ဂျော်ဒန်ရောက်မြန်မာတွေ သီတင်း ၂ ပတ်အတွင်းအိမ်ပြန်နိုင်ရေး အစ္စရေးရှိ မြန်မာသံရုံးစီစဉ်နေ

ဂျော်ဒန် Amman မြို့တနေရာ

(Zawgyi/Unicode)

အစ္စရေးလ်ဆိုင်ရာ မြန်မာသံရုံးအနေနဲ့ နေရပ်ပြန်လိုတဲ့ မြန်မာအလုပ်သမားတွေအနက်က ကိုယ်ဝန်ဆောင်မိခင်တွေကို ဦးစားပေးလိုက်ပါနိုင်အောင် စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ ဗွီအိုအေမြန်မာပိုင်းကို အကြောင်းပြန်ကြားလာပါတယ်။ အထူးသဖြင့် အစ္စရေးလ်ဆိုင်ရာ မြန်မာသံရုံးဘက်က ဂျော်ဒန်နိုင်ငံ Amman မြို့တော်နဲ့ မြန်မာနိုင်ငံ ရန်ကုန် ခရီးစဉ်အတွက် လူတဦးလျှင် အမေရိကန်ဒေါ်လာ ၈၀၀နှုန်းနဲ့သယ်ဆောင်နိုင်အောင် ဆောင်ရွက်နေပြီး လေယာဉ်ခရီးစဉ်တခေါက်ကို လူ၁၄၀ ဦးနှုန်းနဲ့ (၃)ခေါက် ပြေးဆွဲပြီး လူ ၄၂၀ ဦးအထိ လိုက်ပါနိုင်အောင် ဆောင်ရွက်နေပါတယ်။

စက်ရုံတွေဘက်ကလည်း ဂျော်ဒန်အစိုးရနဲ့ ဆောင်ရွက်ရဦးမယ့် လူမှုဖူလုံရေးကိစ္စတွေ ကျန်နေသေးတဲ့အတွက် သံရုံးဘက်က လေယာဉ်လိုင်းများ စီစဉ်တဲ့အပေါ် စက်ရုံရဲ့မေတ္တာရပ်ခံချက်အရ သီတင်းပတ် ၂ပတ်ခြားပြီး စီစဉ်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ဒါကြောင့် အခုကစလို့ ၂ပတ်အတွင်း လေယာဉ်ခရီးစဉ်စတင်နိုင်မယ်လို့ ခန့်မှန်းတယ်လို့ ပြောပါတယ်။ စီးနင်းလိုက်ပါမယ့်ခရီးသည်တွေကိုယ်တိုင် ဖြည့်စွက်ရမယ့် ဖောင်ကိုစက်ရုံတွေကနေ စုစည်းပြီး ဇူလိုင်လ ၇ရက်နေ့ နောက်ဆုံးထားပေးပို့ပါရန် ညှိနှိုင်းထားပြီးဖြစ်တာမို့ လိုက်ပါရမယ့်သူတွေအနေနဲ့ ကိုယ်တိုင် လိုက်ပါရခြင်း ရှိ-မရှိကို ကြိုတင်သိနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။

ဂျော်ဒန်ရောက်မြန်မာအလုပ်သမားတွေဘက်ကနေ သူတို့ အိမ်ပြန်နိုင်ရေး အစ္စရေးလ်သံရုံးကလည်း စီစဉ်ပေးမယ်ပြောထားချိန် ဂျော်ဒန်ကုမ္ပဏီဘက်က အလုပ်သမားတွေကို အခုချိန်အထိ တိကျသေချာတဲ့သတင်းအချက်အလက်မပေးဘူးလို့ သိရတဲ့အတွက် တကယ်ပြန်လိုတဲ့ အလုပ်သမားတွေအရေး သံရုံးဘက်က ဘာတွေဆောင်ရွက်ပေးနေပါသလဲဆိုတာ သိရှိနိုင်အောင် ဗွီအိုအေက ဆက်သွယ်မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားပေးခဲ့တာဖြစ်ပြီး အလုပ်သမားတွေအနေနဲ့ တကယ်လို့ ဒီစာရင်းထဲမပါသော်လည်း မဖြစ်မနေပြန်လိုသူတွေအနေနဲ့ စက်ရုံနဲ့ နှစ်ဦးနှစ်ဘက် ညှိနှိုင်းဆောင်ရွက်မယ်ဆိုရင် လေယာဉ်နေရာ ၂၇နေရာစာ အရန်ထားပြီးဖြစ်ပြီး ဒီ့ထက်ပိုလိုက်ပါလိုပါကလည်း နိုင်ငံတော်အစိုးရထံတင်ပြပြီး လေကြောင်းလိုင်းနဲ့ ညှိနှိုင်းဆောင်ရွက်ပေးသွားမယ့် အကြောင်း ဗွီအိုအေမြန်မာပိုင်းကို Messenger ကနေ အကြောင်းပြန်ကြားခဲ့တာပါ။

