ဝူဟန်ပြန် မြန်မာကျောင်းသားတွေ နေအိမ်ပြန်နိုင်ပြီ

နေရပ်ရင်း ပြန်ခွင့်ရသည့် ဝူဟန်ပြန်ကျောင်းသားများအား တွေ့ဆုံနှုတ်ဆက်နေသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး။ (ဖေဖော်ဝါရီ ၁၆၊ ၂၀၂၀၊ ဓာတ်ပုံ - ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)

(Zawgyi / Unicode)

ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ရာ ဝူဟန်ကနေ ပြန်လာတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ သူတို့ကိုသွားခေါ်ခဲ့တဲ့ လေယာဉ်မှူး လေယာဉ်ဝန်ထမ်းတွေ ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် စုစုပေါင်း ၇၁ ဦး စောင့်ကြည့်ကာလ ၁၄ ရက်ပြည့်သွားလို့ မန္တလေး ကန်တော်နဒီဆေးရုံကနေ ဒီကနေ့ နေရပ်ရင်းတွေ ပြန်ခွင့်ပြုလိုက်ပြီလို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက အတည်ပြုပါတယ်။ အခုနောက်ဆုံးအချိန်အထိ COVID-19 ကူးစက်ရောဂါ သံသယလူနာ တဦးတယောက်မှ မရှိတော့ဘဲ စောင့်ကြည့်လူနာကတော့ ၃၅ ဦးအထိ ရှိနေတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ရာ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကာကွယ်ကုသ စောင့်ကြည့်ပေးနေတဲ့ နောက်ဆုံးအခြေအနေတွေ သိရှိနိုင်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန တာဝန်ရှိသူကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံတဝှမ်း နေရပ်အသီးသီးကို ပြန်ကြပြီဖြစ်တဲ့ စောင့်ကြည့်သူတွေနဲ့ ပတ်သက်လို့ သိသင့်သိထိုက်တဲ့ ကျန်းမာရေးပညာပေး အချက်အလက်တွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက အခုလို စပြောပြပါတယ်။

ဝူဟန်ပြန်ကျောင်းသားများအား တွေ့ဆုံနှုတ်ဆက်နေသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး။ (ဖေဖော်ဝါရီ ၁၆၊ ၂၀၂၀၊ ဓာတ်ပုံ - ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)

ဒေါက်တာခင်ခင်ကြီး - “မန္တလေး ကန်တော်နဒီဆေးရုံမှာ Quarantine လုပ်ထားတဲ့ ဝူဟန်မြို့က ပြန်လာတဲ့ ကျောင်းသား ၅၉ ယောက်၊ သူတို့ကို စောင့်ကြပ် ကြည့်ရှုနေတဲ့ ကျန်းမာရေးဝန်ထမ်း ၃ ယောက်၊ ပေါင်း ၆၂ ယောက်၊ ပြီးရင် ရန်ကုန် ဝေဘာဂီဆေးရုံမှာ ကလေးတွေလိုပဲ စောင့်ကြပ် ကြည့်ရှုထားတဲ့ လေယာဉ်မောင်မယ်တွေနဲ့ အင်ဂျင်နီယာတယောက် ပေါင်း ၅ ယောက်၊ နောက်တခုက အိမ်မှာ Quarantine လုပ်ထားတဲ့ လေယာဉ်မှူးကြီး၊ လေယာဉ်ပိုင်းလော့နဲ့ နောက်ထပ် အင်ဂျင်နီယာ တယောက်၊ ၄ ယောက်ပေါ့နော် စုစုပေါင်း ၇၁ ယောက်ကို ဒီနေ့ Quarantine ကာလ ကုန်ဆုံးတဲ့အတွက်၊ ဒီကြားထဲမှာ သူတို့တွေ ဖျားတာ နာတာ ချောင်းဆိုးတာ မရှိတဲ့အတွက် စောင့်ကြည့်ကာလ ပြီးဆုံးသွားပါပြီ။ စောင့်ကြည့်ကာလ ပြီးဆုံးသွားတဲ့အတွက် သူတို့က သူတို့မြို့ရွာကို ပြန်လို့ရနေပါပြီ။

