လွိုင်ကော်ကနေ မန္တလေးကိုသွားတဲ့ကားတစီးအပေါ်မှာ သယ်ဆောင်လာတဲ့ လက်နက်တွေကိုမနေ့ညက မန္တလေးတိုင်းဒေသကြီး သာစည်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ သေနတ် ၂၂လက်အပါအဝင် လက်နက်နဲ့ငွေသားတွေကို သယ်ဆောင်လာသူနှစ်ဦးကို မိတ္ထီလာအကျဉ်းထောင်မှာဖမ်းဆီးထားပါတယ်။ သတင်းအပြည့်အစုံကို မေခကပေးပို့ထားပါတယ်။
သာစည်မှာမနေ့ညက မိတ္ထီလာကားလမ်းမ ကျွဲတပ်ဆုံ တိုးဂိတ်အနီး လွိုင်ကော်မှ မန္တလေးသို့ သွားတဲ့ကားပေါ်မှာ အခုလို လက်နက်တွေသိမ်းဆည်းရမိတာ ဖြစ်ပါတယ်။ ယာဉ်ပေါ်ပါသူ လင်မယားနှစ်ဦးကို ခုချိန်မှာဖမ်းဆီးထားတာပါ။ ဖမ်းဆီးရမိတဲ့ လက်နက်တွေဟာ ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ သယ်ဆောင် လာတာဖြစ်ပြီး အခုသယ်တာက တတိယအကြိမ်ဖြစ်ကြောင်းနိုင်ငံတော်အတိုင်ပင်ခံရုံးက ကြေညာချက်ထုတ်ပြန်ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် တစ်ကြိမ်၊ ဧပြီလတွင် တစ်ကြိမ်သယ်ယူခဲ့ပြီး အခုဖမ်းဆီးရမိတဲ့ အကြိမ်က တတိယအကြိမ်ဖြစ်ပါတယ်။ အခုလိုဖမ်းဆီး ရမိတာနဲ့ ပတ်သတ်ပြီး နိုင်ငံတော်သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ခုလိုပြောပြတာပါ။
“ စစ်ဆေးဖော်ထုတ်ချက်အရ ဒါကသူတို့အတွက် တတိယအကြိမ်မြောက်ပို့တာလို့ပြောတယ်။ ပို့တာကိုဆက်ပြီးစစ်ကြောဖော်ထုတ်နေပါတယ်။ အဲလောက်ဘဲပြောလို့ရမယ်။ ကျနော်တို့ကဆက်လက်ဖော်ထုတ်နေတဲ့အဆင့်ဖြစ်တယ်အဲဒါတွေကိုပြောလိုက်ရင် အဲဒါတွေလွတ်သွားမှာကြောက်လို့ကျနော် တို့မပြောသေးတာ”
ဒီလက်နက်တွေဟာ အိန္ဒိယနိုင်ငံဆီ ကို သယ်ဆောင်တာဖြစ်နိုင်တယ်ဆိုတဲ့ လုံခြုံရေးတာဝန်ရှိသူအချို့က ယူဆချက်တွေ ရှိနေပါတယ်။ ဒီသတင်းတွေနဲ့ပတ်သတ်လို့ ဦးဇော်ဌေးက အခုလိုပြောပါတယ်။
“ ဒီကောင်ကနည်းနည်းလေး complicated ဖြစ်တယ်။ နံပါတ် ၁ဒီကိစ္စ။ ဒီရလာတဲ့ source ပေါ့။ လက်နက်တွေကိုကြည့်လိုက်ရင် ဘယ်လိုက နေဘယ်လိုဒီထဲကိုရောက်လာတာလဲဆိုတာ နည်းနည်းလေးဒီနေရာမှာ နည်းနည်းလေးအရှုပ်အထွေးလေးတွေရှိတယ်။ အဲအရှုပ်အထွေးလေးတွေလဲကျနော် တို့ရှင်းရမယ်။ အဲဒါလေးတွေလည်းကျနော်တို့လုပ်နေတယ်။ နောက်တချက်က အဲဒီကနေပို့ဆောင်မှုပေါ့နော် အဲဒီမှာလက်ခံမယ့်သူကဘာရည်ရွယ်ချက်နဲ့ ပို့ ဆောင်တာလဲ တတိယအကြိမ်တောင်ရောက်နေပြီ ဘာအတွက်လဲ ဘယ်သူတွေလဲဆိုတာဖော်ထုတ်နေတယ်။ လတ်တလောကတော့ အသေးစိတ်တော့ပြောကြားနိုင်ခြင်းမရှိသေးဘူးပေါ့။ အဲဒါတော့ပြောနိုင်တယ်”
