လိပ်ကျွန်းသေဒဏ် ထိုင်းဘုရင်ထံ အသနားခံမှု မြန်မာသံအမတ်ကြီး ဦးစီးဆောင်ရွက်

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မူနဲ့ ပတ်သက်လို့ သေဒဏ်ပေးခံထားရတဲ့ မြန်မာအလုပ်သမားနှစ်ဦး အတွက် မြန်မာအစိုးရအနေနဲ့ ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်သွားမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက စက်တင်ဘာလ ၂ရက်နေ့မှာပြောဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးက သံအမတ်ကြီးကိုယ်တိုင် ဒီကိစ္စကို ဦးဆောင် လုပ်ကိုင်နေပြီလို့ ပြောပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် voa သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ဗြိတိန်လူငယ်၂ဦးတို့အသတ်ခံရတဲ့လိပ်ကျွန်းလူသတ်မူနဲ့ပတ်သက်လို့ သေဒဏ်ပေးခြင်းခံထားရတဲ့ မြန်မာရွှေ့ပြောင်း လူငယ်၂ဦးရဲ့ နောက်ဆုံးအယူခံကို ထိုင်းနိုင်ငံတရားလွှတ်တော်ချုပ်က သြဂုတ်လ၂၉ ရက်နေ့မှာပဲ သေဒဏ်အမိန့်ကို ထပ်ချလိုက်တာပါ။ ဒီအတွက် မြန်မာအစိုးရဘက်က သနားခံစာတင်ဖို့ အတွက် ထိုင်းရှေနေများကောင်စီနဲ့ အလုပ်သမားရေးဆောင်ရွက်နေတဲ့ အဖွဲတွေက ဝိုင်းဝန်းတောင်းဆိုခဲ့တာပါ။

သေဒဏ်ပေးခံထားရတဲ့ မြန်မာလူငယ် ၂ ဦးအတွက် မြန်မာအစိုးရအနေနဲ့ ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာ တင်သွင်းသွားမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီ း ဦးသိန်းဆွေက ဒီကနေ့ နေပြည်တော်မှာ သတင်းထောက်တွေနဲ့ တွေဆုံချိန် ပြောကြားလိုက်ပါတယ်။

“ဆက်ပြီးတော့လုပ်မယ့် ကိစ္စကတော့ ထိုင်းဘုရင်မင်းမြတ်ဆီကို အသနားခံစာတင်ဖို့ပဲရှိပါတယ်။ ထိုင်းမှာရှိတဲ့ လူမူအဖွဲ့အစည်းကလည်း ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။ အဲဒါကိုလည်း ဆက်ပြီးတော့မှ နည်းလမ်းနဲ့အညီ ဆောင်ရွက်ပေးသွားဖို့ အစီအစဉ်ရှိပါတယ်လို့။ နိုင်ငံတော် အကြီးအကဲများရဲ ့ညွန်ကြားချက်လည်းရှိပါတယ်။ ဌာနကလည်း အလုပ်သမားသံအရာရှိတွေ ထိုင်းနိုင်ငံမှာရှိတဲ့ သံအမတ်ကြီးတွေ၊ အလုပ်သမားသံအရာရှိတွေ အလုပ်သမားရေးရာအဖွဲ့အစည်းတွေ ဝိုင်းဝန်းကူညီနေပါတယ်။ အဆင့်လိုက်လည်း ကူညီနေပါတယ် ဆက်လက်ပြီးတော့လည်း ညှိနှိုင်းဆောင်ရွက်ပါမယ်။ ဒါကတော့ သူ့နိုင်ငံရဲ့ဥပဒေနဲ့ လုပ်တာဖြစ်တဲ့အတွက် သူ့ဥပဒေနဲ့ အညီ ပဲဆောင်ရွက်လို့ ရပါတယ်။ ဆက်လက်ပြီး သက်ဆိုင်ရာနဲ့ ဆက်လက်ဆောင်ရွက် ပါမယ်”

