မဲဆောက်အမှိုက်ပုံ တဲထိုးနေထိုင်သူ မြန်မာ ၈၀ကျော်ကို ထိုင်းရဲဖမ်းဆီး

မဲဆောက်အမှိုက်ပုံတွင် မြန်မာကလေးငယ်များ ကိုတွေ့ရစဉ်(၂၀၁၂၊ မတ်လ)

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၊ မယ်ပရပ်ကွက်ထဲက မြန်မာနိုင်ငံသားအများစုနေထိုင်ရာ အမှိုက်ပုံကြီးရှိတဲ့နေရာနဲ့ မကြာ သေးခင်က မြန်မာနိုင်ငံသား မိသားစုလေးဦး အသတ်ခံရတဲ့ဖြစ်ရပ် ဖြစ်ခဲ့တဲ့ ထစိုင်လွတ်နေရာတွေကို ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်စ်နေ့မှာ ထိုင်းအာဏာပိုင်တွေ ပိတ်ဆို့ရှာဖွေပြီး တရားမဝင်နေထိုင်သူ ၉၀ နီးပါးကို ဖမ်းဆီးသွားပါတယ်။ မဲဆောက်မြို့မှာ ရာဇဝတ်မှုတွေ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေနဲ့ လူကုန်ကူးမှုတွေ စတဲ့မှုခင်းတွေကို ဖြေရှင်းဖို့ ထိုင်း ဒုတိယရဲချုပ်နဲ့ ဒေသ ဆိုင်ရာတာဝန်ရှိသူတွေရဲ့ အရေးပေါ်အစည်းအဝေးတခုကိုလည်း လုပ်ခဲ့ကြပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မဲဆောက်မြို့နယ်အတွင်းမှာ ဆိုးရွားတဲ့လူသတ်မှုတွေဖြစ်ထားတာ၊ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေ မူးယစ်ရာဇာတွေနဲ့ ဆက်နွယ်သူတွေ ပုန်းခိုနေကြတာ၊ တရားမဝင် စီးပွားရေးလုပ်ငန်းတွေကို တရုတ်နိုင်ငံသားတွေ အုပ်စုလိုက် လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေကြတာတွေကို အပြတ်ရှင်းလင်းနိုင်ဖို့ ထိုင်းလုံခြုံရေးကောင်စီက ဒုရဲချုပ် ချလန်ကရက်စီဝါရာခံ ကိုယ်တိုင် ဆင်းလာပြီး တာ့ခ်ရိုင်ဒေသတွင်းက အဆင်မြင့်အရာရှိတွေနဲ့အတူ ဒီရက်ပိုင်းမှာပဲ အရေးပေါ် အစည်းဝေးလုပ်ခဲ့တာပါ။

အဲဒီနောက်မှာတော့ မြန်မာမိသားစုလေးဦး သတ်ဖြတ်ခံခဲ့ရတဲ့လူသတ်မှု ဖြစ်ပွားခဲ့တဲ့နေရာနဲ့ မဲဆောက်တမြို့လုံးက အမှိုက်တွေ စုပုံစွန့်ပစ်ရာနေရာဖြစ်တဲ့ အမှိုက်ပုံမှာနေထိုင်ပြီး ရှာဖွေစားသောက်နေကြတဲ့ တရားမဝင် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေကို ပိတ်ဆို့ဖမ်းဆီးခဲ့တဲ့အကြောင်း မယ်ပရပ်ကွက်မှာ နေထိုင်နေသူတဦးက ပြောပြပါတယ်။

"အမှိုက်ပုံမှာတော့ ဒီနေ့ အယောက် ၈၀ကျော်အဖမ်းခံရတယ်။ အရင်တုန်းကလည်းသူတို့အဲဒီနေရာမှာ မနေအောင်ဖယ်ထားတာပဲ ။ မရဘူး စိုက်ပျိုးရေးနေရာတွေလည်းသွားပို့တယ်၊ မရဘူး။ အဲဒီ နေရာပဲ သူတို့ပြန်လာကြတာပဲ။ အဲဒီ နေရာမှာပဲနေကြတယ်။ အမှိုက်ကနေ ပလပ်စတစ်တွေရတယ်၊ ကော်ခွက်တွေရတယ်၊ စားစရာဆိုရင် ငါးပိ၊ ငါးခြောက်၊ ခရမ်းချဉ်သီးတွေလို အမှှိုက်တွေရတာတွေကို ပြန်သန့်စင်ပြီး စားကြတယ်။ အဲဒီအမှိုက်ပုံနဲ့ နီးစပ်တဲ့နေရာတွေမှာပဲ သူတို့နေကြတာပဲ"