ဖမ်းဆီးရမိတဲ့ ကားပေါ်ကနေ ထိုင်းနိုင်ငံမှ ထုတ်လုပ်ပြီး သေနတ် ကိုယ်ထည်တွင် ထိုင်းစာ အမှတ်အသားများပါဝင်သည့် မောင်းပြန်သေနတ် အလက်၂၀ ကျည်အိမ် အခု ၂၀ ခု၊ဂျာမနီနိုင်ငံထုတ် ကျည်အိမ်မပါသော AK- 47 သေနတ် ၂ လက်၊ ငွေသား ၈ သိန်းကျော်နဲ့ ဖုန်း ၃ လုံးကို သိမ်းစည်း ရမိထားတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ လက်နက်တွေ သယ်ဆောင်လာတဲ့ လင်မယား၂ဦးကို လက်နက်အက်ဥပဒေပုဒ်မ ၁၉ (၁) က အရ အမှုဖွင့်ဖမ်းဆီးထားပါ တယ်။
လက်နက်တွေသယ်ဆောင်လာတဲ့ နေစိုးထွေးမင်းနဲ့ ဇနီးဖြစ်သူတို့ကိုဆက်လက် စစ်ဆေးရာမှာတော့ မန္တလေးမြို့အောင်မြေ သာစံမြို့နယ် အင်းလေး တည်းခိုခန်းတွင် တည်းခိုနေသော ကလေးမြို့ တာဟန်းရပ်ကွက်နေသူကျုံလျန်ဆန်း(ခ)မောရာက ပို့ဆောင်ခငွေကျပ်(၁၅)သိန်းပေးတာမို့ သယ်ဆောင် လာခြင်းဖြစ်တယ်လို့သိရပြီး သယ်ခိုင်းသူ ကျုံလျန်ဆန်း(ခ)မောရာကို လည်း ထပ်မံဖမ်းဆီးထားတယ်လို့ ကြေငြာချက်မှာဖော်ပြထားပါတယ်။ ဒါ့အပြင် လက်နက်တွေသယ်လာသူ နေစိုးထွေးမင်းရဲ့ လွိုင်ကော်က နေအိမ်ကို ဆက်လက် ရှာဖွေရာမှာ လက်နက်နဲ့ ဆက်နွယ် တဲ့ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေက ိုထပ်မံရရှိထားပါတယ်။
အမှုနဲ့ပတ်သတ်လို့ သက်ဆိုင်ရာသာစည်ရဲစခန်းကို မေးမြန်းရာမှာ စစ်ဆေးမေးမြန်းဆဲဖြစ်ကြောင်း အဲဒီစခန်းက တာဝန်ရှိသူကခုလိုပြောပါတယ်။
“အဲကိစ္စတွေက ခုချိန်ထိဖြေလို့မရသေးပါဘူး။ ပြောလို့မရသေးပါဘူးခင်ဗျာ။ သည်းခံပါနော် ဖြေလို့မရသေးလို့ပါ”
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဇွန်လကလည်း မန္တလေး မှာတရားမဝင်လက်နက် ပစ္စတိုနှင့် ခြောက်လုံးပြူး သေနတ်အလက် ပေါင်း ၄၀ ကျော်သယ်ဆောင် တာကို ဖမ်းဆီးရရှိထားခဲ့ဖူးပါ တယ်။ တည်ဆဲလက်နက်အက်ဥပဒေပုဒ်မ ၁၉(က)ကတော့ ထောင်ဒဏ် ၃ နှစ်အထိ ချနိုင်ပါတယ်။ ဒါ့အပြင် ထောင်ဒဏ်(သို့)ငွေဒဏ်(သို့မဟုတ်) ဒဏ်နှစ်ရပ်စလုံးချမှတ်ရနိုင်တယ်လို့ တည်ဆဲလက်နက် အက်ဥပဒေမှာဆိုထားပါတယ်။
Your browser doesn’t support HTML5