မြန်မာသံရုံးကိုယ်စားပြုပြီးလိပ်ကျွန်း လူသတ်မူနဲ့ ပတ်သက်လို့ ဥပဒေအရအကြံပေးနေတဲ့ ရှေနေဦးအောင်မျိုးသန့် ကတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မှာတော့ မြန်မာသံရုံးက သံအမတ်ကြီး က ဦးဆောင်ပြီး စီစဉ်ဆောင်ရွက်နေပြီဖြစ်တဲ့ အကြောင်း အခုလိုပြောသွားပါတယ်။

“သံအမတ်ကြီးကိုယ်တိုင်အပူးတပြင်း ကြိုးပမ်းဆောက်ရွက်နေပါတယ် ၂၉ရက်နေ့က ချလိုက်တဲ့ အမိန့်ကို ကူးယူပြီး ထိုင်းဘာသာစကားကနေ ဘာသာပြန်နေပါတယ်။ မကြာခင်မှာ ထိုင်းရှေ့နေများကောင်စီနဲ့ တွေ့ပါမယ် ထိုင်းရှေနေများ ကောင်စီရဲ့ အကြံဉာဏ်ယူပြီး ဆက်လုပ်ဆောင်ပါမယ်”

၂၀၁၄ခုနှစ်ကတည်းက ၅ နှစ်နီးပါးကြာခဲ့ပြီဖြစ်တဲ့ ဒီအမူကို တရားခံအကျိုးဆောင် ထိုင်းရှေနေများ ကောင်စီဘက်ကနေ တရားရုံး အဆင့်ဆင့်မှာ ခုခံချေပမူတွေ လုပ်ခဲ့ပေမဲ့သူတို့ကို ၂၀၁၅ခုနှစ် ဒီဇင်ဘာလမှာ ကော့စမွေမြို့နယ်တရားရုံးကနေ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ် ချမှတ်ခဲ့တာပါ။ ဒီနောက်မှာတော့ တရားရုံးအဆင့်ဆင့် အယူခံတက်ခဲ့ပေမဲ့ ၂၀၁၇ခုနှစ်မှာလည်း သေဒဏ်အမိန့်ကိုပဲ ပြန်ချခဲ့သလို ၂၀၁၉ခုနှစ် သြဂုတ်လ၂၉ရက်နေ့မှာ နွန်ထဘူရီခရိုင် တရားရုံးမှာ နောက်ဆုံးအယူခံကို ပယ်ချခဲ့ပြီး သေဒဏ်ပဲပြန်ချခဲ့ပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းချေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ ကော့တောင်အပန်းဖြေကျွန်းဖြစ်တဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ ဗြိတိန်လူငယ် ၂ ဦးသတ်ခံခဲ့ရတာပါ။ ဒီအမှုမှာ မြန်မာရွှေ့ပြောင်းလူငယ် ၂ ယောက်ဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကိုလူသတ်မူဖြစ်ပြီး ၂ပတ်ကျော်အကြာမှာ ဖမ်းဆီးခဲ့ပြီး လူသတ်မှု၊ မုဒိမ်းမှု၊ ပစ္စည်းလူယူမှု အပါအဝင် အမှု ၇ မူနဲ့ တရားစွဲခဲ့ပါတယ်။ ထိုင်းနိုင်ငံ ကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သူတို့ ၂ ယောက်ကိုတော့ ၂၀၁၅ ခုနှစ်ကုန်မှာတော့ ထိုင်းနိုင်ငံ ကော့စမွေ တရားရုံးကနေ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ပေးခဲ့ပြီး ဘန်ခွမ်အကျဉ်းထောင်မှာ ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

လိပ်ကျွန်းသေဒဏ် ထိုင်းဘုရင်ထံ အသနားခံမှု မြန်မာသံအမတ်ကြီး ဦးစီးဆောင်ရွက်