တရားမဝင် မြန်မာနိုင်ငံသား စုစုပေါင်း ၈၇ ဦး ဖမ်းဆီးခံခဲ့ရတာပါ။ ထစိုင်လွတ်ရပ်ကွက်ကတော့ မြန်မာမိသားစုဝင် ၄ ဦး အသတ်ခံရတဲ့နေရာဖြစ်ပြီး အဲဒီလူသတ်မှုအတွက် သံသယရှိသူတွေကိုတော့ ထိုင်းနဲ့ မြန်မာအာဏာပိုင်တွေက ဖမ်းမိထားပါပြီ။

မယ်ပ အမှိုက်ပုံမှာ မြန်မာနိုင်ငံသားတွေ တဲထိုးနေထိုင်ကြတဲ့အတွက် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါတွေ ဖြစ်ပွားလာတာ၊ ရာဇဝတ်မှုတွေ များလာနေတာဟာ ဒေသခံကျေးရွာသားတွေအတွက် အန္တရာယ်ဖြစ်လာနေတာကြောင့် ရှင်းလင်းခဲ့ရတာ ဖြစ်တယ်လို့ မဲဆောက် လူဝင်မှုကြီးကြပ်ရေး ဦးစီးအရရှိ မာန ရသန ပရထစ်က ပြောသွားပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ၅ သိန်းထက်မနည်း နေထိုင်လုပ်ကိုင်နေတဲ့ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ဟာဖြင့် မြန်မာ နိုင်ငံသားအများစု အဝင်အထွက်လုပ်တဲ့ နှစ်နိုင်ငံနယ်စပ် အဓိကနေရာတခုဖြစ်သလို တရားမဝင်နေထိုင်သူ သိန်းနဲ့ချီပြီး ရှိနေ တာပါ။ အဲဒီထဲက အများစုဟာ ကြုံရာကျပမ်းအလုပ်တွေ၊ စိုက်ပျိုးရေးလုပ်ငန်းနဲ့ အထည်ချုပ်စက်ချုပ် လုပ်ငန်းတွေမှာ လုပ်ကြ တာများပါတယ်။

အခု အဖမ်းအဆီးတွေဟာ တရားမဝင်နိုင်ငံခြားသား ကင်းစင်ရေးအတွက် လုပ်ဆောင်တာဖြစ်သလို မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုခင်းတွေ ကျဆင်းအောင် ရည်ရွယ်လုပ်ဆောင်တာ ဖြစ်တယ်လို့လည်း ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။

မကြာသေးခင်တုန်းကပဲ မဲဆောက်မြို့က မူးယစ်ရာဇာလို့ ထင်ရှားသူတဦးရဲ့နေအိမ်ကို ဝင်ရောက်ရှင်းလင်းတာမှာ မူးယစ်ဆေးဝါး သိုလှောင်တဲ့နေရာတွေနဲ့ မြေအောက်လိုဏ်ခေါင်းတွေကို တွေ့ရှိခဲ့ပြီး မူးယစ်ရာဇာကတော့ တိမ်းရှောင်သွားတယ်လို့ဆိုပါတယ်။ အဲဒီ မူးယစ်ရာဇာဟာ ထိုင်း၊ မြန်မာ နှစ်နိုင်ငံစလုံးရဲ့ နိုင်ငံသားအသိအမှတ်ပြု လက်မှတ်တွေ ကိုင်ဆောင်ထားတယ်လို့ ထိုင်း အာဏာပိုင်တွေကပြောပြီး သူ့ရဲ့ပိုင်ဆိုင်မူတွေကို သိမ်းဆည်းခဲ့သလို့ သူရဲ့ အဓိကလက်ထောက်တွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ ထွက်ပြေးတိမ်းရှောင်သွားတဲ့ အဲဒီမူးယစ်ရာဇာဆိုသူကိုတော့ ဖမ်းဝရမ်းထုတ်ထားဆဲဖြစ်ပါတယ်။

Your browser doesn’t support HTML5

မဲဆောက်အမှိုက်ပုံ တဲထိုးနေထိုင်သူ မြန်မာ ၈၀ကျော်ကို ထိုင်းရဲဖမ်းဆီး