မလေးရှား ကလန်းမြို့မှာ အထောက်အထားမဲ့ မြန်မာရာနဲ့ချီ ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကလန်းမြို့မှာ ငွေအတုမိရာကတဆင့် အဖမ်းခံရသူ မြန်မာရွှေ့ပြောင်းအလုပ်သမားများ။ (မေ ၁၉၊ ၂၀၂၄/ဓာတ်ပုံ-မလေးရှားလဝက)

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကလန်းမြို့မှာ အခုရက်ပိုင်းအတွင်း တရားမဝင် ဝင်ရောက်လာကြတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို ရာနဲ့ချီ ဖမ်းဆီးခံရခဲ့ရပါတယ်။ မလေးရှားငွေအတုကိုင်ဆောင်ထားသူတဦးကို ဖမ်းမိရာကနေ မြန်မာတွေကို ပိုက်စိတ်တိုက်ဖမ်းဆီးခဲ့တာလို့လည်းဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကလန်းမြို့က မြန်မာတွေနေထိုင်ရာအဆောက်အဦးတွေနဲ့ ကလန်းမြို့ထဲကပဲ အီလက်ထရွန်နစ်စွန့်ပစ်ပစ္စည်း စက်ရုံရှိရာနေရာတွေမှာ ဒီရက်ပိုင်းထဲ မြန်မာနိုင်ငံသားတွေ အစုလိုက်အပြုံလိုက် ရာဂဏန်းနဲ့ဖမ်းဆီးခံရကြောင်း မလေးရှားနိုင်ငံက မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးစိုးထက်သိမ်းကပြောပါတယ်။

"ကလန်းဥတ္တမဘက်က အလုပ်သမားတန်းလျားမှာနေတဲ့သူတွေ၊ ကလန်းဘက်က သင်္ဘောဆိပ်ကလည်းရှိတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေက ပုံစံမျိုးစုံနဲ့ စုဖွဲ့နေထိုင်နေတဲ့အတွက် အီလစ်ထရောနစ်စွန့်ပစ်ပစ္စည်းစက်ရုံကလည်းပါသွားသလို တခြားအလုပ်သမားတန်းလျားမှာနေတဲ့သူတွေလည်း ပါသွားတယ်။ မြန်မာနိုင်ငံသား ၄၀၀ နီးပါး ပါသွားတယ်။ ၁၄ ရက်နေ့ကဖြစ်စဉ်မှာတော့ ကလန်းဥတ္တမဆိုတဲ့နေရာမှာ ပိတ်ဆို့ပြီးစစ်ဆေးရာမှာ လက်ထဲမှာပိုက်ဆံအတုမိလို့တဲ့။ အဲဒီနေရာမှာ ပိုက်ဆံအတု ပျံ့နှံ့မှုနှုန်းကများတယ်။ မြန်မာတွေဆီကလည်း မိသွားလို့ အဖမ်းခံရပါတယ်။"

အီလစ်ထရောနစ်စွန့်ပစ်ပစ္စည်းစက်ရုံမှာ မြန်မာ ၂၇ ယောက်အပါအဝင် လူ ၃၀ ကျော်ဖမ်းဆီးခံရပြီး ကလန်းဥတ္တမနေရာမှာတော့ လောင်းကစားကနေရလာတဲ့ငွေနဲ့ ဖုန်းသွားဝယ်ယူတဲ့မြန်မာတဦးထံက မလေးရှားငွေအတုဖမ်းမိရာကနေ အဲဒီနေရာတဝိုက်က မြန်မာတွေအားလုံးကိုစစ်ဆေးပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အခုလို ငွေတုမိတာကြောင့် အထောက်အထားမဲ့တွေကော အထောက်အထားရှိသူတွေပါ အဖမ်းခံရတယ်လို့ သူကဆက်ပြောပြပါတယ်။

"သူတို့ကတော့ ပိုက်ဆံအတုအတွက်နဲ့ ရာဇဝတ်မှုတွေအတွက် ဖမ်းတယ်ဆိုပေမဲ့လည်း အဲဒီမှာတော့ အထောက်အထားမဲ့တွေအတွက် အော်ပရေးရှင်းလုပ်တာတွေလည်းပါတာပေါ့။ ဘာကြောင့်လဲဆိုတာ့ အထောက်အထားနဲ့နေထိုင်တဲ့သူတွေ၊ အထောက်အထားမဲ့နေထိုင်နေတာတွေကော၊ အထောက်အထားရှိသူတွေကော ပါတာပေါ့။ အဲဒီမှာ သံသယဖြစ်လို့ ခဏ ထိန်းသိမ်းထားတဲ့အခါမှာ အထောက်အထားရှိလို့ သံသယကို ဖြေရှင်းနိုင်တယ်၊ သံသယနဲ့မို့ တချို့ကပြန်ထွက်လာပေမဲ့ အထောက်အထားမရှိသူတွေကတော့ ပြန်ထွက်လို့မရတော့ဘူး။"

ဂျိုဟိုးပြည်နယ်က အလျူမီနီယံစက်ရုံနဲ့ မေလ ၁၂ ရက် ဂျိုဟိုးပြည်နယ် ဂလန်းပါသဆိုတဲ့နေရာမှာလည်း မြန်မာနိုင်ငံသားအများအပြား ဖမ်းဆီးခံခဲ့ရသလို မေလ ၁၇ ရက်နေ့ ကွာလာလမ်ပူ ဆောက်လုပ်ရေးဆိုဒ်တွေကို ဝင်ရောက်ဖမ်းဆီးတာကြောင့် အဲဒီနေရာတွေမှာလည်း မြန်မာနိုင်ငံသားအများအပြား ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးခံရသူတွေကို အကျဉ်းထောင်တွေကတဆင့် ထိန်းသိမ်းရေးစခန်းတွေမှာထားပြီး နေရပ်ရင်းကိုပြန်ပို့ပေးမှာဖြစ်လို့ မြန်မာနိုင်ငံကို ပြန်ပို့ခံရမယ့်အခြေအနေတွေရှိနေပါတယ်ရှင်။