ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်သူမြင့်တက်နေလို့ နယ်စပ်တွေကိုလုံခြုံရေးတင်းကျပ်ထားချိန်မှာပဲ မြန်မာနိုင်ငံဘက်ကနေ ကန်ချနဘူရီ၊ တာ့ခ်နဲ့ ချင်းမိုင် စတဲ့ နယ်စပ်ပြည်နယ်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေ ဆက်ပြီးရှိနေပါတယ်။ ဒီရက်ပိုင်းမှာပဲ တရားမဝင် ဝင်လာသူ မြန်မာနိုင်ငံသား ၁၀၀ ကျော်လောက်နဲ့ လူကုန်ကူးသူ ၁၀ ယောက်ထက်မနည်း ထိုင်းနယ်ခြားစောင့်တာဝန်ရှိသူတွေ ဖမ်းဆီးခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက ပြောပြပေးမှာပါ။
ထိုင်းနိုင်ငံထဲမှာ ကိုဗစ်ကပ်ရောဂါကူးစက်သူတွေ မြင့်တက်နေလို့ နယ်စပ်ဂိတ်တွေကနေ အဝင်အထွက်ပိတ်ထားချိန်မှာ ထိုင်း မြန်မာနယ်စပ်ဒေသတွေကနေ တရားမဝင် ဝင်ရောက်လာသူတွေ ဆက်ပြီးရှိနေတာဖြစ်ပါတယ်။ ကန်ချနဘူရီပြည်နယ်ထဲမှာ နောက်ဆုံးဖမ်းမိသူ ၁၃ ယောက်အပါအဝင် အခုရက်ပိုင်းအတွင်း စုစုပေါင်းဖမ်းမိသူ ရာဂဏန်းလောက်ရှိနေတယ်လို့ AAC အလုပ်သမားကူညီရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက အခုလိုပြောပါတယ်
"မနေ့ကဆိုရင် ထိုင်းနိုင်ငံကန်ချနဘူရီမှာ မြန်မာနိုင်ငံသား ၁၃ဦးကိုဖမ်းမိပါတယ်။ တောထဲမှာကားတွေလာခေါ်မယ့်အချိန်ကိုပုန်းပြီးစောင့်နေချိန် ကျေးရွာအုပ်ချုပ်ရေးမူးက သတင်းပေးလို့ဖမ်းမိတာပါ အမျိုးသား ၈ ယောက်နဲ့အမျိုးသမီး ၅ယောက်လို့သိရပါတယ် ပဲခူးတိုင်းကနေ လာကြတဲ့ အလုပ်သမားတွေပါ လမ်းပြကိုစောင့်နေရင်းနဲ့အဖမ်းခံရတာပါ ဒီရက်ပိုင်းမှာပဲ လူပေါင်း ၁၀၀ကျော်လောက်ဖမ်းမိပါတယ် လူပွဲစားကတော့ ၁၀ဦးလောက် အရေးယူခံရတယ် အဲဒီထဲကနေ နယ်စပ်က သူတို့နဲ့ဆက်စပ်တဲ့လူပွဲစားတွေ ထိုင်းတွေကောမြန်မာတွေကောပါတယ်။ သူတို့ကိုလိုက်လံဖမ်းဆီးဖို့ဖမ်းဝရမ်းထုတ်ထာတယ်လို့ကန်ချနဘူရီ လူကုန်ကူးမူ့တိုက်ဖျက်ရေးရဲတပ်ဖွဲ့ကလည်းပြောထားပါတယ်။"
မြန်မာနိုင်ငံမှာနိုင်ငံရေးမတည်ငြိမ်မူတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတွေရော စီးပွားအရေးအခြေအနေတွေကြောင့် ထိုင်းနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းရှာလိုသူတွေပါ လူမှောင်ခိုသမားတွေကို အခကြေးငွေပေးပြီး ဝင်လာကြတာဖြစ်တယ်လို့လည်း ကိုရဲမင်းကပြောပြပါတယ်။
"သူတို့ကနေ လူမှောင်ခိုပွဲစားတွေကိုတဦးကိုထိုင်းဘတ်ငွေ ၂သောင်းကနေ ၂ သောင်းခွဲထိလူကယ်ရီခတွေပေးပြီးဝင်လာရတယ် တချို လည်း ဖမ်းဆီးခံရသူတွေရှိသလို လွတ်သွားတဲ့သူတွေလည်းရှိတယ်။"
ထိုင်းနိုင်ငံထဲကို မြန်မာနိုင်ငံအပြင် ထိုင်းနဲ့နယ်စပ်ချင်းကပ်နေတဲ့ လာအို၊ ကမ္ဘောဒီးယားနိုင်ငံနယ်စပ်တွေဘက်ကလည်း ခုလို တရားမဝင် ဝင်ရောက်နေသူတွေရှိပါတယ်။ အခုဇူလိုင်လအတွင်း တရားမဝင် ခိုးဝင်လာလို့ ဖမ်းမိသူ ၄ ထောင်ထက်မနည်းရှိနေပြီး အများစုက မြန်မာနိုင်ငံက ဖြစ်ကြပါတယ်။ ထိုင်းနိုင်ငံထဲမှာ မြန်မာနိုင်ငံက တရားဝင်ကော၊ တရားမဝင်ပါ ရွေပြောင်းအလုပ်သမားအဖြစ် လာရောက် အလုပ်လုပ်နေကြသူ ၃ သန်းထက်မနည်း ရှိပါတယ်။
Your browser doesn’t support HTML5
----------------------------------------------------------