COVID-19 ကမ္ဘာ့ကပ်ရောဂါရိုက်ခတ်မှုကြောင့် နိုင်ငံတကာမှာ စီးပွားရေးတွေထိခိုက်ပြီး လုပ်ငန်းခွင်တချို့ ရပ်နားလိုက်ရချိန် ပြည်ပရောက် မြန်မာနိုင်ငံသား အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ် ဒုက္ခရောက်နေကြပြီး မြန်မာပြည်ကို အမြန်ဆုံးပြန်ခေါ်ပေးဖို့ တောင်းဆိုကြချိန်မှာ ဂျော်ဒန် ၊ အစ္စရေးလ်နဲ့ ဆိုက်ပရပ်စ်မှာရှိတဲ့ မြန်မာနိုင်ငံသားတွေ မိခင်နိုင်ငံပြန်နိုင်ရေး အစ္စရေးလ် ဆိုင်ရာမြန်မာသံရုံးဘက်က စီစဉ်ဆောင်ရွက်ပေးနေပါတယ်လို့ ဇူလိုင်လ ၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

အထူးသဖြင့် ဂျော်ဒန်ရောက်မြန်မာအလုပ်သမားတွေအတွက်တော့ ဂျော်ဒန်နိုင်ငံနဲ့ မြန်မာအစိုးရကြား တရားဝင်သံတမန်ဆက်ဆံရေး မရှိတဲ့အတွက် အစ္စရေးလ်ဆိုင်ရာမြန်မာသံရုံးဘက်က ဝင်ရောက်စီစဉ်ဆောင်ရွက်ပေးနေပြီး စက်ရုံတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ပါ လို့ သံရုံးက အလုပ်သမားတွေကို နိုးဆော်ထားပါတယ်။ လတ်တလောမှာတော့ ဂျော်ဒန်ရောက် မြန်မာ အလုပ်သမားတွေထဲက Camel and Vega စက်ရုံက ၃၅၃ ဦး၊ Rich Pine က ၁၄ ဦးနဲ့ Century Miracle က ၂၆ ဦး ပြန်စေလွှတ်မယ်လို့ သက်ဆိုင်ရာ စက်ရုံတွေဘက်က စာရင်းပေးပို့လာလို့ စုစုပေါင်း ၃၉၃ ဦးကို ပြန်နိုင်ဖို့ စတင်စီစဉ်နေပြီလို့ အစ္စရေးလ်ဆိုင်ရာမြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဒီအပေါ်မှာတော့ ဂျော်ဒန်ရောက် မြန်မာတွေဘက်က အမှန်တကယ်ပြန်လိုတဲ့ အလုပ်သမားဦးရေက ၈၀၀ ကျော်အထိရှိနေတဲ့အတွက် ဝင်ရောက်ကူညီပေးနေတဲ့ အစ္စရေးလ်သံရုံးအနေနဲ့ မြန်မာအလုပ်သမားတွေရဲ့ အခြေအနေမှန်ကိုသိရှိနိုင်ရေး အလုပ်သမားတွေနဲ့ တိုက်ရိုက်ဆက်သွယ်ပေးဖို့နဲ့ အလုပ်သမားတွေဘက်က သံရုံးနဲ့ တိုက်ရိုက်တင်ပြနိုင်ရေး တောင်းဆိုပါတယ်လို့ ဗွီအိုအေကိုပြောဆိုထားပါတယ်။ COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူ ၉ ဦးအထိရှိပြီး ကူးစက်ခံရသူပေါင်း ၁,၁၃၃ ဦးဝန်းကျင်အထိရှိတဲ့ ဂျော်ဒန်နိုင်ငံတွင်းမှာ ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်တဲ့အနေနဲ့ အထည်ချုပ်စက်ရုံအပါအဝင် လုပ်ငန်းခွင်တော်တော်များများ ရပ်နားထားချိန်ဖြစ်ပါတယ်။

................

(Unicode)





