမ်နီးနားချင်းနိုင်ငံတွေ၊ မြန်မာ့နိုင်ငံအရေးအခြေအနေကို ပိုပြီးတော့နည်းလည်တဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့အနေနဲ့ ပျော့ပျော့ပြောင်းပြောင်း ညင်ညင်သာသာနဲ့ပဲ မြန်မာ့နိုင်ငံရေးကို ချည်းကပ်တဲ့အခါမှာ ပထမအကြိမ်မှာ တွေ့ခွင့်မရပေမဲ့ နောက်နောင်အကြိမ်တွေမှာ တဖြည်းဖြည်း ယဉ်ပါးလာအောင်လုပ်ဖို့တော့ လိုလိမ့်မယ်။’

ဒါပေမဲ့ ဒေါ်ဇင်မာအောင်ကတော့ အာဆီယံ ထိပ်သီးပွဲမှာ ဖြစ်သင့်ပုံကို အခုလို ရှင်းပြပါတယ်။

“အာဆီယံကိုယ်တိုင်ကိုပဲ အာဆီယံအဖွဲ့ဝင်နိုင်ငံတခုက မထေမဲ့မြင်ပြုရာရောက်တဲ့အနေအထားမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မို့ လာမဲ့ Summit (ထိပ်သီး) မှာတော့ ပြည်သူလူထုကို ကိုယ်စားမပြုတဲ့၊ အာဆီယံရဲ့ ပုံရိပ်ကိုကျဆင်းစေတဲ့ Entity (အဖွဲ့) တခုကိုတော့ ဖိတ်ကြားဖို့မသင့်ဘူး။ NUG အနေနဲ့ကတော့ ဒီဒေသတွင်းနိုင်ငံတွေနဲ့ အာဆီယံနဲ့ရော ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်မတို့ အဆင်သင့်ရှိနေပါတယ်။ Special Envoy (အထူးကိုယ်စားလှယ်) ခန့်အပ်ကထဲက ကြိုဆိုကြောင်းလဲပါတယ်၊ အကြံပြုချက် ဒီအချက်အလက်တွေနဲ့အတူ ကျွန်မတို့ စာပေးပို့ ဆက်သွယ်ဆောင်ရွက်ထားပြီးဖြစ်တယ်။ အာဆီယံ တချို.နိုင်ငံက ခေါင်းဆောင်တွေနဲ့တော့ ကျွန်မတို့ ထိတွေ့ဆွေးနွေးတာရှိပါတယ်။”

တကယ်တော့ အာဆီယံအနေနဲ့ မြန်မာ့အရေး ရှေ့က ကြိုပမ်းနေတာကို ဒေသတွင်း အင်အားကြီး တရုတ်နဲ့ ကမ္ဘာ့အင်အားကြီး အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေကလည်း အနောက်ကနေ တွန်းအား ဆက်ပေးနေဆဲ ဖြစ်ပါတယ် ခင်ဗျာ။

Your browser doesn’t support HTML5

အာဆီယံအထူးသံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် ငြင်းပယ်ခံရတဲ့အပေါ် အမြင်တချို့

[ Unicode ]