“ဒါကတော့ ကျမတို့ WHO Guideline အတိုင်းပဲ ဆောင်ရွက်တာ ဖြစ်ပါတယ်။ Quarantine နှစ်ပတ် စောင့်ကြည့်ရမယ်ဆိုပြီးတော့ Guideline ထဲမှာရှိပါတယ်။ ဒီ Quarantine စောင့်ကြည့်တယ် ဆိုတာက ရောဂါရေချိန်ပေါ် မူတည်ပြီးတော့ စောင့်ကြည့်တာ ဖြစ်ပါတယ်။ အခုဖြစ်တဲ့ Covid-19 က သူ့ရဲ့ Indication Period က ၂ ရက်က ၁၄ ရက် ဖြစ်ပါတယ်။ ဒါကြောင့် စောင့်ကြည့်ကာလကို ၁၄ ရက် စောင့်ကြည့်ရမယ်၊ Quarantine လုပ်ရမယ်ဆိုပြီး WHO က ပြောထားချက်အတိုင်းပဲ ကျမတို့ ဆောင်ရွက်ပါတယ်။ ဒီကြားထဲမှာ သူတို့ အဖျားရှိမရှိ၊ ချောင်းဆိုးရှိမရှိ ကျမတို့ သေချာ စစ်ဆေးပါတယ်။ မနေ့ညက အားလုံးစစ်ဆေးပြီးမှ ကင်းစင်ပြီ၊ အဖျားလည်း မရှိဘူး၊ ချောင်းဆိုးတာလည်း မရှိဘူးဆိုမှ ကျမတို့ ပြန်လွှတ်တာပါ။ သူတို့ ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်၊ Quarantine ကာလ ပြီးဆုံးကြောင်း ထောက်ခံချက်လည်း ပေးလိုက်ပါတယ်။ သူတို့ဆင်းတဲ့အခါမှာလည်း လိုအပ်တဲ့ ညွှန်ကြားချက်တွေဖြစ်တဲ့ ချောင်းဆိုး နှာချေရင် အုပ်ဆိုးဖို့၊ လူထူထပ်တဲ့အထဲ မသွားဖို့၊ နှာစေး ချောင်းဆိုးရင် ပြန်သတင်းပို့ဖို့၊ လက်ကို သေချာ စနစ်တကျ ဆေးဖို့၊ အစရှိသဖြင့် Guideline တွေအတိုင်းပဲ ကျမတို့ စနစ်တကျ စောင့်ကြည့်တဲ့ သဘောပါပဲ။”

မဆုမွန် - ဆရာမတို့ နောက်ဆုံးအခြေအနေ မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ စောင့်ကြည့်လူနာ၊ သံသယလူနာ နောက်ဆုံးစာရင်း ဘယ်လောက်များ ရှိနေပါသလဲ။

ဒေါက်တာခင်ခင်ကြီး - “အရင်တုန်းကတော့ သံသယလူနာ ၂ ယောက် ရှိခဲ့တယ်။ ဒါပေမယ့် သံသယလူနာ ၂ ယောက်လုံးရဲ့ အဖြေကလည်း Negative ဖြစ်သွားပြီဆိုတော့ သံသယလူနာ မဟုတ်တော့ဘူးပေါ့။ ကျမတို့ စောင့်ကြပ် ကြည့်ရှုပြီး Sample ရယူပြီးတော့ NHL (National Health Laboratory) ကိုပို့တယ်။ NHL ကနေပြီးတော့ Armed Forces Research Institute of Medical Science (AFRIMS) ကိုပို့တာ စုစုပေါင်း ၃၅ ယောက် ရှိပါတယ်။ ၃၅ ယောက်မှာ ၂၆ ယောက်က အဖြေ Negative ဆိုတာ ရပြီဖြစ်တဲ့အတွက် ၉ ယောက်ပဲ ကျန်ပါတော့တယ်။ ၉ ယောက်မှာ Research Institute of Medical Science ကိုပို့ထားပြီးသား ၅ ယောက်ရှိတဲ့အတွက် အဲဒီ ၅ ယောက်အဖြေကတော့ ကျမတို့ စောင့်နေတာပေါ့။ ၄ ယောက်ကတော့ ပို့ဖို့အတွက် ထပ်ဆောင်ရွက်နေပါတယ်။ အခုလက်ရှိမှာတော့ ၉ ယောက်ရှိပါတယ်။ ဒီနေ့အတွက်ကတော့ စောင့်ကြည့်လူနာ တယောက်တိုးပါတယ်။ ဒါကတော့ ကျမတို့ အသေးစိတ် သတင်းထုတ်ပြန်တဲ့အခါ ထည့်ပါမယ်။ သံသယလူနာ မဟုတ်ပါဘူး၊ စောင့်ကြည့်လူနာပါပဲ။”

မဆုမွန် - အဲတော့ သံသယလူနာကတော့ တယောက်မှမရှိဘူးပေါ့။

ဒေါက်တာခင်ခင်ကြီး - “မရှိပါဘူး။”

မဆုမွန် - အခုလက်ရှိ ကျောင်းသားတွေဆိုလည်း ပြန်ပို့ပေးနေပြီ၊ စောင့်ကြည့်တဲ့ လူနာတွေမှာလည်း တော်တော်များများ Negative ဖြစ်တယ်၊ ဆိုတော့ ပြည်သူလူထုကိုရော ဒီဟာနဲ့ ပတ်သက်ပြီး ဘာများ သတင်းစကား ပါးချင်ပါသလဲ။

ဒေါက်တာခင်ခင်ကြီး - “သူတို့ကျေးရွာ ရပ်ကွက် ပြန်ရောက်ပြီဆိုရင် ကျမတို့က ကျန်းမာရေးဌာနနဲ့ ကွန်ရက်ဆက်ထားပြီး ဖြစ်ပါတယ်။ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေါ့၊ ဖြစ်လို့ရှိရင် သတင်းပေးမှုကအစ ကျမတို့ ပြီးစလွယ်လုပ်တာ မဟုတ်ပါဘူး။ စနစ်တကျ အစီအမံတွေနဲ့ ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ တချို့တွေက ရန်ကုန်၊ တချို့က ပြည်၊ တချို့က မြစ်ကြီးနား ပြန်မယ့်လူတွေ ရှိပါတယ်။ အဲဒီအပိုင်းမှာ ကျမတို့က သူတို့တွေရဲ့ လိပ်စာတွေ ယူထားတယ်။ အဲဒီလိပ်စာတွေ အတိုင်းပဲ ကျမတို့ သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနကို ချိတ်ဆက်ပြီးတော့ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးမှာဖြစ်ပါတယ်။ ပြည်သူလူထု အနေနဲ့ကတော့ ကိုယ့်နိုင်ငံသားတွေကို ပြန်ခေါ်လာပြီး သူတို့ကို သေချာ စောင့်ကြည့်နိုင်ခဲ့တယ်။ စောင့်ကြည့်ကာလမှာ သူတို့ ဘာမှ ရောဂါမဖြစ်ဘူး၊ ရောဂါကင်းစင်တယ်၊ ဒါက ပြည်သူပြည်သားတွေ အားလုံး ဝမ်းသာစရာပါပဲ။ အဓိကတော့ ပြည်သူလူထုကို သတင်းအမှား မယုံဖို့၊ သတင်းအမှားတွေကို မ Share ဖို့အတွက် အရေးကြီးပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ သတင်းအမှန်တွေကို အချိန်နဲ့တပြေးညီ တင်ပါတယ်။ ဒါတွေကို စောင့်ကြည့်ပေးပါလို့ ပြောကြားလိုပါတယ်။”

ဒေါက်တာခင်ခင်ကြီး ပြောသွားတာ ဖြစ်ပါတယ်။

------------------------------------

(Unicode)














Your browser doesn’t support HTML5

ဝူဟန်ပြန် မြန်မာကျောင်းသားတွေ နေအိမ်ပြန်နိုင်ပြီ